Friday, August 9, 2013

ဒ၇န်စတစ် လေဒီဖင်းဂါးနှင့် ၇ဟန်းတစ်ပါး


 Shopping ဆိုသော စကားလုံးကို သူနဲ့ ရင်းနှီးခဲ့တာ သိုးဆောင်း စကားတွေကို စတင် သင်ယူ ချိန်က ဖြစ်သည်၊ shopping လို့ အသံထွက် ရွတ်ဆိုလိုက်တိုင်း ကုန်တိုက်ကြီးကြီးတစ်ခုမှာ၊ shopping mall တစ်ခုမှာ ဈေးဝယ်နေသော ပုံရိပ်တွေသာ သူ့အတွက် တစ်ရင်း တစ်နှီး မြင်ယောင်လေ့ရှိ သည်၊ ထိုထက် ဘာမှ မပို၊

Shopping ဆိုသော စကားလုံးကို ဈေးဝယ်ထွက်ခြင်း ဟု ဝေါဟာရတ္ထပြုရုံမှ တစ်ပါး သူ့အတွက် ထိုစဉ် အခါက လောက်လောက် လားလား အသား မကျခဲ့ပါ၊ ထိုဝေါဟာရ ထက်ကျော်လွန်ပြီး နားလည်အောင်လဲ သူမစဉ်းစား တတ်ခဲ့ပါ၊

သူ ရွှေပြည်ကြီး မန်းရွှေမြို့တော် တွင် နေစဉ်က ရတနာပုံ shopping mall နဲ့  78 shopping mall ကြီးတွေပေါ်သို့ မကြာခဏ window shopping ကြွရင်း ခြေချခဲ့ရ ဖူးသည်၊  တစ်ခါ တစ်ခါ ဈေးချိုတော်ကြီးဖက်တွင် ဖြတ်လျှောက်ရင်း လိုအပ်တာလေး များကို မျက်စိကစားရင်း ရှာဖွေဖူးခဲ့သည် ။


 စာမေးပွဲပြီးလို့ ရွာပြန်ရက်နီးလျှင် သစ်သီး တန်းဖက်က မြင့်မြင့်ခင် ၊ ဝေေ၀ချို၊ မခင်စိန် ၊ ရွှေဇီးကွက် ၊ အမျိုးသမီး နာမည် အများ အပြား နေရာ ယူထားသော ထိုးမုန့် ဗန်းတွေပေါ ရာ ဖက်ကို ဈေးဝယ် ထွက်တတ်သည်၊

ဈေးဝယ်ခြင်းအနုပညာသည် သူ့လို ရဟန်းတစ်ပါးနှင့် အံဝင်ခွင်ကျ သိပ်မရှိလှ၊ သူ့လို ရဟန်းတစ်ပါး အတွက် တစ်ခွန်းဆိုင်များက အငယ်နည်း အံဝင်ခွင်ကျ ဖြစ်နေတတ် သည်။

တစ်ချို့ဈေးသည်များက သူ့လို ရဟန်းတော်များကို ဘာမှမသိဟုအထင်ရှိကာ ဈေးနှုံး များကို ပိုပိုသာသာ ဆိုတတ်လေသည်၊ ရွှေပြည်ကြီး မှနေပြီး နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ပညာ သင်ရသောအခါ ဈေးဝယ် ခြင်း အနုပညာသည် သူ့အတွက် မရှိမဖြစ် လိုအပ်လာသည်၊

နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် ရွှေပြည်ကြီးမှာလို သပိတ်ပိုက်၍ ဆွမ်းရပ်၍ မရသော အခြေနေ တစ်ရပ်နှင့်ကြုံလာသည်၊ ထိုအခါ သူသည် သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် ဈေးဝယ်ခြင်း အနု ပညာနှင့် ချက်ပြုတ်ခြင်း အနုပညာကို မကျွမ်းမကျင် စတင်ထမ်းရွက်ရလေတော့သည်၊

