Saturday, August 31, 2013

“လုံခြုံ မယ်ဆို မခေါ်လည်း ပြန်လာမယ် ”


photo for new no. 8



 “ကလောက်ကလောက်ဂျောက်
ကလောက်ကလောက်ဂျောက် ဆိုတဲ့ အသံတွေဟာ ထရံကာ၊သက်ကယ်မိုး တဲအိမ်လေးထဲကနေ
စည်းချက်ကျကျ လွင့်ပျံ့ထွက်ရှိနေပါတယ်။
အဲဒီ တဲအိမ်လေး ထဲမှာတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတို့ဟာ ရှမ်းရိုးရာ ထမီနဲ့ ခေါင်းပေါင်းစတွေလုပ်တဲ့ ယက္ကန်းစင်လေးမှာ ယက်ကန်း ယက်နေတာပါ၊

တဲအိမ်လေး တည်ရှိတဲ့နေရာကတော့  မြန်မာပြည်နယ်စပ်နဲ့ နှစ်ကီလိုမီတာ(တစ်မိုင်ခွဲ) လောက် ဝေးတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ၀မ်ဟန်မြို့နယ်အတွင်းမှာရှိတဲ့ ကုန်းကျော်ရွာသစ် ယာယီဒုက္ခသည်စခန်းမှာပါ။
 
 ကျွန်တော်တို့ရွာမှာ တိုက်ပွဲတွေဖြစ်တယ်၊ မနက်လင်းလို့ ကြည့်လိုက်တော့ ရွာသား ဆယ်ယောက်သေနေပြီ။ ပစ္စည်းတွေနိုင်သလောက် သယ်ပြီး နယ်စပ်မှာ စောင့်တဲ့ ထိုင်းစစ်သားတွေကိုပြောပြီး ဒီဘက်ကိုထွက်ပြေးလာတယ်။ လို့ 




ယက္ကန်းယက်နေတဲ့ အမျိုးသားက ပြောပါတယ်။ ယက္ကန်းယက်နေ ကြ တဲ့ အမျိုးသားနဲ့ အမျိုးသမီးကတော့ သူတို့ အရင်နေခဲ့တဲ့ ရွာအနီးမှာ မြန်မာအစိုးရတပ် တွေနဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA-S တို့ အပြန်အလှန် ပစ်ခတ်မှုတွေရှိလို့ ထိုင်းနိုင်ငံဖက်ကို ရှောင်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ကိုစိုင်းခေးနဲ့ ဇနီးသည် မနန်းတို့ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်၊ မေလကုန်ခါနီး တစ်ရက်မှာအစိုးရ တပ်တွေနဲ့ ရှမ်းပြည်နယ် ကတော်လှန်ရေး တပ်တွေ ကိုစိုင်းခေးတို့ ရွာအနီးမှာ အပြန်အလှန် ပစ်ခတ်ကြရင်းနဲ့ နံနက်ခင်းဝေလီဝေလင်းအချိန်မှာ ရွာထဲကို လက်နက်ကြီး ကျည်ဆံတွေ ကျလာတယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျည်တွေကြောင့် ရွာသားဆယ်ယောက်သေဆုံးခဲ့ပြီး သူတို့ရွာနဲ့ အနီးအနား မှာရှိတဲ့ ရွာသုံး ရွာက လူတွေဟာ ကြောက်လန့် တကြားနဲ့ မနက်(၈း၀၀)နာရီလောက် မှာ ထိုင်းနိုင်ငံထဲကို ပြေးလာကြတာလို့ ကိုစိုင်းခေးက သူတို့ ထိုင်းနိုင်ငံအတွင်း ကိုရောက်ရှိလာပုံ ကိုပြောပြပါတယ်။

ကျွန်တော်တို့  ရောက်ခါစမှာတော့ ရွက်ဖျင်တဲနဲ့ တစ်နှစ်ကျော်ကျော်လောက်နေခဲ့ပါတယ်။ NGO က စီစဉ်ပေးတာပါ။ လို့ သူက ဆိုပါတယ်။ ရွာလယ်လမ်းဘေး တစ်ဖက် တစ်ချက် မှာ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်တဲ့ ဆိုလာပြားတပ်ထားတဲ့ အိမ်အလုံးလေး ဆယ်လောက်ရှိပြီး၊ 

