Thursday, November 14, 2013

အနုပညာရှင်များ ပရိသတ်ကို အကြွေးမဆပ်ရသေးပါ

 

 


ဘယ်နိုင်ငံတွင်မှ မရှိသေးသည့် ကမ္ဘာကိုပင် တင်ပို့နိုင်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပေါင်းများ စွာ က မြန်မာ အနုပညာဖန်တီးသူတို့၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲက ဆင်ဆာ ကန့်သတ်ချက် ဖြေလျှော့ပေးပြီးသည့်နောက် သမိုင်းနှင့်ချီသော မြန်မာပြည် တွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း များစွာက သူတို့ကို ကိုင်တွယ်ဖန်တီးမည့်သူများအား အသင့်စောင့်ကြိုနေသော်လည်း မြန်မာ့ရုပ်ရှင်ကမူ အများကြိုက်ဖန်တီးမှု ၀င်္ကပါထဲမှ ရုန်းမထွက်နိုင်သေးပါ။
 

ဆင်ဆာတားဆီးပိတ်ဆို့ ခံထားရခြင်းကြောင့် အနုပညာထုတ်ကုန်များ မတောက်ပြောင်နိုင်ကြောင်း ထပ် တလဲလဲပြောကြားမှုများ ၂၀၁၁ နှစ်ကုန်တွင် ရပ်တန့်သွားခဲ့ပါသည်။ ဖန်တီးမှုအသစ်များ မျှော်မှန်း သလောက် မရရှိသော စောင့်ကြည့်သူတို့၏ ဝေဖန်သံများ ညံလာပြန်သောအခါ မြန်မာ့ရုပ်ရှင်အဆင့်အတန်း တိုးတက်မလာခြင်းအတွက် ခေတ်မီစက်ပစ္စည်းကိရိယာ မပြည့်စုံမှုနှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူ ရှားပါးခြင်း ဆိုသည့် စကားလုံးများက ရှေ့တန်းရောက်လာပြန်သည်။

သို့သော် ယင်းအချက်များက မြန်မာ့ရုပ်ရှင်တိုးတက်မလာခြင်းအတွက် အတားအဆီး အစစ်အမှန်မဟုတ်ကြောင်း ယနေ့သက်ရှိထင်ရှား စိတ်ဝင်စားဖွယ်ဇာတ်လမ်းများက ငြင်းဆန်နေပါသည်။

KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် ကိုကိုးကျွန်းက ထွက်ပြေးလွတ်မြောက်သွားသည့် အကြောင်း ရိုက်ချင်ပါသလား။ သက်ရှိထင်ရှား ဖဒိုမန်းငြိမ်းမောင်ထံတွင် အနီးကပ်လေ့လာ ရိုက်ကူးနိုင် ပါသည်။ ကမ္ဘာကျော်ပါပီလွန်နှင့် Cast Away လောက်တော့ ဖဒိုမန်းငြိမ်းမောင်ဖြစ်ရပ် က ကျော်ဖြတ် သွားနိုင်သည့် ကမ္ဘာကျော်နိုင်ဖွယ် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ဇာဂနာက မချင့်မရဲဖြစ်စွာ ပြောကြားသည်။

၈၈ အရေးတော်ပုံက မွေးထုတ်လိုက်သည့် ဘ၀ပေါင်းများစွာ ယခုပြင်ပကမ္ဘာတွင် သက်ရှိထင်ရှားရှိနေ ပါသေးသည်။ မြောက်ပိုင်းကျောင်းသားများအကြောင်း ရိုက်လိုပါက ဖြေဆိုလိုသည့် အရေးတော်ပုံကျောင်း သားဟောင်းကြီးများ ပြည်တွင်းတွင် ထင်ထင်ပေါ်ပေါ် ရပ်တည်လှုပ်ရှားနေပါသည်။

