Saturday, August 17, 2013

လေးဖြူ


လေးဖြူ




ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာသည်လောကနဲ့မသက်ဆိုင်တဲ့လုပ်ငန်းထဲရောက်
သွားပါတယ်။ အဲဒါကတော့ စားသောက်ကုန် ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းမှာ အုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။

အဲဒီမှာရောက်တော့ အရင်ကလို သီချင်းတောထဲမှာတော့ အချိန်ပြည့်ရှိ မနေနိုင်တော့တဲ့ အတွက်အစကတော့မနေတတ်သလိုပါ

ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ၀ါသနာပါပါ တယ် ။ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ တဲ့JVC စတီရီယို ကက်ဆက် ကလေး ရှိပါတယ်။ ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေက ဂစ်တာလေ့ကျင့်ခန်းခွေတွေ များပါတယ်။

သူနဲ့တွေ့မှ နိုင်ငံခြားက ရော့ဂစ်တာ ဘုရင်တွေဖြစ်တဲ့ ဂျင်မီဟင်းဒရစ်တို့ ၊စတီဗိုင်းတို့၊ ဂျိုးဆက်သီ၇ာနီတို့ဆိုတဲ့ နာမယ်တွေရော သူတို့ လက်သံဒေါင်ဒေါင်လန် တွေကို ပါကြားဘူး ပါတော့တယ်။

သူကတော့ တီးလုံးတွေဖွင့်ပြ ပြီးရင် ဒီနားလေးက တီးလို့ အရမ်းခက်တာ ဘယ်လိုတီးရတာ တို့ကိုပြော ရင်းသူ့ဟော်လိုဂစ်တာလေးနဲ့လဲ တီးပြပါတယ်။ တက်ပင်ပေါက် တာက ဒီလိုဆို ဂစ်တာကြိုးကို လက်နဲ့ပုတ်ပုတ်ပြီး အသံတွေထွက်အောင် လုပ်လုပ်ပြတာ။


 
အစကတော့ကျနော့်နားထဲမှာဒေါင်ဒေါင် ဒန့်ဒန့်တို့ ဒွန်……………ဒူန့်ဒူန့်တို့ကို ဘဲကြားတာပေါ့။
နောက်မှသူက ရော့စကေးကဘယ်လို သူကဒရမ်ရိုက်ချက်ပေါ်မှာမှီပြီး အသံကို ရစ်တင်တာတို့ ဆွဲတင်တာတို့တွေကိုပြောပြလို့လား ဒါမှမဟုတ်နေ့စဉ်ကြားနေရ လို့ နားယဉ်ပြီးနားထောင် တတ်လာလို့လားတော့မသိ သူတို့တီးတဲ့တီးကွက်တွေကို ခံစားလို့ရလာသလိုပါဘဲ။

သူပြောမှသိလိုက်ရတာ မြန်မာပြည်မှ ဂစ်တာ ဆရာကြီးက စောဘွဲ့မှူး ဆိုတာရယ် သူသင်ပေးနေ တဲ့ထွက်မလာသေးတဲ့ ချစ်စမ်းမောင် ဆိုတာရယ် အဆိုတော်လွှမ်းမိုးကလဲ ဂစ်တာအတီးကောင်းတယ်ဆိုတာတို့ သီချင်းအေးအေးလေးတွေဆိုတဲ့ ခင်မောင်တိုး သီချင်းတွေ မှာ စန္ဒယားလှထွတ်သား ဇော်မျိုးထွဋ်က သီချင်းဆိုလိုအပိုဒ်တွေမှာ ရော့စကေးဝင်အောင် ဘယ်လိုတီးတယ်ဆိုတာတွေကိုပြောပြတော့ သိလှပြီလို့ထင်ထားတဲ့ကျနော့်မှာ ပါးစပ် အဟောင်းသားပါ။

သူကဆက်ပြောပြပါသေးတယ် လူတွေက ရော့က်ဆိုရင် ၀ုန်းဒိုင်းကြဲပြီးဆူနေအောင် တီးကြဆိုကြတာကိုထင်နေတယ် အဲဒါမှားတယ် ရော့က်မှာလဲ အအေးလေးတွေရှိ ပါတယ်။ရော့က်ဆိုတာ ဂစ်တာတီးတဲ့စကေးတစ်ခုကို သတ်မှတ်တယ်လို့ပြောပါတယ်။

