Tuesday, August 6, 2013

ကွမ်း စားခြင်းကြောင့် ဝေဒနာ ခံစားနေ၇ သူများ



ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၂) ရပ်ကွက်ရှိ ကျူးကျော် အိမ်များ အကြားတွင် ဆောက် ထားသော အိမ်လေး တစ်လုံး ထဲ၌ အသက် (၄၀) အရွယ် ကိုမောင်ဝင်း တစ်ယောက် လှဲနေသည်။ 

သူက အသက် ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေး ဘ၀ ကပင် အဘိုးဖြစ်သူ ကို ကွမ်း ၀ယ်ပေးရာမှ စပြီး   (၉)နှစ်သား အရွယ်တွင် ကွမ်းစား တတ် လာခဲ့ကြောင်း ဆိုသည်။  

 သူ အသက်(၄၀) အရွယ် မှာတော့ အစာမျို လမ်းကြောင်း ကင်ဆာ ဝေဒနာကို ခံစားနေ ရပေ ပြီ။ လွန်ခဲ့သော (၁)နှစ်ခန့် မှ စကာ လည်ချောင်းများ နာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာ များ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေး မပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅) လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျို လမ်းကြောင်းကင်ဆာဖြစ်နေ သည် ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။

ထို့ကြောင့် ရောဂါပျောက်ကင်းသည် အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေး ပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။


အစာမျို လမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည် ဟု ဆေး စစ်ချက် အဖြေ အရ သိလိုက်ရသည့် အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာ စားခဲ့သည့် ကွမ်းယာ များကိုသာ အပြစ်တင်နေ မိတော့သည်။ 

အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကို ခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ ဘူး။ မိသားစု တာဝန်တွေ လည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ် ဟု ကိုမောင်ဝင်းက ပြောသည်။ 

သူ ကျန်းမာရေးကောင်းနေစဉ် က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေး ၀မ်းကြောင်းပြုပြီး သား သမီး (၅)ယောက် ကို ရှာဖွေကျွေး ခဲ့ရကြောင်း ပြောသည်။ ဦးမောင်ဝင်း အနေဖြင့် လွန်ခဲ့သည့် (၃) လမှ စ၍ အလုပ် မလုပ် နိုင်တော့သဖြင့် မိသားစု စားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ် ခဲ့ရ သည့်အတွက် (၉)တန်းကျောင်းသားဖြစ်သည့် သား အကြီးဆုံးမှာ ဖခင်နေရာ တွင် ၀င်၍ ဆိုက္ကား နင်းခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရှိရသည်။  

ကျွန်တော် က အရင်လို မိသားစု အတွက် ရှာမပေးနိုင်တဲ့ အပြင ကျွန်တော့်ကြောင့် မိသားစု အတွက် ၀န်ထုပ်ဝန်ပိုး တစ်ခု ပိုနေတဲ့ အတွက် မိသားစုကို လည်း အားနာလှပါပြီ။ ကျွန်တော့ လို မဖြစ်အောင် လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာ ယူစေချင် တယ် ” ဟုဆိုသည်။

ရန်ကုန် သွားဆေးတက္ကသိုလ် ၏ သုတေသနပြုချက် အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက် သည့် ရော ဂါဖြစ်ပွားသူ (၉၀၀၀) ၀န်းကျင် ရှိပြီး ၄င်းတို့ အထဲမှ ခံတွင်း ကင်ဆာဖြစ်ပွား သူဦးရေ မှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါ ခံတွင်းကင်ဆာနှင့် ပတ်သက် ၍ ဆေးကု သမှု ခံယူသူ ဦးရေမှာ (၂၅)ယောက်ဝန်းကျင် သာ ရှိကြောင်း သိရသည်။

အရှေ့တောင် အာရှ အတွင်း ခံတွင်း ကင်ဆာဖြစ်ပွားမှု သုတေသန အဖွဲ့အား တင်ပြရန် အတွက် ရန်ကုန် သွားဆေး တက္ကသိုလ်နှင့် ဆေးသုတေသီများ ပူးပေါင်း၍ ၂၀၁၁ ခုနှစ် က မြန်မာပြည် တစ်ပြည်လုံး ၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်း ကင်ဆာ သုတေသန များ ပြုလုပ်ခဲ့ကြသည်။

ကွမ်းစားခြင်းကြောင့် သွားကို အရောင် ညစ်စေခြင်း၊ ကြွေလွှာပြုန်း တီးစေခြင်း ၊ မေးရိုး အဆစ်ရော ဂါရခြင်း၊ သွားကျောက် တည်ကာ သွားဖုံးဝေဒနာ ခံစားရခြင်းတို့ အပြင် နောက် ဆက် တွဲ ဆိုးကျိုး အဖြစ် ခံတွင်း ကင်ဆာ၊ ပါးစပ် ကင်ဆာ၊ အစာမျို လမ်းကြောင်းကင်ဆာနှင့် အသည်း ကင်ဆာများ အား ဖြစ်ပွားစေပြီး ၄င်း ကင်ဆာများ ဖြစ်ပွား ပါက အသက် ရှင်နိုင်ခြေ မှာ (၆၀)% ထက် မပိုကြောင်း သွားဘက် ဆိုင်ရာဆေးပညာရှင် များကဆိုသည်။

ကွမ်းကို တောက်လျှောက် စားပါ များရင် သွားကျင် လာမယ်။ အစပ် မစားနိုင်တာတွေ၊ လျှာထူ တာတွေဖြစ်ပြီး အရသာ ကို ကောင်းကောင်း မခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့် ခံတွင်း ဆိုင်ရာ ဆရာဝန် ဦးထွန်းဇော် ကပြောသည်။  
        