လက်ရှိ နိုင်ငံတစ်ဝန်း ခြိမ်းခြောက်ခံနေရသည့် လယ်ယာမြေဆုံးရှုံးမှုပြဿနာအကြောင်း ရိုက်ပြလိုပါသလား။ ဆက်တင်အကြီးကြီးနှင့် စတူဒီယိုအကြီးကြီးများဆောက်၍ ရိုက်ရန်မလိုပါ။ လယ်သမားကြီးများနှင့် ဒွေးရော ယှက်တင် ဆွေးနွေးမေးမြန်းလိုက်ရုံနှင့်ပင် အစိုးရပုဂ္ဂိုလ်မင်းတို့ထံ ထိရောက်သော သတင်းစကားပါး လိုက်နိုင်ပါသည်။

အချက်အလက်များ စုဆောင်း၍ အသေအချာစနစ်တကျ ရိုက်ကူးပါက ကမ္ဘာသို့တင်ပို့နိုင်သော ဇာတ်လမ်းပေါင်းများစွာမှာ ရိုက်ကူးမကုန်နိုင်အောင် များပြားလွန်းလှသည်။

ခက်သည်က ယနေ့မြန်မာ့ရုပ်ရှင်သည် လူသားများအပေါ် အနုပညာလွှမ်းမိုးမှု အားကြီးလွန်းသည့်အချက်ကို အသုံးမချနိုင်ဘဲ မြန်မာ့လူမှုအသိုင်းအ၀ိုင်း၏ အတွေးအခေါ်ပိုင်းကို ပြုပြင်ပြောင်းလဲပစ်နိုင်သည့် ထိရောက်အားကောင်းသော သတင်းစကားပါးနိုင်သည့် ဇာတ်ကားမျိုး မထွက်ပေါ်နိုင်သေးခြင်းပင်ဖြစ်သည်။

ရုပ်ရှင်ကားတိုင်းက သတင်းစကား ပေးနိုင်မည်မဟုတ်သော်လည်း သမိုင်းတွင်သည့်ဇာတ်ကားတိုင်းကတော့ ပရိသတ်ကို အနုပညာပြောင်မြောက်မှုတစ်ခုတည်းမဟုတ်ဘဲ တွေးတောစရာ၊ သင်ခန်းစာယူစရာတစ်ခုခု ကြီးကြီးမားမားရှိကြောင်း ဇာတ်ညွှန်းဆရာဦးရဲနိုင်မိုးကပြောသည်။

ရုပ်ရှင်ကားတိုင်းတွင် ကောင်းမွန်သည့်မက်ဆေ့ခ်ျ ပေးကိုပေးရမည်ဆိုသည့် ပုံသေနည်းမှာ မဖြစ်သင့်သော် လည်း ရုပ်ရှင်ထဲက မြင်ရ၊ ကြားရသည့် အတွေးအခေါ်တစ်ခုသည်လည်း မက်ဆေ့ခ်ျဖြစ်နိုင်ကြောင်း၊ အချို့ မက်ဆေ့ခ်ျများမှာ ဖန်တီးသူကပေးသော်လည်း ခံစားသူက မရိပ်မိ၊ မရရှိခြင်းများလည်းရှိကြောင်း ဒါရိုက်တာ ရီဇော်ကပြောကြားသည်။

“ဒီတိုင်းပြည်မှာ ရုပ်ရှင်ဗီဒီယိုဖန်တီးသူနဲ့ ခံစားသူပြည်သူတွေက အပြန်အလှန် ဖျက်ဆီးနေကြတာ။ ဖန်တီး သူက အပေါစားဖန်တီးတယ်။ အဲဒီအတွက် အပေါစားကို စွဲလမ်းလာတဲ့ ပြည်သူဟာ အပေါစားပဲ ကြည့်ချင်တော့တယ်။ ကြည့်တဲ့သူအကြိုက်လိုက်ပြီး ဖန်တီးသူကလည်း အပေါစားပဲဖန်တီးတော့ အပြန်အလှန်ဖျက်ဆီးသလို ဖြစ်နေတယ်”ဟု ဦးရဲနိုင်မိုးကပြောသည်။