သူက အရပ်ရှိုးပွဲလေးတွေမှာလဲ အပျော်တမ်းလိုက်တီးပါတယ် ပိုက်ဆံပေးငှားတယ် ဆိုတဲ့ပွဲမှာတောင် သူကပိုက်ဆံထပ်စိုက်ရတာများပါတယ်။
သူ့မှာလဲ ဂီတနဲ့ပါတ်သက်တဲ့ အပေါင်းအသင်းတွေက အများကြီးပါ။

တစ်ရက် သူရန်ကုန်ကပြန်လာတဲ့အခါ ကျနော်နားထောင်ဘို့ဆိုပြီး ကက်ဆက်ခွေလေး တစ်ခွေယူလာပါတယ်။ ရော့က်အဆိုတော်အသစ် အသံအစုံမထည့်ရသေးဘူး ခွေကြမ်း (3)ပုဒ်ထဲဘဲပါ ပါတယ်။(သန်းခေါင်ယံ ညနက်ထဲ သံစဉ်များနဲ့ ………………. အလင်းရောင်………..ရင်ခုန်သံတွေနီးစပ်ပါရစေအချစ်ရေ……………..)
ပါဘဲ။

အဲဒီထဲမှာပါတဲ့ ကျန်တဲ့သီချင်းတွေကတော့ လုံးဝအမြူးတွေပါ။ ဘယ်သူလဲ လို့မေးတော့ မကြာခင်ထွက်မဲ့ အဆိုတော်အသစ် ပါတဲ့။ နောက်ခွေထွက်မှ သိလာရတာကတော့ ကျနော်ဆီပါလာတဲ့သီချင်းက(အလင်းရောင် ဆိုတဲ့ အလွမ်းသီချင်းလေးရယ် ။ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့ရယ်။ညရဲ့ဆူးရယ်ပါ။

ဒါလေးနားထောင်ပြီးလို့မကြာခင်မှာဘဲ ကန္တာရလမင်း ဆိုတဲ့ခွေလေးနဲ့ လေးဖြူဆိုတဲ့
မြန်မာပြည်ကရိုးရိုးလေးဝတ်လို့ အေးအေးလေးနေတတ်သူ ရော့က်ကာတစ်ယောက်ကို
 မွေးဖွားပေးလိုက်ပါတော့တယ်။နောက်ဆက်တိုက်ဘဲ ပင်လယ်အော်သံဆိုတဲ့ ခွေလေးထွက် လာတဲ့အခါမှာ လေးဖြူဟာခိုင်မာသော ဘ၀ကို ရယူနိုင်သွားပါတယ်။

ဘာလို့ခို်င်မာတဲ့ဘ၀ကိုရယူနိုင်တယ်လို့ ပြောရသလဲဆိုရင် တစ်ချို့သောအဆိုတော်များမှာ (ဥပမာ ဗဒင်)ပထမခွေနဲ့အောင်မြင်ပေမဲ့နောက်ခွေမှာ ကျတော့ ခပ်အေးအေးဖြစ်သွား တတ်လို့ပါဘဲ။

လေးဖြူ နာမယ်ကြီးခဲ့တဲ့သီချင်းတွေကတော့ (အိပ်မက်ရထား ။မုန်း လိုက် ။နောက်ထပ်တို့ မဝေးဘူး ။မျှော်လင့်ခြင်းလေး ။စုန်းမ ။သေခြင်းရဲ့တံခါးများ ။လွမ်းတဲ့စိတ်။ အသုံးမကျတဲ့နှင်းဆီ။ အလွမ်းများတစ်ကိုယ်ရေလွမ်းဆွတ်မူ့ ။လိပ်ပြာ ။အဖေ။)သီချင်းတွေအပြင် လူကြိုက်များတဲ့သီချင်းတွေများပါတယ်။

