Wednesday, July 17, 2013

လောကီ အကျိုးစီပွား နှင့် လောကုတ္တ၇ာ ချမ်းသာေ၇း အတွက် မိတ်ဆွေကောင်းနှစ်မျိုး



ယနေ့ ကမ္ဘာ့လူသား အပေါင်း တို့သည် အသိပညာနှင့် အတတ်ပညာများ တိုးတက်လာ သည်နှင့် အမျှ လူ အချင်းချင်း ဆက်ဆံရေး သည်လည်း ပို၍ ပို၍ နက်ရှိုင်း လာခဲ့သည်။ လူ အချင်း ချင်း ပေါင်း သင်း ဆက်ဆံရေးကို အခိုင်မြဲဆုံး ဖွဲ့နှောင် ထားသည် မှာ မေတ္တာ ပင် ဖြစ် သည်။ 

 မေတ္တာဖြင့် ပေါင်းသင်း ဆက်ဆံတတ်သူကို မည်သူမျှ အဆက်မဖြတ် လိုကြဘဲ ဝေးနေ သည့် တိုင်အောင် တွေ့လိုမြင်လို အားထားလိုသော ဆန္ဒဖြင့် တမ်းတနေ ကြမည် ဖြစ်သည်။


မေတ္တာသမား အများစုသည် အနစ်နာခံ တတ်ကြသူများ ဖြစ်ခြင်းကြောင့် မေတ္တာတရား အမြဲ ထားသူသည် အရှုံးနှင့်သာ ကြုံတွေ့ရမည်ဟု ဆိုကြပြန်သည်။ မေတ္တာသည် မိမိထား နိုင်သည့် အတိုင်း အတာ အတွင်း၌သာ ပုံမှန်ထား ရမည်ဖြစ်ရာ အစွန်းရောက်သည် အထိ မေတ္တာ ထားလွန်း သူများအဖို့ လောကီအမြင်တွင် အရှုံးနှင့်သာ ရင်ဆိုင် ရမည်ဖြစ်သည်။ 


 မေတ္တာ တရားသည် သတ္တဝါအားလုံးအပေါ် ချစ်ခင် စာနာ စိတ်ဖြင့် အကျိုး စီးပွား ကိုလို လား သည့် သဘော တရား ဖြစ်သည်။ မေတ္တာသည် ပါရမီဆယ်ပါးတွင် တစ်ပါး အပါ အဝင် ဖြစ်သော် လည်း သံသရာ မှ လွတ်မြောက် နိုင်သည့် ပညာ ပါရမီကဲ့သို့ အမြင့်ဆုံး အထွတ် အထိပ် မဟုတ်ပေ။

 မေတ္တာ ၏ အကျိုးအာနိသင် များမှာ ချမ်းသာစွာ အိပ်ရခြင်း၊ ချမ်းသာစွာ နိုးရခြင်း၊ မကောင်းသော အိပ်မက် များ မမြင်မက်ခြင်း၊ လူတို့ ချစ်ခင်ကြခြင်း၊ နတ်တို့ ချစ်ခင်ကြခြင်း၊ နတ်တို့ က စောင့်ရှောက်ခြင်း ၊ မီးဘေး အဆိပ်ဘေးနှင့် လက်နက် ဘေးတို့ မထိရှခြင်း၊ စိတ်တည်ကြည်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ မတွေမဝေ သေရခြင်း၊ နောက်ဆုံးအဆင့် မဂ်ဥာဏ် ကို ထိုးထွင်း သိမြင် နိုင်ခြင်းတို့ဖြစ်သည်။
လူသည် ကိုယ့် အကျိုးစီးပွားကို အကြိမ်ပေါင်းများ စွာ မည်မျှဆောင် ကြဉ်းခဲ့သည်ဖြစ်စေ မိမိ အကြိုက် တစ်ကြိမ် တစ်ခါ မလိုက်လျော သည်နှင့် ရန်သူ သဖွယ် သဘောထားတတ် ကြပြန် သည်။ 