ယနေ့ အချို့သော မြန်မာဗီဒီယိုဇာတ်ကားများတွင် ခါးအောက်ပိုင်းပြက်လုံးများ၊ လိင်အသားပေးပြကွက်များ၊ အယူလွဲမှားစေသည့် တင်ပြမှုများကို ရိုက်ကူးထားခြင်းကြောင့် မြန်မာဇာတ်ကားကို မိမိ၏ကလေးများအား ကြည့်ရှုခွင့်ပြုရန်ပင် စိုးရိမ်နေသည့် မိဘများရှိနေကြသည်။ ထို့ပြင် အင်မတန်မှ ထိရှလွယ်သော လူမျိုးရေး၊ ဘာသာရေး ထိခိုက်သည့် အသုံးအနှုန်းများကိုပင် ဟာသလုပ်ထည့်ရိုက်လိုက်သောကြောင့် လူသိ ရှင်ကြား ပြန်လည်ဖြေရှင်းတောင်းပန်ရမှုများက ရေနစ်နေသည့် မြန်မာ့ရုပ်ရှင်ကို ၀ါးကူထိုးနှစ် သလို ဖြစ်နေပြန်ပါသည်။

ထို့ပြင် မြန်မာအနုပညာရှင်အချို့ သုံးနှုန်းလေ့ရှိသည့် စကားတစ်ခွန်းက အနုပညာရှင်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန်မလိုဟု ယူဆထားခြင်းပင်ဖြစ်သည်။

“နိုင်ငံရေးနဲ့မပတ်သက်ချင်ဘူးလို့ မပြောကြပါနဲ့။ ဟောလိဝုဒ်က မက်ဒေမွန်တို့ ဘောလုံးကွင်းထဲ ဆင်းပြီး ဘောလုံးကန်မနေဘူး။ ဒါပေမဲ့ သူတို့သမိုင်းရှိတယ်။ နိုင်ငံတကာမှာ Good Shephard လို စီအိုင်အေထောက်လှမ်းရေးတစ်ယောက်ကို ဘယ်လိုမွေးထုတ်လဲဆိုတဲ့ ဇာတ်ကားမျိုး၊ သတင်း စာလွတ်လပ်ခွင့်အတွက် Nothing But The Truth လိုကားမျိုး၊ အမေရိကမှာ ၀က်ဝက် ကွဲအောင်မြင်နေတဲ့ West Wing လို ရုပ်သံစီးရီးဟာ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာစေဖို့ရိုက်တဲ့ ဇာတ်ကားတွေပါ”ဟု ဇာဂနာကပြောသည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်းသည် တိုးတက်မလာခြင်းမှာ အချက်သုံးချက်ကြောင့် ဖြစ်သည်။ တရားခံ ရှာ သည့်အကျင့်ကို မပြင်ခြင်း၊ ပေါ်ပင်လုပ်သည့်အကျင့်ကို မပြင်ခြင်းနှင့် စာမဖတ်မလေ့လာ သည့်ဓလေ့ကို မပြင်ခြင်းတို့ဖြစ်ကြောင်း ဇာဂနာကပြောသည်။

“စတူဒီယိုမရှိလို့၊ စက်မရှိလို့၊ ရုပ်ရှင်ရုံမရှိလို့၊ ဆင်ဆာမူဝါဒစသဖြင့် ပြောလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ၀မ်းစာဖြည့်ဖို့၊ ပရိသတ်လိုအင်ဖြည့်ဆည်းဖို့၊ ဒါတွေအားမထုတ်ဘူး။ အစိုးရက ပိုက်ဆံချေးပေးဖို့၊ အစိုးရက အရင်းအနှီးထုတ်ပေးဖို့ တစာစာပြောနေမယ့်အစား ကိုယ့်အချင်းချင်း တိုင်တိုင်ပင်ပင်နဲ့ အရည်အသွေး တက်အောင် Brain Storming ဦးနှောက်မုန်တိုင်းဆင်ကြပါလို့ တိုက်တွန်းချင်တယ်”ဟု ဇာဂနာကပြောသည်။

