Tuesday, August 6, 2013

ကြိမ်လုံးသံ တစ်၇ွှမ်း၇ွှမ်း နှလုံးသား မှာ မျှားတွေ မစူးစတမ်း




ကျွန်တော်တို့ငယ်စဉ်က ကျောင်းတွင်ရိုက်နှက်ဆုံးမသည့် အလေ့အထမှာ ယခုခေတ်ထက် ပိုခေတ် စားမည်ဟု ထင်သည်။ မိဘတွေကိုယ်တိုင်က ကိုယ့်သား၊ သမီးကျောင်းအပ်သည့် အခါ “ဆိုးလို့ကတော့ ရိုက်သာရိုက် ဆရာမ၊ မကျိုးမပဲ့ရင်ပြီးရော ဟု ပြောပြီး ကျောင်းအပ်လေ့ရှိသည်။

ဆရာ/ဆရာမကို ယုံယုံကြည်ကြည်နှင့် ပုံအပ် လိုက်သည့် သဘော ပင်ဖြစ်သည်။ ကိုယ့်ကလေး ကို ဂရုမစိုက်မှာ စိုး၍လည်း ဖြစ်နိုင်ပါသည်။

ငါးတန်းကျောင်းသား အရွယ်လောက် က ထင်သည်။ ကာယ ချိန်တွင် ဆရာမ ဒေါ်သူဇာနွယ်က အခန်း အပြင်ဘက်က ချယ်ရီပင်အောက် တွင် ပုံပြင်တစ်ပုဒ် ပြောပြနေသည်။ ထိုစဉ် ကျွန်တော် တို့ အုပ်စုနှင့် မလှမ်းမကမ်းတွင် ရုတ်ရုတ်သဲသဲ လူအုံနေတာ တွေ့လိုက်ကြရသည်။

ကျောင်းသား တစ်ယောက်နှစ်ယောက် သွား စုံစမ်းပြီးပြန်လာတော့ ဆရာမ ဒေါ်သူဇာနွယ်က “ဘာမှ မဟုတ်ပါဘူး၊ ဆရာမဒေါ်ချယ်ရီ မူးလဲလို့ပါ။ ဟု ပြောပါသည်။ ဆရာမ ဒေါ်သူဇာနွယ် စကားက ဤမျှနှင့် ရပ်သွားသော် ဘာပြဿ      နာမှဖြစ်လာမည် မဟုတ်။

သို့သော် “အင်း သူ့ခမျာနေမကောင်းရ တဲ့ အထဲ အကြွေးတွေ ကလည်းများပြီး အဟာ ရပြည့်အောင် မစားနိုင် ရှာတော့ မူးလဲ တာနေမှာပေါ့။ ဟု ဒေါ်သူဇာနွယ် က ဆက်ပြောပါ သည်။ ထိုစဉ်က ဆရာမ ပြောသည့် စကားကို ကျွန်တော် အပါအ၀င် အတန်းသား အားလုံးမည် သူ မှ သိပ်စိတ်မ၀င်စားကြပါ။ 

ကလေး ဘာသာဘာဝ ဆော့ဖို့သာ အားသန် ကြပါသည်။ နောက်တစ်နေ့ ကျောင်းပိတ် ရက် မို့ ကိုယ့်အိမ်ဝန်းကျင် အနီးအနားက ကလေးများနှင့် ကျွန်တော် ကစားနေပါသည်။ ထိုစဉ် ကျောင်း သားကြီး ၂ ယောက်ရောက် လာပြီး “ဟေ့ကောင် ကျော်ဇင်ထွန်း မင်းကို အတန်းပိုင် ဆရာမ ခေါ် ခိုင်း လိုက်တယ်။ မင်းတော်တော်ပြဿ      နာရှာတဲ့ကောင်ပဲ။ 