ထူးဆန်းတယ်ပြောရမှာက ရော့က်သီချင်းဆို ဆူမှညံမှ ပွက်လောရိုက်မှလို့ထင်နေတဲ့သူများ ကို အလင်းရောင်လို လွမ်းတဲ့စိတ်လို သီချင်းအေးအေးလေးများနဲ့ဖမ်းစားထားနိုင်တာပါဘဲ။
နောက်ပြီး မြန်မာပြည်မှ ပထမဆုံးလို့ပြောနိုင်တဲ့ နှစ်ပုဒ်ထဲပါတဲ့မဉ္ဇူရီဆိုတဲ့
သီချင်းခွေလေးကို ထုတ်ပြခဲ့တာပါဘဲ။ဒါပေမဲ့ ငွေကြေးအပိုင်းမှာမအောင်မြင်တော့ တစ်ခါထဲပါဖြစ်သွားပါတယ်။

နောက် သူ့ညီအငဲနဲ့ မျိုးကြီးနဲ့တွဲလို့ စောဘွဲ့မှူးအမှတ်တရခွေပြီးတဲ့နောက်မှာ စင်ပေါ်မတက်တော့ဘူး အသက်ကြီးပြီဆိုပြီးနားလိုက်ပါတယ် ။ဒါပေမဲ့ နာဂစ်ရန်ပုံငွေပွဲအတွက်ဆိုပြီး အလှူပေးဘို့အတွက်စင်ပေါ်ပြန်တက်လာတဲ့အခါမှာချစ်သောပရိသတ်များက

အားပေးလိုက်ကြတာ ဘယ်သူမှလိုက်မမှီအောင် ၀က်ဝက်ကွဲပါဘဲ။
(လူကိုရူးမတတ်ဖြစ်စေတဲ့ …….သံယောဇဉ် …….ဒီသံယောဇဉ်………………….)တို့
(အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့ 

လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်……..ဘယ်ဆီကိုမင်းရောက်နေတယ်……….ဘယ်သူနဲ့
မင်းရှိနေတယ်) ဆိုတဲ့ ထူးခြားစွာ ပင်လယ်ကမ်းစပ်မှာ အမှတ်တရသွားတီးထားတဲ့ B0B ကတော့ သူ့နောက်ဆုံးခွေပါဘဲ။

သူနဲဇော်ဝင်းထွဋ်ကို နိုင်းယှဉ်ကြည့်မယ်ဆိုရင် ဇော်ဝင်းထွဋ်ကတော့ ၀တ်တားစားတာ လုံးဝအမြင့်တွေပါ။

လေးဖြူကတော့ ဂျင်းဘောင်းဘီ အနွမ်းလေး အကျီအကွက်ကလေး တီရှပ်ကလေးနဲ့   ရိုးရိုးလေးဆိုတော့လူငယ် တွေနဲ့ပိုနီးသလိုခံစားရပါတယ်။

လေးဖြူနဲ့အတူ မြန်မာပြည်က အိုင်စီလို့ခေါ်တဲ့တီးဝိုင်းရယ် (စောဘွဲ့မှူးကတော့ ဂစ်တာ ဘုရားပေါ့) ဂစ်တာသမားအသစ်ကလေး ချစ်စမ်းမောင် (အတော်တော်တဲ့ ပါရမီ ရှင်ပြောရင်မမှားပါ)ရယ် ကေအေတီဆိုတဲ့ သီချင်းရေးဆရာ အသစ်ရယ်မွေးဖွားလာပါတယ်။

နောက် လေးဖြူနဲ့ အသံဆင်တူတဲ့ အဆိုတော်တစ်ယောက်ထွက်လာပါတယ်။
သူနာမယ်ကြီးလာတဲ့သီချင်းကလဲ မန်းလေး တက္ကသိုလ်ကညများကို လွမ်းတဲ့သီချင်းလေးတွေနဲ့ပါ။
လေးဖြူနဲ့ တူဆိုနောက်မှ သိလာရတာက လေးဖြူရဲ့ညီအရင်း နာမယ်ရိုးပေမဲ့ အကြားဆန်းနေ
တဲ့ (အငဲ)ပါ။