အခက်အခဲ တွေ့စဉ်၊ ဒုက္ခရောက်စဉ်၊ စိတ်ဓာတ်ကျနေစဉ် အတွင်း ကြိမ်ဖန်များစွာ ကူညီ ခဲ့ဖူး သော်လည်း တစ်ကြိမ်တစ်ခါ မလိုက်လျောမိလျှင်မူ ရန်သူသဖွယ် သဘော ထားတတ်ကြ သည်။ ထို့ကြောင့် လူ့အကြိုက်ကို နတ်မလိုက်နိုင်ဟု ဆိုကြ ခြင်းဖြစ်သည်။ 

လူ့ သဘော လူ့မနောသည် နားလည်ရန် ခက်ခဲခြင်းကြောင့် လူသာမန် အများစု၌ ထိုကဲ့သို့ စိတ် သဘော ရှိကြ သည်မှာ အပြစ်တင် ရန်မလိုပေ။ လူအချင်းချင်း ကြင်နာစိတ်၊ ကရုဏာစိတ်၊ စာနာစိတ်၊ အချင်းချင်း ကူညီရိုင်းပင်း စိတ်များ ကင်းမဲ့သွားလျှင် သူတစ်ပါးအပေါ် မုဒိတာပွားလို စိတ် များ မဖြစ်ပေါ် နိုင်တော့ပေ။
လူ့လောက သည် အကောင်းနှင့် အဆိုး ဒွန်တွဲလျက် ရှိနေခြင်းကြောင့် ကောင်းသူများရှိသလို မကောင်း သူများလည်း ရှိမည်။ ကောင်းသော မိတ်ဆွေ၊ ကောင်းသော လုပ်ဖော်ကိုင်ဖက် ရှိသည့်နည်း တူ မကောင်းသော မိတ်ဆွေ၊ မကောင်းသော လုပ်ဖော် ကိုင်ဖက် တွေ လည်း တွေ့ရမည်။ 

မိမိ အကျိုး ရလဒ်ကို အဟန့် အတား ပြုသူနှင့် မိမိအား စိတ် အနှောင့် အယှက် ဖြစ်စေ သူတို့ကြောင့် လူအားလုံး မကောင်းဟု ညည်းညူနေရန် မသင့်ပေ။

 မိမိဖြတ် သန်း ခဲ့ရသော ဘဝခရီး တစ်လျှောက်တွင်  ယခုအသက်  အရွယ်အထိ မိတ်ဆွေ ကောင်း မည်ရွေ့ မည်မျှ ရှိခဲ့သည်ကို ပြန်လည် ဆန်းစစ်ကြည့် ပါက သိနိုင်ကြ မည် ဖြစ် သည်။ 

သူတော်မှ ကိုယ်ကောင်း မဖြစ်စေဘဲ ကိုယ်ကောင်းမှ သူတော်မည်ကို သတိပြုကြရန်နှင့် သူတော် ၍ ကိုယ်ကောင်းပြီး ကိုယ်တော်၍ ကိုယ်ကောင်းမှသာ ဘဝခရီး ဖြောင့်ဖြူးမည်ဟု ပညာရှိများ မိန့်မှာ ခဲ့ကြသည်။
 
သို့ဖြစ်၍ လူအချင်းချင်း ပေါင်းသင်း ဆက်ဆံရေးတွင် လောကသားများ၏ အကျိုးစီးပွား ကို ဖြစ်စေ တတ် သည့် လောကီ ဗဟုသုတ အကြား အမြင်ကို ပေးသော  မိတ်ဆွေနှင့် လောကုတ္တရာ အတွက် ချမ်းသာနိုင် သည့် လောကုတ္တရာ ဗဟုသုတ အကြားအမြင်ကို ပေးသော မိတ်ဆွေ ဟူသော မိတ်ဆွေကောင်း နှစ်မျိုးကိုသာ မေတ္တာထား၍ ရှာဖွေပေါင်းသင်း ဆက်ဆံ ကြရ မည် ဖြစ်ပေသည်။   ။
                      
FROM... မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်.

No comments:

Post a Comment