ဆရာမ ဒေါ်ချယ်ရီ မူးလဲတာ ကို အကြွေးတွေ များပြီး အဟာရပြည့်အောင် မစားနိုင်လို့ မူးလဲ တာ လို့ ဆရာမ ဒေါ်သူဇာနွယ်က ပြောတယ် ဆိုပြီး မင်းကလျှောက်ပြောလို့ အခု ကျောင်းမှာ ဆရာမတွေ အကြီးအကျယ် ပြဿ     နာတက်နေတယ်။ မင်းကလည်း မင်းပဲ၊ ဘာလို့လျှောက်ပြော တာလဲ။ ဟု ဘုမသိ ဘမသိ စွဲချက်တင်ပြီး ကျောင်းက ခေါ်ခိုင်းသည်ဟု ဆိုကာ ကျွန်တော့်ကို လာခေါ်ပါသည်။

ကျောင်းရောက်တော့ အတန်းပိုင် ဆရာမနှင့် အခြားဆရာမ သုံးလေးယောက် ကိုတွေ့ရသည်။ ဆရာမက “သား၊ ကျောင်းမှာ ဆရာမ ဒေါ်သူဇာနွယ် နဲ့ ဒေါ်ချယ်ရီ တို့ ပြဿ  နာတက်နေကြ တယ်။ ဒေါ်ချယ်ရီ မူးလဲတာကို အကြွေးတွေ များပြီး အဟာရပြည့်အောင် မစားနိုင်လို့မူးလဲတာ လို့ ဒေါ်သူဇာ နွယ်က ပြောတယ်ဆိုပြီး သားကလျှောက်ပြောနေတယ် လို့ ဆရာမတို့ကြား ရ တယ်။ အဲဒါ ဟုတ်လား။ ဟု အတန်းပိုင် ဆရာမက မေးပါသည်။

ကျွန်တော်က “ဆရာမ ဒေါ်သူဇာနွယ် အဲဒီလိုပြောတာ ဟုတ်တယ် ဆရာမ၊ ဒါပေမဲ့ ကျွန်တော် လျှောက်ပြောနေတယ် ဆိုတာ မဟုတ်ဘူး။ ဟု ပြန်ပြောပါသည်။သေသေ ချာချာ စဉ်းစားပါဦးသားရယ်၊ သားများ နားကြား လွဲနေတာလား။ အခု ဆရာမနှစ်ယောက်က ပြဿ  နာဖြစ်နေကြပြီ။ ဟု ဆရာမကပြောသည်။ 

“ဟင့်အင်းကျွန်တော်နားကြား မလွဲပါဘူး ဆရာမ၊ ဆရာမ ဒေါ်သူဇာနွယ် အဲဒီလိုပြောတာ တစ်တန်း လုံးကြားပါတယ်။ ဟု ကျွန်တော်ကပြန်ပြော ရာ အတန်းပိုင် ဆရာမ သက်ပြင်းခိုးချ လိုက်တာကို သတိပြုလိုက်မိသည်။

ထိုနေ့က အိမ်ပြန်ရောက်တော့ အဖေ့ကို ကျောင်းမှာပြဿ      နာဖြစ်တဲ့ကိစ္စ ပြောပြဖြစ်သည်။ အဖေက အဲဒီလို ပြောတယ် ဆိုတာ သေချာလို့လား ဟုမေးသည်။ ကျွန်တော် က သေချာကြောင်းပြောပြီး ကျောင်း ဖွင့်တဲ့နေ့ ကျရင် ဘယ်လိုပြောရမလဲဟု အဖေ့ ကိုမေး သည် ။ အဖေက ခေတ္တစဉ်းစားပြီး “အေးမှန်တယ်ဆိုရင်လည်း အမှန်အတိုင်း ပဲ ပြောပြ လိုက်ပေါ့ ကွာ။ ဟုပြောပါသည်။

အဖေသည် ကျွန်တော် တို့မောင်နှစ်မ အားလုံး ကို လိမ်ညာ မပြောရန် ငယ်စဉ် ကတည်းက သင်ကြား ထားပါသည်။ ပြီးတော့ မှန်ရာပြောရန် မကြောက်ဖို့ ကိုလည်း အမြဲ ဆုံးမတတ် ပါ သည်။ ကျွန်တော်တို့ မောင်နှစ်မ အားလုံး ဘာလုပ်လုပ် အဖေ့ကို မလိမ်ဝံ့ပါ။