မြန်မာနိုင်ငံ ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်း မှာ (၇၀%) ခန့် ရှိကာ ကွမ်းယာထဲ ၌ ဆေးရွက်ကြီး ထည့်၍ စားသုံးသော သူများတွင် သွားနှင့် ပတ်သက်သော ရောဂါဝေဒနာ အား ခံစားရပြီး အဆိုပါ သွားနှင့် ပတ်သက် သည့်ရောဂါများ ခံစားရ သူများ ၏ လေးပုံ တစ်ပုံ ခန့် သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာ ဆရာဝန် များက ဆိုသည်။    




"ခံတွင်းသန့်ဆေး နဲ့ ငုံပေးတာတွေ, ကွမ်းချိုး ကို ဆေးပေးတဲ့ သီးသန့် သွားဆေးပေးခန်းတွေလို မျိုး မြန်မာနိုင်ငံမှာ ရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။

လက်ရှိ အချိန်၌ မြန်မာနိုင်ငံ တွင် နိုင်ငံတော် အစိုးရမှ ကွမ်းစားခြင်းနှင့် ပတ်သက်၍ သတ်မှတ် ထားသော ဥပဒေ မရှိသော်လည်း ဆေးရုံ များနှင့် စာသင်ကျောင်း အချို့တွင် ကွမ်း မစားရန် သတ်မှတ် ထားခြင်း၊ ကွမ်းတံတွေး ကို စည်းကမ်းမဲ့ စွန့်ခြင်း အတွက် ဒဏ်ငွေ (၅၀၀၀) ကျပ် အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ် ထားခြင်းမျိုး ကို ဆေးရုံ အုပ်ကြီး များနှင့် ကျောင်း အုပ်ကြီးများ မှ အသိေ ပးနှိုးဆော် ချက်များ ပြုလုပ်ထားကြသည်။
  
အများပြည်သူ ကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလား ဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေး ၀န်ကြီးဌာန တို့၊ နိုင်ငံတော် အစိုးရတို့ အနေနဲ့လည်း ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ် ဟု ဒဂုံမြို့ သစ်မြောက်ပိုင်း မှ သွားနှင့် ခံတွင်း ဆရာဝန်တစ်ဦးက ပြောသည်။ 
 
ပြည်တွင်း စာနယ်ဇင်း တစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေ သည့် အသက်(၃၀) အရွယ် ကိုထွန်းထွန်း ဆိုသူ ကလည်း ပြီးခဲ့သည့်နှစ် အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာ တက် သွားခြင်းမျိုး ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်း ဆိုသည်။  

ကွမ်းစားနေတုန်း လည်ချောင်း ထဲမှာ ကွမ်းဖတ် ဆို့ပြီး တက်သွားတာ ၊ဘေးနားမှာ လူရှိနေ လို့ တော်သေး တယ်။ လူသာ မရှိရင် အသက်အန္တရာယ် ကိုတောင် စိုးရိမ် ရတယ်လို့ ဆရာဝန် က ပြောတယ် ဟု ၄င်းက ဆိုသည်။

ကွမ်းစားသော ယဉ်ကျေးမှု မှာ လွန်ခဲ့သည့်နှစ်ပေါင်း (၂၀၀၀) ခန့်မှ စတင် ခဲ့ပြီး ကမ္ဘာတ၀ှမ်း လုံး တွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါ များဖြစ်ပွားနေသူ ခန့်မှန်းခြေ ဦးရေ မှာ နှစ်စဉ် (၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီး အိန္ဒိယ တိုက်ငယ်နှင့် အရှေ့တောင်အာရှ တို့၌ အဓိ ကဖြစ်ပွားလျက်ရှိကြောင်း၊ 

ကွမ်းစား များသော နိုင်ငံ များတွင် ခံတွင်း၊ လည်ချောင်းနှင့် အစာပြွန် ကင်ဆာ ရောဂါ များဖြစ်နှုန်း မြင့် မားကြောင်း၊ အပြည်ပြည် ဆိုင်ရာ ကင်ဆာသုတေသန အဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ 
   
မြန်မာနိုင်ငံတွ င်မူ ကွမ်း ကိုဆေး အဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်း ဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့် ပတ်သက်၍   “ မြန်မာ အစ တကောင်းက" ဟု ဆိုရိုး ရှိခဲ့သည့် အတိုင်း တကောင်းခေတ် ဦး အချိန်က တကောင်း မင်းများ လက်ထက်တွင် ကွမ်းစားခြင်း အလေ့ အထ ရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံ သို့ ရောက်ရှိ လာသည်ဟု ယူဆကြောင်းကို ဆရာကြီး ဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာ ကွမ်းဓလေ့ " စာအုပ် တွင် ရေးသား ဖော်ပြ ထား သည်။
  
ကွမ်းရွက်ကြီး သည် ဆေးဖက်ဝင် အရွက် အမျိုးအစား ထဲ၌ ပါရှိသော်လည်း ကွမ်းသီး ၊ ဆေး ရွက်ကြီးနှင့် အမွှေး အကြိုင် များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနော ဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း အမျိုး (၃၀) ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်း သားများကို လောင်စေကာ ထိုမှ တဆင့် ကင်ဆာဖြစ်စေသော ဓါတ်များ အထဲ စိမ့် ၀င်နိုင်အောင် အားပေးလျက် ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန် များက ဆိုသည်။ 


ယမင်း(မြစ်မခ)

No comments:

Post a Comment