တစ်ရွာလုံးမှာတီဗွီတစ်လုံး၊ ဆေးပေးခန်း တစ်ခုသာရှိတဲ့ ကိုစိုင်းခေး အပါအ၀င် စစ်ပြေးဒုက္ခသည် (၄၀၀)၀န်းကျင်နေထိုင်ကြတဲ့ ကုန်းကျော်ရွာသစ်ကို ထိုင်းအစိုးရက တရားဝင် ဒုက္ခသည် စခန်းအဖြစ် အသိအမှတ် မပြုသေးဘဲ ယာယီဒုက္ခသည် စခန်းအဖြစ်သာ သတ်မှတ် ထားတာပါ။

ထိုင်းနိုင်ငံထဲမှာတော့ ရှမ်းဒုက္ခသည်စခန်းအဖြစ် ကုန်းကျော်ရွာ သစ်တစ်ခုသာ ရှိပြီး မြန်မာပြည် ဘက် ခြမ်းမှာ တော့ RCSS က၀န်းရံထားတဲ့ ရှမ်းဒုက္ခသည်စခန်း (၅)ခုရှိပါတယ်။

ရှမ်းပြည်နယ် မိုင်းတုန်မြို့နယ်၊ ပန်ဟော့၊ ဟွေ့ယောင်း၊ ပါမိုင်းဆွန်း၊ ကံကော် ရွာလေးရွာ ကနေ ရွာသားတွေ စုပြီး ထွက်ပြေးလာတဲ့ အချိန်တုန်းကတော့ လူဦးရေ (၆၃၆)ယောက် ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ အဲ့ဒီရွာမှာ လူဦးရေ (၄၀၀)လောက်သာ ရှိပါတော့တယ်။

ကိုစိုင်းခေးတို့ မိသားစုထွက်ပြေးတုန်းက မိသားစုဝင်(၅)ယောက်ဖြစ်ပေမဲ့ လက်ရှိ နေထိုင် တဲ့ နေရာမှာပဲ သူ့ရဲ့ယောက္ခမ ဆုံးပါးသွားတာကြောင့် လေးဦးသာ ကျန်ရှိတော့တယ်လို့ ကိုစိုင်းခေး ကပြောပါတယ်။ ကိုစိုင်းခေးတို့ လင်မယားမှာ သားသမီးတစ်ယောက်သာ ရှိပြီး ကျန်တဲ့ တစ်ယောက်ကတော့ သူ့ညီမရဲ့ ကလေးကို မွေးစားထားတယ်လို့သိရပါတယ်။

အကြီး တစ်ယောက်ကတော့ အသက်(၁၃) နှစ်ရှိပြီး ရွာနဲ့ ငါးကီလိုမီတာလောက်ဝေး တဲ့ကျောင်း မှာ (၈)တန်းတက်နေပြီးမွေးစားထားတဲ့ တူမလေးကတော့ (၄)နှစ်သာရှိပါသေး တယ်။ ကုန်းကျော်ရွာသစ် ဒုက္ခသည်စခန်းက ကျောင်းနေအရွယ် ကလေးတွေဟာ ထိုင်း အထက်တန်းကျောင်း ထိသာ တက်လို့ရပြီးတော့ ထိုင်းတက္ကသိုလ်တွေ တက်ဖို့က အခွင့်အလမ်း အလွန် နည်းပါးနေပါတယ်။

လက်ရှိ အချိန်မှာတော့ ကုန်းကျော်ရွာသစ် စစ်ပြေးဒုက္ခသည် စခန်းကို NGO တစ်ခုဖြစ်တဲ့ TBC ကထောက်ပံ့ပေးနေပြီး တစ်လမှာငါးနှစ် အထက် လူတစ်ဦးကို ဆန်(၁၂)ကီလို၊ ဆီ၊ ဆား၊ မီးသွေးနဲ့ အားဖြည့် အ စားအစာတွေပေးနေ ပါတယ်။

အရင်တုန်းကတော့ NGO က ငါးသေတ္တာ ဗူးတွေပေးပေမဲ့  နောက်ပိုင်းမှာ မပေးတော့ဘူးလို့ ဒုက္ခသည်    စခန်းက လူတွေက ဆိုပါတယ်။ ဇွန်လပိုင်း တုန်း ကတော့ ဒုက္ခသည်တွေ ကို အခုနေတဲ့နေရာ ကနေရှမ်းပြည်နယ် မိုင်းတုံမြို့နယ်ထဲက၊ နယ်စပ်နဲ့ ကီလို(၂၀)လောက်ဝေးတဲ့ မုန်းထားဆိုတဲ့နေရာကိုပြောင်းဖို့ ထိုင်းကရဲတစ်ယောက်နဲ့ တာချီလိတ်က မြန်မာရဲ တစ်ယောက် က ရွာသူကြီးကိုလာပြောဖူးတယ်လို့ ကိုစိုင်းခေးကပြောပါတယ်။