ဈေးဝယ်ခြင်းသည် လွယ်မယောင်နဲ့ခက် တိမ်မယောင်နှင့် နက်နဲသော အနုပညာ တစ်ခု ဖြစ်မှန်း စတင်သဘောပေါက်လာသောအခါ၊ ရွှေပြည်ကြီး တွင် ချဉ်ရည် တစ်ခွက်လောင်းလှူ ဖူးသော ကျေးဇူးတရားနှင့် ၀က်သား တစ်ခွက် လောင်းလှူဖူးသော ကျေးဇူးတရားကို တစ်သား တည်း မေတ္တာပွားဖြစ်လာ သည် ။ 

 ချဉ်ရည်တစ်ခွက် လောင်းလှူစဉ် ညိုညိုငြင်ငြင်  စိတ်ထဲက ဖြစ်မိသော ဒေါသ ကို ယခုအခါ ကိုယ်တိုင်ဈေးဝယ် ၊ ချက်ပြုတ် အလုပ်ရှုတ်မှု တစ်ခု တိုး လာသော အခါ ချဉ်ရည်တစ်ခွက်၏ လက်ဝင်မှု အနုပညာ တစ်ရပ်ကို အသိအမှတ်ပြုတတ် လာသည်၊

ဈေးဝယ်ထွက်တိုင်း ၀ယ်ယူရမည့် ပစ္စည်းတွေနဲ့ အသားမကျသေးသော သူ့အတွက် ဈေးထွက်ခါနီးတိုင်း dictionary ကြည့်ရတာ အလုပ်တစ်ခု၊ tomato, potato, egg, brinjal, gourd,cauliflower, drumstick, lady’s finger စတဲ့ စကားလုံးများသည် သူအကြည့်အများဆုံးသော အသုံးအနှုံးများ ဖြစ်လာသည်၊

တစ်ခါတစ်ရံ သိုးသောင်း dictionary ထဲက စကားတွေနဲ့ မလုံလောက်သော အခါ ဒေသိယ စကားတွေကို အစားထိုးပြောဆိုရပြန်သည်၊ တစ်ချို့တစ်ချို့သော စကားလုံး အသုံးနှုံး အခေါ် အဝေါ်တွေ သည် ရွှေပြည်ကြီးက ဝေါဟာရများနဲ့ နီးစပ်နေပြန်သည်၊

ဥပမာ ကလာဘတ်၊ အာလူး၊ ဂျင်းဂျား၊ စသော စကားလုံးများသည် ရွှေပြည်ကြီးက အသံထွက် သလို နဲနဲလေး သူတို့ဆီက ဒေသိယစကားနဲ့ ခပ်ပြင်းပြင်းလေး အသံထွက်ပြီး မေးဝယ်လျှင် အဆင်ပြေတဲ့အခါလည်း ရှိတတ်သည်၊

သူ့အတွက် သစ်သီးသစ်ရွက်များ ၀ယ်ယူရာတွင် အခက်အခဲသိပ်မရှိလှပေမယ့် အသားငါးများ ၀ယ်ယူရာတွင် များစွာခက်ခဲလေတော့သည်၊ မဇ္ဈိမဒေသ တစ်ဝန်းတွင် ဆာဒူး၊ ဆာမိ၊ ပဏ္ဍိတ်ကြီး များသည် အသားငါးကို ရှောင်ရှားကြတာ များလေသည်၊ သူ့တို့အားလည်း ဤဒေသရှိလူအများက ဆာမိ၊ ဗောဓိဓမ္မဟု အထင်ရှိသောအခါ  vegetarian စားသူများဟု ယူဆထားကြလေတော့ သည်၊

တစ်ခါသားကျောင်းအပြန် တွင် ကျောင်းသား တစ်ယောက်က သူအား-

“မင်းက ဂျိန်းဘာသာလားဟု”မေးလေသည်၊

“မဟုတ်ဘူး ငါက ဗုဒ္ဓဘာသာ”ဟုဖြေသောအခါ

“ဒါဆို သားသတ်လွတ် စားတာလား”

