Monday, July 15, 2013

ဘာကြောင့်ဘဲ ဖြစ်ဖြစ် သတိ ထားနိုင်ကြ၇င် အကောင်းဆုံးပါ....


နိုင်ငံကျော်တေးသံရှင် ဆိုတေး အမြန်လမ်းပေါ် ကားအက်ဆီးဒင့် ဖြစ်တဲ့သတင်းနှင့်အတူ ယခု တလော ခပ်စိပ်စိပ် ဖြစ်လာတဲ့ အက်ဆီးဒင့်တွေကြောင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးရဲ့ အရည်အသွေးကို လူအများက မေးခွန်းထုတ်စရာ ဖြစ်လို့လာပါတယ်။


မည်သို့ ဆိုစေ? လမ်းဟောင်းက သွားမလား? ဒီအမြန်လမ်းပေါ်က သွားမလား ? ဆိုရင်တော့ (၁၀၀)မှာ (၉၉)ယောက်က ဒီအမြန်လမ်းပေါ်က သွားဘို့ဘဲ ရွေးချယ်ကြမှာပါဘဲ။ ထိုသို့ရွေးချယ် သူများ အတွက် ယာဉ်မောင်းစဉ် သတိထား သင့်သော အချက်(အချို့) ကို ဝေမျှလိုပါသည်။




(၁) လမ်းသည် အဆင့်မီ အမြန်လမ်းတစ်ခု၏ အကျယ်အ၀န်း မရှိကြောင်း သိရှိပြီးဖြစ်ပါ လိမ့်မည်။ 


 ထို့ကြောင့် ကားကျော် တက်စဉ် အထူး သတိထားရန် လိုပါသည်။ မြန်နှုန်းမြင့် မောင်းနှင်နေ စဉ် တွင် ကားကျော် ပါက မြို့တွင်း လမ်းများကဲ့သို့ စတီယာရင် ချိုးကွေ့၍ ကျော်တက်လို့ မရပါ။ တစ်ဖြည်းဖြည်းချင်း တိမ်း ကာကျော်ရခြင်းဖြစ်သည်။
 

ထို့ကြောင့် မိမိမှ ကျော်တက်လိုလျှင်-

(a)ကျော်တက် မည့် ယာဉ်ကြော ကို ကြို၍ နေရာယူပါ။

(b) မိမိရှေ့မှ ကားသည် မိမိကျော်တက် လိုသည့် အကြောင်း သိရှိပါစေ။

(c) အကွေ့ တွင် မကျော်တက် ပါနှင့်။

(d) ယာဉ်ကြီးများ အား ကျော်တက်စဉ် စတီယာရင် အား မြဲမြံစွာ ကိုင်တွယ်ထားပါ။ ကားကြိးများ မှ ဖြစ်ပေါ်လာသော လေအားကြောင့် သင်၏ ယာဉ် ယိမ်းခါ သွားနိုင်ပါ သည်။     


   နောက်ကား မှ ကျော်တက်စေရန်

(a) လမ်းကြောသည် အကွေ့အကောက် မရှိသော လမ်းဖြစ်ရပါမည်။

(b) ယာဘက်သို့ တတ်နိုင်သလောက် ကပ်ထားပေးပါ။

(c) ကျော်တက်ရန် မီးဖြင့် အချက်ပြပါ။

(d) မိမိအားကျော်တက်ခွင့်သာစေရန် နှင့် မြန်မြန်ကျော်နိုင်စေရန် မိမိ၏ ယာဉ်သွားနှုန်းအားလျော့ချပေးပါ။

(၂) ယခုလို မိုးတွင်း အခါ နှင့် ည အချိန်များတွင် မောင်းနှင်သည့် အခါ

(a) မိမိကားရှေ့ တွင် မိမိ ထက် မီးကောင်း၍ မိမိ ယာဉ်သွားနှုန်းနှင့် မတိမ်းမယိမ်းရှိသော ယာဉ်တစ်စီး အား ရှေ့ပြေးတင်ထားပါ။ ၄င်း၏ မီးနှင့် မိမိယာဉ် ၏ မီး ပေါင်းသော် မြင်နိုင် စွမ်းသော အကွာအဝေးသည် (၂)ဆ ဖြစ်လာပါသည်။