လေးဖြူနဲ့ တူသလိုထင်ရပေမဲ့ သူကလဲသူ့စတိုင်နဲ့သူရပ်တည်သူပါ။
သူနဲ့သူ့အကိုတို့အိုင်စီ ရှိုးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အတည်ပေါက်ဟာသတွေထုတ်သွားကြတဲ့

(ဒီသီချင်းကို သူဒီညမဆိုရရင်သူသေသွားနိုင်တယ်…………….)တို့
(အမျိုးအရင်းတွေက မယုံရဘူးတို့ ဟောကြည့် ……လူကြီးရှက်တော့ စပ်ဖြီးဖြီးကြီး)လို့တစ်ယောက်နဲ့တစ်ယောက်
နောက်ကျတာလေးက အတော်ကိုကြည်နူးစရာကောင်းပါတယ်။

အငဲရဲ့နာမယ်ကြီးသီချင်းများကတော့ (85 မန္တလေးညများ ။နူးညံ့တဲ့အမိန့်တော်အတိုင်း ။မျှော်လင့်ခြင်းကွင်းပြင်။ အကြည့်။
ကိုယ်ရေးရာဇ၀င်။ လမ်းပြပါဦး ။ဘေဘီ။ )

နောက်ထူးထူးခြားခြား ခင်မောင်ထူးသီချင်းကို ပုံစံသစ်နဲ့ပြန်ဆိုလိုက်တာကို လူတွေခိုက်သွားတဲ့
(ဒွေးမယ်နော်  ငွေတောင်ပြည်ပြန်သွား…………………..ဇာတ်ထဲမှာတော့ မင်းသားလေးလို သည်ဇာတ်ဟာအလွမ်းဆုံးဟေ……………………)


လေးဖြူ ၏ ပထမဆုံးခွေ ထွက်ပြီးသောအခါ လေးဖြူ ၏ Vocal Power သည် နိုင်ငံ၇ပ်ခြားမှ Vocalist  တွေ ကို ယှဉ်နိုင်သော Vocal Power ဖြစ်ကြောင်း တစ်ချို့က ချီးကြူးကြသည်။ လူငယ်အများစုကတော့ အရူးအမူး စွဲလမ်းစွာဖြင့် လေးဖြူ ၏ အလံတော် အောက် ခိုလှုံ လိုက် ကြတော့သည်။

 လေးဖြူ စတိတ်ရိုးမှာ အလင်းရောင် သီချင်းကိုဆိုလျှင် ဖယောင်း တိုင်ကလေး ကလေးတွေ မီးညှိကာ၊ ဂက်စ်မီးခြစ်ကလေးတွေ မီးညှိကာ လက်တွေ ဝေ့၀ဲ ကာ လိုက်ဆိုကြသည်မှာ အားရစရာ။ တစ်ခါက သီချင်းဆိုပြိုင်ပွဲ တစ်ခု ကျင်းပသည်။ 

အကြောင်းအရာစုံ၊ သီချင်းမျိုးစုံ ပြိုင်လာကြ သော်လည်း နောက်ဆုံး ဇကာတင် အဆင့်ရောက်သော အခါ လေးဖြူ  သီချင်း ဆိုမည့်သူ နှင့် ဇော်ဝင်းထွဋ် သီချင်း ဆိုမည့်သူ ဟု နှစ်မျိုး သာ ရှိတော့ကြောင်း တွေ့ခဲ့ရ ဘူးသည်။ IRON CROSS တီးဝိုင်းနှင့် တွဲကာ အရည် အခြင်းပြည့် အခွေတွေ ဖန်တီးခဲ့သည်။ 

ရန်ကုန်မဟာ သင်္ကြန်တွေကို ကြီးစိုးမင်းမူခဲ့ဘူးသည်။သို့နှင့် နောက်မှ ၀င်လာသော် လည်း ရော့ခ် ဘုရင်ကြီး ဇော်ဝင်းထွဋ်ကို ပခုံးချင်း ယှဉ်လာနိုင်သူ တစ်ယောက်ဖြစ်လာခဲ့သည်။ ဂီတ လမ်းကြောင်း ကြီးပေါ်တွင် ဇော်ဝင်းထွဋ် က နေတစ်စင်း ဟုဆိုလျှင် လေးဖြူ က လတစ်စင်း အဖြစ် ၀င့် ထည်ခဲ့ဘူးသည်။