“မဟုတ်ဘူး၊ တို့ က အသားငါး စားတယ်” လို့ ဖြေလိုက်သော အခါ

ထိုကျောင်းသား သည် သူ့နဲ့ ခပ်ဝေးဝေး သို့ ခုန်ပြီး ဆုတ်ခွါ သွားတာ ကြုံရဖူးသည်၊

သူ့ရောက်ရှိကျောင်း တက်နေသော အနမလိုင်း တက္ကသိုလ်ကြီး တွင် တနင်္ဂနွေနေ့ တိုင်း ကျောင်းသားများ အတွက် ရောင်းချသော အခွန် လွတ်ဈေးလေးရှိလေသည်၊ တစ်ခြား shopping mall ကြီးတွေထက် စာလျှင် ဈေးချိုလေ့ ရှိသည်၊ သို့သော် အ၀ယ်မ တတ်လျှင် အလေးခိုး တာ၊ ကီလိုလျှော့တာတွေနဲ့ ကြုံဆုံရတတ်သည်၊

သူ့အတွက် ထိုဈေးလေးသို့ သွားဝယ်ပါများလာသောအခါ မည်သည့်ဆိုင်က ကီလိုပြည့်သည်၊ မည်သည့်ဆိုင်က အလေးခိုးသည်၊ ဈေးချိုသည် စသည်စသည်ကို အလွတ်ရလာခဲ့ သည်၊

အပတ်စဉ်တနင်္ဂနွေတိုင်း သူသည် ထိုဈေးလေး သို့ သွားသွား ၀ယ်တတ်နေသည်၊ သူ့ဈေးခြင်းတောင်းထဲ တွင် drum stick နှင့် lady’s finger က ခပ်များများ၊ အသား ငါးသည် သူတို့ရဲ့ ဘတ်ဂျက်လိုနေမှု အခြေနေအရ တစ်ပတ်တစ်ခါ၊ အသားဓာတ်ရ အောင် အလှည့်ကျနဲ့ ကြံဆောင်ရပြန်သည်၊

သူ ရဟန်းဖြစ်စက သိမ် ထဲတွင် ဥပဇ္ဈာယ် ဆရာတော် ဘုရားသြ၀ါဒပေးသော-

“ရဟန်း ဆိုတာ တည်ရာလေးပါး၊ မှီရာလေးပါး ရှိတယ် ၊ မှီရာလေးပါး ဆိုတာ

(၁) ဆွမ်း၊

(၂) သင်္ကန်း၊

(၃) ကျောင်း

( ၄) ဆေး တို့ဖြစ်တယ်၊

ဆွမ်းနဲ့ ပတ်သက် လာရင် မြတ်စွာဘုရားက သလုံးမြင်းခေါင်း အကြောင်းပြုပြီး ကိုယ် တိုင် ဆွမ်း ခံစားရမယ်၊ အေး ဘုန်းကံများကြီးလို့ကတော့ ပို့ဆွမ်းတွေ၊ ပင့်ဖိတ်တဲ့ ဆွမ်းတွေကို စားနိုင် ဘုန်းပေးနိုင်တယ်၊ ငါ့ရှင်၊”.....

ဆိုသော သြ၀ါဒ စကားများသည် သူ့နားတွင် အစဉ် ကြားယောင် လျှက် ခုတော့သူသည် shopping ဆိုသော စကားလုံးနဲ့ နေသားတကျဖြစ်လာနေပြီ၊ သားသတ်လွတ် နီးပါး မဇ္ဈိမ ဟင်းလျှာ များနှင့် လဲ မစိမ်းမကား  ။



ရွှေမန်းသား၊
July 31, 2013 at 12:40pm
http://mingalargarden.blogspot.in/   မှ မျှဝေဖေါ်ပြသည်

No comments:

Post a Comment