Friday, November 22, 2013

စိတ်ကို ဘယ်လိုကူးရပါ့



(တစ်) အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု ယန္တရားကြီးကြောင့် ပျက်စီး သွားရတဲ့ နယ်ပယ် အသီးသီး ထဲမှာ လူတွေ ရဲ့ စိတ်ကူး စိတ်သန်းနယ်ပယ် လည်းပါမယ်လို့ ကျွန်တော် ထင်တယ်ဗျာ။

မြန်မာ့ စီးပွားရေး လောက ချုံးချုံး ကျသွား ရကြောင်းကိုတော့ ၀န်ခံထားကြပြီး သားပါ။ မြန်မာ့ ပညာရေးလော က သုံးစား မရတော့ကြောင်းလည်းဆွေးနွေး ခဲ့ကြပြီး သားပါ။ မြန်မာ့ အားကစားလောက ဖုတ်လှိုက် ဖုတ် လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ် ခဲ့ကြပြီးသားပါ။  မြန်မာ့ အနုပညာလောက စံချိန်စံညွှန်းတွေ လျော့ကျသွားကြောင်းလည်း ဝေဖန်ခဲ့ကြပြီးသားပါ။ 

ဘယ်ခေါင်းစဉ်ခွဲ ကိုပဲ ကောက်လှန်လှန် သိပ်မဟန်တာတွေ ချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။ အဲဒီလိုမြန်မာတို့ ပျက်သွား ရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့ အခါ စိတ်ကူးပုံ စိတ်ကူးနည်းတွေ အထိ ကမ္ဘာက သြချရလောက်အောင် ပျက်စီး ယိုယွင်းသွားကြရတဲ့ အကြောင်းတွေ ကဖြင့် မကြားချင်မှ အဆုံးပါပဲ။

(နှစ်) ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ စာရေးသူ ကျွန်တော့်ကို မကြာခဏမျှဝေပေး တတ်ကြပါတယ်။ တစ်ခါမှာတော့ တစ်ယောက်က ဂျပန် မီးရထား စီး သူတွေနဲ့ ဂျပန် ဘူတာရုံတွေ အကြောင်းကို ဖောက်သည်ချလာခဲ့ ပါလေရော။ 

စာဖတ်သူ ကျွန်တော့် မိတ်ဆွေ တို့ တိရိစာန်ဥယျာဉ် အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင် ပါ တယ်။ လူဝင်တဲ့အခါ ဒလက်က လည် သွားပြီး လူက ဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူ ထွက်ကို စနစ် တစ်ကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ ဆိုပါတော့။

ဂျပန်က မီးရထား ဘူတာရုံတွေမှာ အဲသည့်လို ဒလက်တွေ တပ်ထားပေး ပါတယ်။ ဒလက်ထဲ ကို လူဝင်ပြီး လှည့်တဲ့အခါလက်မှတ်တစ်စောင်ပေးလိုက်တာနဲ့ဒလက်က အလိုလိုလည်သွားပြီးသားဆိုပါတော့။ လက်မှတ်တစ်စောင်တည်းပေးပြီး ဒလက်ထဲမှာ လူနှစ်ယောက် ၀င်ရပ်ရင် ဒလက်က မလည်ပါဘူး။ ထစ်နေပါတယ် ဒါဆိုလူက မလည်တဲ့ဒလက်ထဲမှာတစ်နေပြီး အထဲကိုဝင်လို့မရတော့ပါဘူး။ သိပ်ကောင်းတဲ့ ဂျပန်စနစ်ပေါ့။

ဒါပေမဲ့အဲသည့်လို သိပ်ကောင်းတဲ့ ဂျပန်စနစ်ကို ခေါင်းခြောက်သွားအောင် လုပ်ဖို့ ပေါ်ပေါက်လာ တာ က မြန်မာ့စိတ်ကူးပါ။ မြန်မာနိုင်ငံသားက ဂျပန်ကို မေးပါတယ်။ လူနှစ်ယောက်က လူတစ်ယောက်တည်း နီးနီးလောက်ဖြစ်အောင်ဖက်ပြီးတော့ ကပ်ထားမယ်။ ပြီးတော့ လက်မှတ်တစ်စောင်တည်းပြပြီးဝင်မယ်ပေါ့။ ဂျပန်အမျိုးသားက ရယ်ပါတယ်။ မရပါဘူးဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက်ပဲကပ်ပြီး ၀င်ဝင်စက် ကနှစ်ယောက်မှန်းသိပါတယ်ပေါ့။ လက်မှတ်နှစ်စောင်မပေးရင် မလည်ပါဘူးပေါ့။

မြန်မာက လက်မလျှော့ပါဘူး။ ဒါဆို ကလေးတွေကုန်းပိုးသ လိုပိုးပြီးဝင်မယ်ဆိုရင်ရောပေါ့။ သည်တစ်ခါ မှာတော့ ဂျပန်ငိုင်ကျသွားပါတယ်။ Cross Question အမေးခံလိုက်ရတဲ့လူလို ဘာပြန် ဖြေရမှန်း မသိ ဖြစ် သွားပုံရပါတယ်။အေးဗျာ ကျွန်တော်တို့ ဂျပန်တွေ ဘယ်သူမှ အဲသည်လို မတွေးမိကြ ဘူးတဲ့။ စိတ်မကူး မိကြဘူးတဲ့။ ၀မ်းသာ ရမှာလား မသိ။ ၀မ်းနည်း ရမှာလား မသိ။ မြန်မာ့ ရဲ့ စိတ်ကူး ။