ကျောင်းပြန် ဖွင့်သည့်နေ့ ပထမဦးဆုံး စာသင်ချိန်တွင် အတန်းပိုင် ဆရာမနှင့်အတူ အရိုက်ကြမ်း သည်ဟု ကျောင်းတွင် နာမည်ကြီး သည့် ဆရာတစ်ယောက်ပါ ကျွန်တော်တို့ အတန်း ထဲ တွင်ရောက်နေသည် ကို တွေ့ရသည်။ ဆရာ့ လက်ထဲမှာ ကြိမ်လုံး တစ်လုံး။ ဆရာက ထိုကြိမ် လုံးကို တရွှမ်းရွှမ်းနှင့်ဆပြနေသည်။ 

သတ္တိရှိ လျှင် စမ်းကြည့်ပေါ့ကွာ ဆိုသည့် အမူအရာနှင့်
တအောင့် ကြာတော့ ပြဿ     နာ ဓါတ်ပြားဟောင်း ကြီးကိုပြန် ဖွင့်ပါသည်။ ဆရာမက တစ်တန်း လုံး ကြား အောင် အသံမြှင့် ၍ “သားတို့၊ သမီးတို့၊ ပြီးခဲ့တဲ့ အပတ် …..နေ့က ကာယချိန် မှာ ဆရာမ ဒေါ်ချယ်ရီ မူးလဲ သွားတာကို အကြွေးတွေများပြီး အဟာရပြည့်အောင် ၀ယ်မစားနိုင် လို့ မူးလဲသွားတာ ပါလို့ ဆရာမဒေါ်သူဇာနွယ် က ပြောတယ် ဆိုပြီး မောင်ကျော်ဇင်ထွန်း က ပြောခဲ့တယ်။ 




ဆရာမဒေါ်သူဇာနွယ် အဲဒီလို ပြောခဲ့တယ် ဆိုတာ ဟုတ်သလား။ ဟုမေးရာ တစ်တန်းလုံး ဇာတ်တိုက် ထားသည့်အလား “မဟုတ်ပါဘူး ဆရာမ ဟု သံပြိုင်ဖြေကြပါသည်။ ဆရာမ က ထိုမေးခွန်း ကို အတန်းထဲ ရှိ ကျောင်းသူ/ကျောင်းသားများ အား သုံးခါ တိတိမေးရာ သုံးကြိမ်လုံး “မဟုတ်ပါဘူး ဆရာမ ဟုသာ ဖြေကြပါသည်။ 

တစ်တန်းလုံး က “မဟုတ်ပါဘူး ဆရာမ ဟု ဖြေသံကြားလိုက် တိုင်း ကျွန်တော့်မှာ အင်အား မဲ့မဲ့သွား သလို ခံစားလိုက် ရပြီး မျက်ရည်များ ၀ဲလာပါသည်။ အတန်း ကို တစ်ခါမေးပြီးတိုင်း ကျွန်တော့်ဘက် သို့ တစ်ခါ လှည့်ကာဘယ်လိုလဲ ဆိုသည့် အကြည့်ဖြင့် “မောင်ကျော်ဇင်ထွန်း၊ သားများ နားကြားလွဲသလား၊ ဟု မေးပါသည်။

 ကျွန်တော် ကလည်း ယခင်ဖြေဆိုခဲ့သည့် အတိုင်းသာ ပြန်ဖြေ ပါသည်။ ကြိမ်လုံးကိုင် ထားသော ဆရာက မျက်ထောင့်နီကြီးနှင့် ကြည့်ပြီး ကြိမ်လုံး ကို လေထဲတွင် တရွှမ်းရွှမ်းဝှေ့ ယမ်းပြ ပါသည်။ 

သုံးကြိမ်မေးပြီး အကြောင်း မထူးသော အခါ ဆရာ/ဆရာမ များ ပြန်ထွက် သွားပါသည်။ အတန်းရှိ ကျောင်းသူ/ကျောင်းသား အတော်များများက ကျွန်တော့်ကို ပြဿ      နာကောင်ဆိုသည့် အမြင်မျိုးဖြင့် ကြည့်ကြပါသည်။ အထူး သဖြင့် မိန်းကလေးများ က ပိုကြည့်သည်ဟု ထင်ပါ သည်။ ကျွန်တော် ကလည်း မည်သူ့ ကိုမှ စကားပြောချင် စိတ်မရှိတော့ပါ။ 