သင်ယူလေ့လာစရာနည်းပါး၍ အပျော်ကြည့်ဇာတ်ကားများသာ နေရာရနေခြင်းက မည်သည့်နိုင်ငံတွင်မှ မရှိ သည့် ဗီဒီယိုဇာတ်ကားဈေးကွက်ရှိနေပြီး ရေစီးကြောင်းထဲက ပရိသတ်များအကြိုက်ကိုသာ လိုက်လျောနေ ခြင်း ၊ Industry ထဲရှိ လူအားလုံးနီးပါးမှာ ပရော်ဖက်ရှင်နယ်ကျကျ မလုပ်နိုင်ခြင်းတို့ကြောင့်ဟု ၂၀၁၃ ခုနှစ် လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်တွင် ပရိသတ်အကြိုက်ဆုံးဆုရရှိခဲ့သည့် Film Maker ကိုထွန်းထွန်းအေးကပြောသည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်း တိုးတက်ဖို့အတွက် စက်ပစ္စည်းကိရိယာ မစုံလင်ခြင်းက အဓိကမကျဘဲ ဖန်တီး မှုကသာ အဓိကကျသည်ဟု သူကလက်ခံထားသည်။

“ Hardware ပိုင်း မပြည့်စုံဘူးဆိုတာတော့ ကျွန်တော်လက်မခံဘူး။ အခု MTV တွေရိုက်နေတဲ့ ကိုအာကာ တို့လို မျိုးဆက်သစ်တွေတောင် DSLR ကင်မရာနဲ့ နိုင်ငံတကာအဆင့်မီ ရိုက်ပြသွားနိုင်တယ်။ အဓိကအချက် ကတော့ ဒီရုပ်ရှင် Industry မှာ ပါဝင်ပတ်သက်သူတိုင်းက ပရိုမကျတာပဲ။ သရုပ်ဆောင်အဖြစ် အောင်မြင် လာရင် ဒါရိုက်တာဖြစ်ချင်တယ်။ တချို့ ဇာတ်ညွှန်းမရှိဘဲ တန်းပြီးတည်းဖြတ်တယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုမရှိကြဘူး”ဟု ၎င်းကပြောကြားသည်။

ရုပ်ရှင်သည် ကြီးမားသောအနုပညာနှင့် အတွေးအခေါ်ကို ပေါင်းစပ်ထားသည့် အရာတစ် ခုဖြစ်ပြီး နိုင်ငံ တကာတွင် နိုင်ငံရေးအရဖြစ်စေ၊ အတွေးအခေါ်အရဖြစ်စေ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင် သည်။ ခေတ်၏ အတွေးအခေါ်ကိုလည်း ထင်ဟပ်ပြသသည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်များလည်း ဂရုတစိုက်ကြည့်ဖို့ လို အပ်သလို ကိုယ့်ရဲ့လုပ်ရပ်နှင့် ပြည်သူတို့၏ မျက်ရည်တွေကို ပြန်လည်သုံးသပ် သင်ခန်းစာယူနိုင် မည်ဖြစ်ကြောင်း ဦးရဲနိုင်မိုးကပြောသည်။

နိုင်ငံတကာ ရုပ်ရှင်သရုပ်ဆောင်အများစုမှာ မိမိတို့လောကအတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံလေ့ ရှိသော် လည်း မြန်မာ့ရုပ်ရှင်လောကတွင်တော့ ရုပ်ရှင်လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မထက် သန်လှကြပေ။

ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ခုတွင် ပြည်ပအနုပညာရှင်တစ်ဦးက မြန်မာတွင် နာမည်ကြီးမင်းသား၊ မင်းသမီး၊ ဒါရိုက်တာများ ရုပ်ရှင်လုပ်ငန်းတွင် မည်မျှပြန်လည် ရင်းနှီးမြှုပ်နှံပါ သလဲဟု မေးမြန်းခံခဲ့ရဖူးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောကြားသည်။

ရေးသားသူ- အေးသူစံ၊ ကြူကြူဟန်၊ ဇွဲဉာဏ်

7Day News Journal


From...Thit Htoo Lwin

No comments:

Post a Comment