အဲ့ဒီနေရာ ကလည်း RCSS နဲ့ အစိုးရတပ်တွေ ကြားမှာတည်ရှိနေတာဖြစ်ပြီး ပြန်သွားရင် RCSS နဲ့ အစိုးရတို့ကြားမှာ တိုက်ပွဲမဖြစ်ဘူးလို့ ဘယ်သူမှအာမခံ မပေးရဲတာကြောင့် ကိုစိုင်းခေးအနေနဲ့ မပြောင်းရဲသေးဘူးလို့ဆိုပါတယ်။

သူ့အနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာနေထိုင်တာ ကပိုက်ဆံရှိ မှနေလို့ရတာကြောင့် မြန်မာနိုင်ငံ အရင် ရွာဟောင်း မှာတောင်ယာစိုက်ပြီးအေးအေးချမ်းချမ်း ပြန်နေချင်ပေမဲ့ တိုက်ပွဲတွေကြောင့် ဒီမှာပဲ နေထိုင်နေရတာလို့ပြောပါတယ်။

ဒီဘက်နိုင်ငံမှာ မနေချင်ဘူးဆိုတာထက် ဟိုဘက်မှာ မအေးချမ်းသေးဘူးဆိုရင် သူများနိုင်ငံ မှာ နေရတာ ပိုပြီး သက်သာပါတယ်။ လို့ ကိုစိုင်းခေးကပြောပါတယ်။ လက်ရှိအချိန် မှာတော့ အစိုးရနဲ့ အပတ်အခတ်ရပ်စဲရေး သဘောတူညီချက် ချထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၄) ဖွဲ့ရှိပေမဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေဆဲပါပဲ။

RCSS နဲ့ အစိုးရကြားမှာ အပတ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပေမဲ့ သဘော တူညီချက် ရပြီးနောက်ပိုင်းမှာ တိုက်ပွဲပေါင်း(၁၀၉) ကြိမ်ဖြစ်ခဲ့တယ် လို့လည်း မီဒီယာတွေမှာဖော်ပြ ထားပါတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်အရင်နေခဲ့တဲ့ နေရာကို ပြန်သွားရင် မြေမြှုပ်မိုင်းအန္တရာယ်တွေ ရှိနေပြီးတောင်ယာ တွေဟာလည်းတောဖြစ်နေလောက်ပြီ လို့ ကိုစိုင်းခေးကဆိုပါတယ်။
ကိုစိုင်းခေး ကလည်းသူ့အနေနဲ့ အဖွဲ့အစည်းသို့မဟုတ် ယုံကြည်ရလောက်တဲ့ လူက အာမခံပေး မယ် ဆိုရင်တော့ ကိုယ့်နိုင်ငံမှာ မိသားစုနဲ့ ဘ၀ကို လွတ်လွတ် လပ်လပ်နဲ့ အေးအေး ချမ်းချမ်းလေးဖြတ် သန်းချင်တယ် လို့ ဆိုပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဒီဘက်နိုင်ငံလိုမျိုး အေးချမ်းမှုရှိတယ်ဆိုရင်တော့ ကျွန်တော်ပြန်နေမှာ မခေါ်လည်း ပြန်နေမှာပါ။ လို့ မျက်ရည်ဝဲ၀ဲနဲ့ ပြောပါတယ်။ ကိုစိုင်းခေး တို့နေ တဲ့ ရွာမှာရွာသား အများစုက ထိုင်းနိုင်ငံသားတွေရဲ့ စိုက်ခင်းတွေမှာ အလုပ် သွားလုပ် နေကြ ပါတယ်။ ဒါကြောင့် နေ့ဖက်တွေဆိုရင် ရွာလေးဟာသက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အတူ ရှမ်းရိုးမတောင်တန်းကြီးရဲ့ တစ်ဖက်ခြမ်းမှာ တိတ်တိတ်ငြိမ်ငြိမ် သက်သက်ကလေးနဲ့ ရပ်တည်နေပါတယ်။
                            

 ကောင်းမြတ်ဖြိုး ( မြစ်မခ )                

မြစ်မခ မှမျှဝေဖေါ်ပြသည်....

No comments:

Post a Comment