ထိုကိစ္စဖြစ်ခဲ့သည် မှာ မှန်သော်လည်း ကျွန်တော် လျှောက်ပြောသည် ဆိုတာကတော့ မမှန်ပါ။ ကလေး သဘာဝ အိမ်ရောက် တာနှင့် ကစားဖို့သာ အာရုံ ရောက်နေတာ က များပါသည်။ ကံ မကောင်းချင်တော့ ကျွန်တော်ပြော လို့ ထို သတင်းပျံ့နှံ့သွား သည် ဆိုပြီး ပြဿ       နာမြားဦးက ကျွန်တော့်ဘက် လှည့်လာခြင်းဖြစ်သည်။

ကာယချိန် တွင် ကလေး အသီးသီး ဆော့ ကစားနေကြသော်လည်း ကျွန်တော် တစ်ယောက် တည်း ချယ်ရီပင်အောက် တွင်ထိုင်နေပါသည်။ မည်သူနှင့် မှ စကားပြောချင်စိတ်၊ ကစားချင် စိတ်မရှိ။ ထိုအချိန်တွင် ကျွန်တော်နှင့် ကစားနေကြ ကူးမား ရောက်လာပြီး “ကျော်ဇင်ထွန်း ကစားရအောင်လေ ဟု လာခေါ်ပါသည်။ 

ကျွန်တော်င ယ်စဉ်က ခေါင်းနှင့် ကင်းမြီးကောက်ထောင် လျှင် အကြာကြီး ထောင်နိုင်၍ သူငယ်ချင်း များက သဘောကျကြသည်။ ကျွန်တော်က မကစားချင်ကြောင်း ပြန်ပြော ရာ ကူးမား က တစ်ချက်ကြည့်ပြီး “ဆရာမဒေါ်သူဇာနွယ် ဒေါ်ချယ်ရီ ကို အကြွေးတွေ များလို့ မူးလဲ သွားတယ်လို့ပြောတာ ဟုတ်တယ်လေ ကွာ။ ငါကကြောက်လို့ မပြောရဲတာ။ ဟု ခပ်တိုးတိုး ပြောပါသည်။ 

ကျွန်တော် ရုတ်တရက် အံ့အား သင့်ပြီး ကူးမား ကို ကြည့်လိုက်သည်။ သူက “လာပါကွာ၊ စိတ်ညစ် မနေပါနဲ့၊ ကစားရအောင် ဟုဆိုကာ အတင်းဆွဲ ခေါ်ပါသည်။ ကူးမား၏ ၀န်ခံ စကား က ကျွန်တော့် စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကူးမား ကို ကျေးဇူး တင်ပါသည်။ 

ထိုနေ့က ကျွန်တော် ကူးမားနှင့် နှစ်ယောက်တည်း ကင်းမြီး ကောက်ထောင် တမ်း ကစားကြ သည်။ ထုံးစံ အတိုင်း ကျွန်တော် က ပို၍ အချိန်ကြာကြာ ထောင်နိုင်ပါသည်။ လက်ထဲ က ကြိမ်လုံး ကို တရွှမ်းရွှမ်းဆပြီး မျက်ထောင့်နီကြီးနှင့် ကြည့်ခဲ့သော်လည်း မရိုက်ခဲ့သည့် ဆရာ့ကို လည်း ကျေးဇူးတင်ပါသည်။

ရှစ်တန်းကျောင်းသား အရွယ်တွင် ကျွန်တော် အညာမြို ကလေးတစ်မြို့ သို့ ရောက်နေပြီဖြစ် သည်။ ကျွန်တော်လည်း မောင်ဆိုင်းလတ်အောင် လို ပုံဆွဲ ၀ါသနာပါသူဖြစ်ရာ တွေ့ရာ သင်ခန်းစာ စာအုပ် များ တွင် ကြုံသလို ဆွဲလေ့ရှိပါသည်။