သို့နှယ် လူငယ်ပရိတ်သတ် က စတိတ်ရိုးတိုင်းတွင် သူ ထွက်မလာမခြင်း လေးဖြူ၊လေးဖြူ ဟု သံပြိုင်အော် ညာသံပေး ကာအားပေးခြင်းခံရသည့်တိုင်၊ အခွေထွက်လျှင် Promotion ကံစမ်းမဲ မပါပဲ အရူးအမူး လုဝယ်ကြသည့်တိုင်၊ သူ့ ကိုချစ်သော ပရိတ်သတ် က အားပေးမှုကို ပြသသည့် အနေနှင့် IRON CROSS UNPLUGGED ဟူသော စတစ်ကာ၊ 

IRONCROSS ACOUSTIC ဟူသော စတစ်ကာ၊ ခဏလေးများ ဟူသော စတစ်ကာ များ ကို ကားများ၊ ဆိုင်များ ၊ အိမ်များ တွင် မကြုံစဘူးလောက်အောင် ကပ်ခဲ့ကြသော်လည်း  လေးဖြူ က သူ့ဟန်၊သူ့စတိုင် အတိုင်း မှန်သည်ထင် သည့်လမ်း ကို ရဲရဲလျှောက်လေသည်။

တစ်ခါက သူ့ကို ဗျူးသူတစ်ယောက် ကို သူ့သီချင်း နားမထောင်ဘူးဘဲနှင့် ဘာလို့ လာဗျူး သလဲ လို့ ပေါက်ကွဲခဲ့ဘူးသည်။ သူ့စတိတ်ရိုး မှာ သီချင်းဆိုနေတုံး လာပေးသော၊လာဆွဲပေး သော ပန်းကုံးများကို စိတ်မရှည်စွာ ဆွဲဖြတ်ပစ်ဘူးသည်။ မလေးရှား ပွဲ မှာ စင်ပေါ်တက်အား ပေးသူ တစ်ချို့ နှင့် ကတောက်ကဆ ဖြစ်ခဲ့ဘူးသည်။ 

သူ့ကို လေးဖြူ ဟု ဖြစ်စေသော၊ စတိတ်ရိုးတိုင်းတွင် အတောင်းဆို ခံရဆုံး ဖြစ်ခဲ့သော ၊အလင်းရောင် ဆိုသည့် သီချင်းကို အကောင်းဆုံးသီချင်းများ လက်ရွေးစင် အခွေ ထုတ်သော အခါတွင် ဖြုတ်ထားခဲ့ခြင်းဖြင့် တေးရေးဆရာ ကို နာကျည်းမှုတွေ ပေးဘူးသည်။

သူ့အောင်မြင်မှု အထွဋ်ရောက်လုသော ပါဝါ၅၄ သည် ခေတ္တ အပိတ်ခံရဘူးသည်။ တက္ကသိုလ် ရိပ်သာလမ်းမကြီး က ခြံကျယ်ကြီးတစ်ခြံ ၏ နံပါတ် နှင့် တိုက်ဆိုင်နေလို့ အပိတ်ခံရတာလို့ တီးတိုးပြောခံရဘူးသည် ။နောက်တော့ ၅၄ ပြုတ်ကာ ပါဝါ ဆိုသောအမည် နှင့် ဆက်ထွက် ခွင့်ရဘူးလေသည်။ 

သူ့ ညီ အငဲ က တေးရေးတေး ဆို အဖြစ် အောင်မြင် နေချိန်တွင် လေးဖြူ က သီချင်းဆို သက်သက် ဖြစ်နေ ခဲ့သော်လည်း အငဲ နှင့် တွေ့ဆုံခန်း တစ်ခု တွင် သူက အခု ရူးချင်ယောင်ဆောင်နေ တာပါ။ သူ (လေးဖြူ) သီချင်းတွေ စရေးတဲ့ အချိန် တုန်းက အငဲ အနေနှင့် သီချင်းရေးဘို့ ကြိုးစားနေတုန်း၊ လေးဖြူ က သီချင်းရေး တာ စော ခဲ့ကြောင်း ပြောပြ ဘူးသည်။