(b) အရမ်း လည်း မကပ်ပါစေနှင့်။ ၄င်းအက်ဆီးဒင့်ဖြစ်လျှင် ကိုယ်ရှောင်တိမ်း (သို့) ရပ်တန့်ရန် လုံလောက်သော အကွာအဝေး အထိ ခွာထားပါ။

(c) ရေအိုင် (သို့) အခြား အဟန့်အတား များကို မိမိ မဖြတ်သန်းခင် ၄င်းဖြတ်သန်းသည် ကို လေ့ လာ၍ ကြိုတင် ကာကွယ်နိုင်ပါသည်။ ဥပမာ- ကားလမ်း ယာဘက်ခြမ်း တွင် အိုင်နေသော ရေအိုင် အား ၄င်းဖြတ်သန်း သွားပါက မိမိက ၀ဲဘက် ယာဉ်ကြော သို့ ပြောင်း လဲ မောင်းနှင် ကာ ရှောင်ရှားနိုင်ပါသည်။

(၃) တံတားများ ကို ဖြတ်သန်းတိုင်း အရှိန်လျှော့၍ ဖြတ်သန်းပါ။ တံတားနှင့် လမ်း အဆက်တွင် မညီညာ မှုကြောင့် ယာဉ်တည်ငြိမ် မှု ထိခိုက်နိုင်ပါသည်။

(၄) လမ်းအကွေ့တိုင်း တွင် အရှိန်လျှော့ကာ ဖြတ်သန်းပါ။ အချို့နေရာ များတွင် လမ်းသား သည် ကွေ့မည့် ဘက်သို့ တိမ်းစောင်းပေးရမည့် အစား ဆန့်ကျင်ဘက်သို့ တိမ်းစောင်းနေသော နေရာ များ ရှိပါသည်။ 


လမ်းအကွေ့ တွင် ယာဘက် လမ်း ပုခုံးပေါ်သို့ မနင်းမိ ပါစေနှင့်။ ကွန်ကရိ ပုခုံးသားပေါ်တွင် ချိုင့်ခွက် ရှိနေပါ က အဆိုပါချိုင့်ထဲ ကျပြီး အက်ဆီးဒင့် ဖြစ်နိုင်ပါသည်။

(၅) ညအချိန်များတွင် မီးကို တသမတ်တည်း အသုံးမပြုပါနှင့်။ မီးချလိုက်၊ မိးကြီးထိုးလိုက် လှုပ်ရှားပေးခြင်းဖြင့် အမြင် အာရုံကို ဖြတ်လတ်နေစေပါသည်။ တသမတ်တည်း အချိန်ကြာမြင့် စွာ ထိုးထားသည့် အခါ လမ်းပျောက်သွားတတ်ပါသည်။

(၆) လမ်းဘေးဝဲယာ အား အမြဲ လေ့လာပါ။ လမ်းလယ် ကျွန်းပေါ်တွင် လွှတ်ကျောင်း ထားသော နွားသည် အချိန်မရွေး လမ်းပေါ်ဆင်းလာနိုင်ပါသည်။ ကျောင်းဆင်းပြန်လာသော ကလေးများသည်လည်း လေတိုးမှုကြောင့် လမ်းပေါ် လည်ကာ အချိန်မရွေး ရောက် လာနိုင် ပါသည်။

စဉ်းစား ၍ ရသလောက်ပါ။ အခြား အချက်များ စဉ်းစားမိ ပါက အောက်က ကွန်မန့်ဘောက် တွင် အကြံပြုပေးစေ လိုပါသည်။

 

Ref: News of Myanmar
မြ၀တီ သတင်း မှ ကူးယူ ဖေါ်ပြသည်.

No comments:

Post a Comment