တစ်ရက်သား မြန်မာစာ ဆရာက စာအုပ် စစ်ရင်း ကျွန်တော် ပုံဆွဲထားသည် ကို တွေ့သွား ပါ သည် ။ စစ်သား သားသမီး ဖြစ်သည့် အလျောက် ကျွန်တော်ဆွဲသည့် ပုံများမှာ သေနတ်ပုံ က အများ စုဖြစ်သည်။ စာရွက် တစ်ရွက်လှန်လိုက် ၍ သေနတ် ပုံတစ်ပုံတွေ့လျှင် ဆရာက ဟ သေ နတ်ပုံတွေ ပါလားဟု ဆိုကာ  “ဒိုင်း ဟု ပါးစပ်ကရွတ်ပြီး ခေါင်းကို လက် ဆစ်ဖြင့်ခေါက် သည်။ 

စက်လတ်ပုံ ဆွဲထား သည်ကို တွေ့သော အခါ ဟားစက်သေနတ်ကြီး ပါလား “ဒက်..ဒက်.. ဒက်..ဒက်..ဒက် ဟု ရွတ်ပြီး ငါးချက်လောက် ဆက်တိုက်ခေါက်ရာ အတော် အီစလံဝေ သွား ပါသည်။ ကျွန်တော် ဆရာ့ ကို စိတ် မဆိုးသော်လည်း ကျွန်တော်တို့ အိမ်တွင် သားသမီးများ ၏ ခေါင်းကို ရိုက်နှက် ဆုံးမသည့် အလေ့ အထ မရှိပါ။

ကျွန်တော် ငယ်စဉ်က အလွန် ဆိုး၍ မကြာခဏ အရိုက်ခံ ရလေ့ရှိသော်လည်း ကျွန်တော့် ဖခင် သည် စနစ် တကျ ရိုက်နှက် ဆုံးမပါသည်။ ထိုသို့ ရိုက်နှက် အပြစ်ပေးရာတွင် ကျွန်တော် ကျူးလွန် ခဲ့ သည့် ပြစ်မှု ကို ကျေကျနပ်နပ် ၀န်ခံပြီး ရိုက်သင့်/မရိုက်သင့် မေးမြန်းပြီး ကျွန်တော် ကိုယ်တိုင် က ရိုက်သင့် သည်ဟု ဆိုပါမှ စနစ်တကျ ရိုက်နှက် ဆုံးမပါသည်။ 

ထိုသို့ အရိုက် ခံရလောက်အောင် ပြစ်မှု တစ်ခုခု ကျူးလွန် ထားသော်လည်း ထမင်းစားချိန် နီး ပါက အပြစ်ပေးလေ့ မရှိသလို  ဦးခေါင်း ကိုလည်း မည်သည့် အခါမှ ရိုက်နှက်လေ့ မရှိပါ။ 

ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအပ်သည့် အခါ “ဆိုးလို့ ကတော့ ရိုက်သာရိုက် ဆရာမ၊ မကျိုးမပဲ့ရင် ပြီးရော ဟု ပြောပြီး ကျောင်းအပ်လေ့ ရှိသော်လည်း တကယ်တမ်းကျတော့ ဘယ် မိဘမှ ကိုယ့်သားသမီး ကို ရိုက်တာ ကြိုက်မည် မဟုတ်ပါ။ 

သို့ဆိုလျှင် ကျောင်းတွင် လုံးဝ မရိုက်ရတော့ပြီလော ဟု မေးလာ ပါက အတော်အဖြေရခက် သည် ဟု ဆိုရပါမည်။ကျောင်းသားများ ဆိုသည် ကလည်း လူစုံ၊ စရိုက်စုံ ပင်ဖြစ်ပါသည်။ မရိုက်ရ ဆိုပြီး ပြဿ  နာဖြစ် တိုင်း ကျောင်း စည်းကမ်းနှင့် အရေးယူ ပါက ထိုကျောင်းသား နစ်နာပါလိမ့်မည်။ ထိုကိစ္စကို မည်ကဲ့သို့ ဖြေရှင်းကြမည်နည်း။

