Sunday, August 11, 2013

ကလေး များ ဓါတု ပစ္စည်း ထိတွေ့မှု အန္တ၇ာယ် လျော့ကျစေ၇န်




ကလေးတွေ ဟာ ကိုယ်ခံစွမ်းအားစနစ် အလုံအလောက် မဖွံ့ဖြိုးသေးတဲ့ အတွက် ဓာတု ပစ္စည်းတွေ ရဲ့ ဒဏ်ကို ပိုခံရနိုင်ပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတဲ့ ကလေးတွေဟာ ကျန်းမာရေး ထိခိုက်မှုများတဲ့ အတွက် ကလေးတွေ ဓာတုပစ္စည်းနဲ့ ထိတွေ့မှု အန္တရာယ် လျော့ ကျစေဖို့ မိဘနဲ့ အုပ်ထိန်းသူတိုင်း လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။ 

(၁) အိမ်လုပ် အစားအသောက်များကို ဦးစားပေးပြီး ကျွေးပါ။
ကလေးတွေ အတွက် အကောင်းဆုံးကတော့ အိမ်မှာ စိုက်ပျိုးထားတဲ့ သြဂဲနစ် အပင်ထွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ချက်ပြုတ် ပြင်ဆင်ပြီး ကျွေးတာပဲ ဖြစ်ပါတယ်။ ဈေးက ၀ယ်လာတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ရှလကာရည် တစ်ဆ၊ ရေကိုး ဆ ရောပြီး သေချာ ဆေးကြောပေးပါ။ ဒါဆိုရင် ကလေးတွေ အနေနဲ့ ပိုးသတ်ဆေး ထိတွေ့ မှုကို လျော့ကျစေနိုင်ပါတယ်။



 
(၂) ငါးကို ဂရုစိုက်ပြီး ကျွေးပါ။
ကလေးတွေ အတွက် ငါးအကောင်သေးတွေက အန္တရာယ်ကင်း ပါတယ်။ ငါးက ကြီးလေလေ၊ ပိုးသတ်ဆေးနဲ့ ပြဒါးလို အပြင်းစား သတ္တုတွေနဲ့ ထိတွေ့မှု မြင့်မားလေလေ ဖြစ်တာကြောင့် ကလေးကို အကောင်သေးတဲ့ ငါးကို ဦးစားပေးပြီး ကျွေးပါ။
 

(၃) သန့်စင်ထားသော ရေကို တိုက်ပါ။
ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်း ထိတွေ့မှုကို လျော့ကျစေဖို့ စစ်ထား တဲ့ ရေနဲ့ သန့်စင်ထားတဲ့ရေ သောက်ပါ။
 

(၄) အိမ်ကို သဘာဝနည်းဖြင့် ရှင်းလင်းပါ။
ဆော်ဒါမှုန့်၊ ရှလကာရည် စတာတွေနဲ့ အိမ်သန့်ရှင်းရေး ပြုလုပ်ပါ။ ဓာတုပစ္စည်း ပါဝင်မှု များတဲ့ အဆိပ်ရှိ သန့်စင်ပစ္စည်းတွေဟာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို ပန်းနာရင်ကျပ် ရောဂါ ထစေနိုင်ပါတယ်။ ဒါ့အပြင် အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပြီး ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။
 

(၅) အိမ်တွင်း ပလတ်စတစ် အသုံးပြုမှုကို လျှော့ချပါ။
ပလတ်စတစ်ဘူး၊ ပလတ်စတစ်ခွက်နဲ့ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစားအသောက် ဘူးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ကျွေးတဲ့အခါ ဖန်ထည် အမျိုးအစားကိုပဲ သုံးပါ။
 

(၆) အိမ်တွင်း ဥယျာဉ် စိုက်ပျိုးပါ။
အိမ်တွင်း သစ်ပင်ပန်းမာန်တွေ စိုက်ပျိုးတာက လေထု ညစ်ညမ်းမှု ကင်းစင်စေပြီး လေကောင်းလေ သန့် ရရှိစေပါတယ်။
 

(၇) အရုပ်များကို သတိထားပါ။
ပလတ်စတစ် အရုပ်တွေမှာ phthalates ဓာတ် ပါဝင်တာကြောင့် ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သစ်သား၊ ပိတ်စ၊ သဘာဝအမျှင်နဲ့ စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေက ပလတ်စတစ် အရုပ်တွေထက် ပိုပြီး အန္တရာယ်ကင်းပါတယ်။
 

(၈) ချက်ပြုတ်နည်းကို ဆင်ခြင်ပါ။
ကင်တဲ့နည်းနဲ့ ဆီနဲ့ ကြော်တဲ့ နည်းထက် ပြုတ်တဲ့ နည်း၊ ပေါင်းတဲ့ နည်းတွေကို သုံးပြီး ဟင်း လျာတွေကို ပြင်ဆင်ပြီး ကျွေးသင့်ပါတယ်။
 

(၉) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အန္တရာယ်ကို သတိပြုပါ။
ကလေးတွေ ဆေးလိပ်ငွေ့ မရှူ ဖြစ်စေဖို့ ကလေးရှေ့မှာ ဆေးလိပ် မသောက်ပါ နဲ့။ ဆေး လိပ် သောက်နေသူနားမှာ ကလေးကို မထားသင့်ပါ။
 

(၁၀) ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ကလေးကို ဆေးတိုက်ပါ။
ကလေးတွေကို ဆေးတိုက်တဲ့ အခါ၊ အထူးသဖြင့် ပဋိဇီဝ ပိုးသတ်ဆေးတွေကို တိုက်တဲ့အခါ ဆရာဝန် ညွှန်ကြားမှသာ တိုက်ပါ။ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေး စတာတွေ တိုက်မယ် ဆိုရင် အရောင်တု၊ အနံ့အတု စတာတွေ မပါတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။


           pyimyanmar journal မှမျှဝေဖေါ်ပြသည် 

No comments:

Post a Comment