သူနံမည်ကြီးခဲ့တာက ကော်ပီ သီချင်းတွေ ဖြစ်ခဲ့သော်လည်း ကိုယ်ပိုင်သံစဉ်( နိုင်ငံတကာ နှင့် ယှဉ်နိုင်သော ၊ခွန်အားပြည့်သော စာသား၊ အရည်အချင်းပြည့်သော သံစဉ်) ကို သူ ရူး သွပ်သူ ဖြစ်သည်။ သူ အိမ်မက် မက်ခဲ့လေသည်။ 

ဒီ အိမ်မက် ကို ဖြစ်စေတာလွန်ခဲ့သော ၁၀ နှစ်လောက်က သူ့ကို ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သော အာရှသီချင်း ပွဲတော် ကို မြန်မာပြည်ကိုယ်စားပြု အဖိတ်ခံရခြင်းကလည်း အချက်တစ်ချက် ပါလိမ့် မည်။သူမြန်မာကိုယ် စားပြု သီချင်းဆိုရမည် ဟု စဉ်စားသော အခါ သူဆို စရာ လောက်လောက် လားလား ကိုယ်ပိုင်သံစဉ် သီချင်းမရှိခဲ့ ။

သို့နှင့်ထူးအိမ်သင် သီဆိုခဲ့ဘူးသော“ရာဇ၀င်များရဲ့ သတို့သမီး” ကို ဂျပန် နိုင်ငံတွင်ကျင်းပသော အာရှသီချင်း ပွဲတော် တွင် သီဆိုခဲ့လေသည်။ ခွန်အားပြည့်ဝသော အသံ၊စာသား၊သံစဉ် ဟု တိုက်ရိုက် ဘာသာပြန် ဖော်ပြနေသော တီဗွီ စကရင် ကို ကြည့်ကာ ဂျပန်တွေက မှတ်ချက်ပြု ခဲ့သည်။

သို့ နှင့် ထူးအိမ်သင်၊ မောင်မောင် ဇော်လတ်၊ အယ်ဖြူ စသော ကိုယ်ပိုင်သံစဉ်ဖန်တီးသူ များနှင့် တွေ့ဆုံလက်တွဲကာ အကောင်အထည်ဖော်ဖြစ်ခဲ့သော သူ့ ကိုယ်ပိုင်သံစဉ် အိမ်မက် ကို လိပ်ပြာ တွင် ချပြခဲ့သောအခါ သူ့ပရိတ်သတ်တွေထက် ဂီတ သမားအချင်းချင်းကြား ချီးကြူးလေး စားမှုတွေ ရခဲ့ဘူးသည်။ အဆိုတော် ဖြိုးကြီး နှင့် တွေ့ ဆုံခန်း တစ်ခုတွင် အခုလောလောဆယ် ဘာဖြစ်ချင်နေသလဲ လို့ မေးရင် လေးဖြူ ဖြစ်ချင်တယ် ဆိုသော စကားမျိုး ပြောခဲ့ဘူးလေသည်။

 ဖြူဖြူကျော်သိန်း သည်လည်း ကျောင်းသူဘ၀ က လေးဖြူ ၏ အမှတ်တရ လက်မှတ် ကို ရယူဘို့ အချိန်တော်တော်ကြာ စောင့်ပြီး ရင်ခုန်ခဲ့ရဘူးကြောင်း စာအုပ် တစ်အုပ်တွင် အမှတ် တရ ပြော ခဲ့ ဘူးသလို IRON CROSS စတိတ်ရိုးတစ်ခုတွင် လေးဖြူ ဟုရေးထားသော အလံ ကို လေ ထဲဝှေ့ ရမ်း အား ပေးခဲ့သော ဖြူဖြူကျော်သိန်း ကို တွေ့ခဲ့ရဘူးလေသည်။