ကျွန်တော် သည် ကျောင်းဆရာ တစ်ဦးမဟုတ်သလို ကလေးစိတ် ပညာနှင့်ပတ်သက်၍လည်း နကန်း တစ်လုံး မျှ သိသူမဟုတ်ပါ။ သို့သော် လူတိုင်းလို ကလေးဘ၀ ကို ဖြတ်သန်း လာခဲ့ကြ သည့် အလျောက် ကလေးတို့ သဘာဝကို ကိုယ်ချင်းစာ နားလည်နိုင်ပါသည်။

လောကတွင် ရှိရှိ သမျှသတ္တ၀ါတိုင်း အသိအမှတ်ပြုခံချင်ကြသည် ။ မြစ်ကြီးနား က မောင်ဆိုင်း လတ် အောင် လို ကျွန်တော် လည်း ငယ်စဉ်က ပုံဆွဲ၍ အရိုက်ခံ ခဲ့ရသည်။ သို့သော် ကျွန်တော့် မြန်မာစာ ဆရာသည် ခေါင်းခေါက်ပြီး သည်နှင့် “မင်းပုံတွေ က ကောင်းသားပဲကွ။ 

ဒီလို လုပ်ပါလား၊ မင်း ပုံဆွဲ စာအုပ် တစ်အုပ် သပ်သပ်ထား။ ပန်းချီ ဆရာ လုပ်မယ် ဆိုရင် ရန်ကုန် ကို ဆင်း၊ အဲဒီမှာ ငါ့သား တစ်ယောက် ပန်းချီ.ဆီမှာဆွဲနေတယ်။ အခုလောလော ဆယ်တော့ စာပဲကြိုးစား ပါဦးကွာ ဟု အား ပေးစကားဆိုသည်။

ထိုစဉ်က ခေါင်း အခေါက်ခံ ရ၍ ထူပူနေသည် ကိုပင် မေ့သွားပါသည်။ ဆရာက ငါဆွဲထားတဲ့ ပုံတွေ ကို အသိအမှတ်တော့ပြုတာပဲ ဟုလည်း ကျေနပ်သွားသည် ထင်ပါသည်။ ယခုပြန် စဉ်းစားကြည့် လိုက်တော့ ထို ပထမဆုံး အကြိမ်အတွက် ခေါင်းခေါက်ဆုံး မခြင်း မလုပ်ဘဲ အသိ အမှတ်ပြု သတိပေးပြီး နောက် တစ်ကြိမ် အပြစ်လုပ်မှသာ သင့်တော်သလို ဆုံးမလျှင် ပိုမကောင်းပါလား ဟုတွေးမိပါသည်။

သို့သော် ကျွန်တော် အခေါက် ခံရသည့် အဖြစ်က မောင်ဆိုင်းလတ်အောင် ဦးခေါင်း အရိုက်ခံရ သလောက် မဆိုးဟု ထင်သည်။ မည်သို့ဆိုစေ ကလေးဦးခေါင်း ကို မရိုက်သင့်ဟု သာမြင် ပါ သည်။ ကလေးတို့ မှာ ကိုယ်ခန္ဓာသာ နုနယ်သည် မဟုတ်၊ စိတ်ခံစားမှု ကလည်း နုနယ်သေး သည် သာ ဖြစ်သည်။ ဆရာ/ဆရာမ ကို ကြောက်ရွံ့ပြီး ကျောင်းစာ သင်ရမှာ မပျော်ပိုက်တော့ လျှင် ထိုကျောင်းသား အတွက် အလွန် နစ်နာပါသည်။ 

ကိုယ့်သားသမီး လို သဘောမထား ဟု ဆိုရအောင် ကလည်း အချို့ မိဘများမှာ အသိဥာဏ် နိမ့်ပါး ၍ ကိုယ့်သားသမီးကို ပင် ကျွဲရိုက်နွားရိုက် ရိုက်သည့် မိဘမျိုးလည်း ရှိပါသည်။ အချို့ ခန္ဓာကိုယ် ကျိုး/ကန်း သွားသည် အထိ ရိုက်နှက်ဆုံးမသော  မိဘမျိုး ကိုလည်း တွေ့ဖူးကြ ပါလိမ့်မည်။ 

ကျွန်တော် ကတော့ မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ် ဆိုသည့် အတိုင်း သားသမီး/ တပည့် တို့ ကို သဘောပေါက် နားလည်အောင် ကြိုတင် ၍ နှုတ်ဖြင့် ဆုံးမ ပဲ့ပြင်ပြီး အပြစ်ကျူး လွန် သည့်အခါကျမှ သာ ကာယကံရှင် က လိုလိုလားလား ၀န်ခံပြီး ထိုက်သင့် သည့် အပြစ်ဒဏ် အား စနစ်တကျ ပေးသည့် မိဘ/ဆရာ သမားများ များများပေါ်ထွက် လာပါစေဟု ဆုတောင်းမိပါသည်။ 

ဆရာ/ဆရာမ များဆိုသည် ကလည်း ပုထုဇဉ် လူသားများဖြစ်သည့် အတွက် ၄င်းတို့၏ အိမ်တွင်းရေး အဆင်မပြေမှု များ၊ လောကဓံ အထုအထောင်းများ များစွာ ကြုံတွေ့ရပြီး တပည့် ဆိုးများနှင့် ကြုံ ရသော အခါ မိမိကိုယ်တိုင် သတိမထား လိုက်မိဘဲ နည်းလမ်း မမှန်သည့် ဆုံးမမှု မျိုးနှင့် သတိ လက်လွတ် တုံ့ပြန်လိုက်မိသည် များလည်း ရှိနိုင်ပါသည်။

သို့သော် ဆရာ/ဆရာမ များဆိုသည် မှာ စစ်သားတွေကို အုပ်ချုပ်ရသော တပ်မှူး တစ်ယောက် မဟုတ် သလို ကုမ္ပဏီဝန်ထမ်းတွေ ကို အုပ်ချုပ်ရသော မန်နေဂျာ တစ်ယောက်၊ သို့မဟုတ် လုပ်သား ပေါင်းများ စွာကို ကြီးကြပ်အုပ်ချုပ် နေရသော စက်ရုံမှုး တစ်ယောက်လည်း မဟုတ် ပါ။ နုနယ် လှသောနှလုံးသားပေါင်း များစွာက မိမိတို့၏ အပြော အဆို၊အနေအထိုင် ၊အပြု အမူ များ ကို စံနမူနာ ယူ ကြည့်ရှုနေကြပြီး ပညာရင်နို့သောက်စို့ ရန် ငံ့လင့်နေကြ သည့် ကျောင်း သားပေါင်း မြောက် များစွာ အား ပညာနှင့်မေတ္တာပေးဝေရ မည့် အာစရိယများ ပင်ဖြစ်ပါသည်။ 
   
ကြိမ်လုံး ကို လေထဲတွင် တရွှမ်းရွှမ်းဝှေ့ယမ်းပြရင်း မျက်ထောင့်နီကြီးနှင့် ကြည့်ပြီး မရိုက် ခဲ့သော  တောင်ပေါ်မြို့ ကလေးက ဆရာကို လည်း ကျေးဇူး တင်ပါသည်။ ခေါင်းကို တဒိုင်း ဒိုင်းခေါက် ပြီး ကျွန်တော့် မတောက် တခေါက် ပန်းချီ လက်ရာ များကို အသိ အမှတ်ပြုပေးခဲ့ သည့် အညာက မြန်မာ စာဆရာ ကိုလည်း ကျေးဇူးတင်မိပါသည်။ 

ကျွန်တော် ဆိုးလွန်း သဖြင့် မလွှဲမရှောင်သာ ရိုက်နှက် အပြစ်ပေး ဆုံးမ ရသည့်အခါတိုင်း စည်းမဲ့ ကမ်းမဲ့ တွေ့ရာနေရာ ကို ကြုံသလို ရိုက်လေ့ မရှိသော ကျွန်တော့် ဖခင်ကို လည်း ကျေးဇူး တင်ပါသည်။


ကလေးငယ် တို့၏ နှလုံးသားနုနုမှာ မြားတွေ စူးမ၀င်စတမ်း ကျွန်တော်တို့ မှန်ကန်သော နည်းဖြင့်   လမ်းပြနိုင်အောင် ကြိုးစားဖို့ အများကြီးလိုသေးသည်ဟု ထင်ပါသည်။  


   ကျော်ဇင်ထွန်း (မြစ်မခ)

No comments:

Post a Comment