IRON-CROSS ACOUSTIC စတိတ်ရိုး ဖြင့် သူ့ပရိတ်သတ်တွေကို အားပါးတရ ဖြေဖျော်ပြီး ချိန်တွင် သူက မမျှော်လင့်ပဲ ကြေငြာချက်တစ်ရပ် ထုတ်လေသည်။ သူ စတိတ်ရိုး မဆိုတော့ ဟု။ အားလုံး အငိုက်မိသွားသလို ကြောင်သွားကြသည်။ 

အဆိုတော်ကြီး ဇော်ဝင်းထွဋ် က ဂီတလောကသား ဖြစ်လာလျှင် ကိုယ့်ကိုကိုယ် မပိုင်တော့ကြောင်း ၊ နားလိုတိုင်း နားလို့ မရကြောင်း ၊ သူကတော့ ပရိတ်သတ် ရှိနေသမျှ သီဆို နေဦး မှာဖြစ်ကြောင်း တွေ့ဆုံခန်း တစ်ခု မှာ ပြောကြားခဲ့ဘူးသည်။

 လေးဖြူ မပါဝင်ပါ ဟု ကြိုတင်ကြေငြာ ထားသည့် တိုင် လေးဖြူ၊လေးဖြူ ဟု သံပြိုင်အော် ညာသံပေး ကာ ထွက်လာလိုထွက်လာ ငြား အော်ကာ သီချင်းတောင်းနေသော ပရိသတ် ၊ လေးဖြူ စတိတ်ရိုး ဆိုလျှင် သီဆိုခ သိန်း သုံးရာ ပေးပါမည် ဟု ကမ်းလှမ်းလာသော ပရိုဂျူဆာ များ ကို မျက်ကွယ်ပြုကာသူ သည် သူ့သီချင်းခွေ ကောင်းဘို့ အရေး ကိုသာ ကြိုးပမ်းနေတော့ သည်။

ကျွန်တော်တို့ကြည့်ခွင့်ရသော လေးဖြူ ၏ နောက်ဆုံးစတိတ်ရိုး ဖြစ်ကောင်း ဖြစ်နိုင်ဖွယ် ရာ ရှိသော IRON-CROSSACOUSTIC စတိတ်ရိုး ကို ပြန်ကြည့်လေတိုင်း စိတ်ကြည်နှုး စရာ ကောင်းလေသော ဇာတ်ကွက် တစ်ကွက် ကို တွေ့ခွင့်ရပါသည်။

“ကျွန်တော့ဘ၀ ကို အပြောင်းလဲကြီး ပြောင်းလဲစေသော သီချင်းတစ်ပုဒ် ကို ဖျော်ဖြေချင်ပါ တယ်” အစချီကာ ဂစ်တာသံ အင်ထရို ၀င်ပြီးချိန်တွင် “အလင်းရောင်” ဟု အသံပြာကြီး နှင့် စတင်လိုက်ချိန်တွင် မှင်သက်သွားသော ပရိတ်သတ်၏ ၀မ်းသာအားရ အားပေးသံ၊လက်ခုတ် သြဘာသံများကို ကြားလိုက်ရချိန်တွင် ကျွန်တော်ကတော့ တေးရေးသူ သော်ဒီဝေ ၏ ၀မ်းသာ အားရဖြစ်နေမည့် မျက်နှာကြီးကို တွေးကာ ကြည်နှုးနေမိပါတော့သည်။


မှတ်ချက်။    ။ ဤ ဆောင်းပါးပါ အကြောင်းအရာ များသည် အခြား အခြားသော website နှင့် blog များ group များ မှ ရယူဖော်ပြခြင်း သာဖြစ်ပါသည်။ ကျွန်ုပ် Ghanashyam Ghimire ၏ မူပိုင် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ လေးဖြူ    ချစ်သူများအားလည်း လွတ်လပ် စွာ ပြန် လည် မျှဝေခွင့်ပြုပါသည်။ ကျွန်ုပ်အား ခွင့်တောင်းနေရန် မလိုပါ။ 


Love Peace and Rock 'n' Roll = Bliss. Rock on guys! :)
 December 22, 2010 at 3:02pm

No comments:

Post a Comment