သူမတူအောင် ထောင့်စေ့ပုံ။ လူတစ်ယောက် အတွက် လက်မှတ် တစ်စောင်ခ သက်သာ အောင် ကုန်းပိုးပြီး ၀င်ရင် ရနိုင်တယ်လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ်မကူးမိကြ။

(သုံး) နောက်တစ်ခါ အခွေ ကိစ္စလေး ပြောချင်သေး တယ်ဗျ။ အမျိုးမျိုး အ ထွေထွေသော အခွေတွေပေါ့။ စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရော အစုံ။ ကျွန်တော်တို့ ဆီမှာ အဲသည့် အခွေမျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလောနဲ့ ၀ယ်လို့ရနိုင် တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့် မူရင်း အခွေတွေကို ငွေနှစ်ရာ နဲ့လည်း ရနိုင်၊ ငွေသုံးရာနဲ့လည်း ရနိုင်တဲ့ အခွေ တွေ ဆိုပါတော့။ လူထု ပါးစပ်ထဲ မှာကတော့ လွယ်လွယ်ခေါ်နေ တဲ့ ဝေါဟာရ တစ်လုံး ရှိပါတယ်။

 ခိုးကူးတဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်းအနှီးကြီးကြီးနဲ့ လုပ်ထားကြရ တဲ့ တေးဂီတ ထုတ်လုပ်သူတွေ၊ ရုပ် ရှင်ဗီဒီယို ထုတ်လုပ် သူတွေဟာ စီးပွားပျက်မတတ် ထိခိုက်ကြ ရတာ ကိုလည်း အားလုံးသိပြီးသားပါ ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန်ရှိသူတွေနဲ့၊ ရဲတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူဖို့ ဆောင် ရွက်နေကြ တာတွေ ကလည်း မကြာမကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေတဲ့ အခြေအနေ။

 တစ်ရက် အနောက်ကမ္ဘာ မှာ အနေကြာခဲ့ အနေကြာခဲ့သူ တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေဘက်ဆီကို စကားဝိုင်းရောက်သွားတော့ အိုင်တီ နည်းပညာ သိပ်ကိုရှေ့တန်း ရောက်တဲ့နိုင်ငံမှာ အခွေတွေကို ကူးမရောင်းဘူးလားလို့ ကျွန်တော်က မေးမိပါတယ်။ ဆိုကြပါစို့ လေဒီဂါဂါ ရဲ့အခွေ၊ တေလာ ဆွစ်ရဲ့အခွေ၊ ဂျပ်စတင်ဘီဘာ ရဲ့ အခွေ။

အမေးခံရတဲ့လူ ကြောင်တက်တက် ဖြစ်သွားသဗျ။ သူတို့ဆီမှာ တစ်ခါမှ စိတ်ကူးလေ့ ကူးထ မရှိတဲ့ စိတ်ကူး မျိုးကို သိလိုက်ရလို့ အံ့သြသွားပုံလည်း ရပါတယ်။ အေးဗျာ.. တဲ့။ ကူးရောင်းရင်တော့ ဈေး သက်သာမှာ သေ ချာပေါက်ပေါ့တဲ့။ ဒါပေမဲ့ အဲသည့် ကမ္ဘာက လူတွေက အဲသည်လိုမျိုး လုပ်ပြီး ပိုက်ဆံရှာဖို့ စိတ်ကူး လေ့ရှိကြပုံ မရဘူးတဲ့။ မအံ့သြဘူးလား။


(လေး) သွေးဆေးထဲမှာ အုတ်နီခဲမှုန့်ရောပြီး ရောင်းရင်ဖြစ်မယ်လို့ စိတ်ကူး သူတွေ ရှိပါတယ်။ နှမ်းထဲ မှာ ကျောက်စရစ်ခဲ ကလေးတွေ ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ် ကူးသူတွေ ရှိပါတယ်။ သူတစ် ပါး ပြုစုထားတဲ့ အဘိဓာန် စာအုပ်ကြီးထဲကနေ ကိုယ့်စိတ်ကြိုက် စကားလုံးတစ်ချို့ ရွေးထုတ်ကာ ကိုယ့်ကိုယ် ကိုယ် အိတ်ဆောင် အဘိ ဓာန်ပြုစုသူ လုပ်ရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ 

အနောက်တိုင်းဆေးပညာကနေလာတဲ့ သောက်ဆေးတွေကို အမှုန့်လုပ်၊ ပုလင်းထဲထည့်၊ ရွာစဉ် လှည့် ကာ မိမိကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေး အဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေး ဆရာကြီးအဖြစ် ကုသဖို့ စိတ်ကူးသူတွေ ရှိပါတယ်။

စိတ်ဆိုတာ ကူးလို့ရတဲ့ အရာဖြစ်လို့ ဘယ်သူ မဆို စိတ်ကူးနိုင်ခွင့် ရှိကြသူတွေ ချည်းပါပဲ ။ ဒါပေမဲ့ ဘယ်လို စိတ် ကူး မျိုးကို ကူးနေသလဲ၊ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကူးတဲ့ စိတ်ကူးမျိုးမှ ဟုတ်ရဲ့လားဆိုတာက ဘ၀ရဲ့ပြဿ     နာပါ။

ကြီးမြတ် တဲ့လူမျိုး ဟာ ပေါက်တတ် ကရတွေကို စိတ်ကူးလေ့ ကူးထ မရှိပါဘူး။ အခု ကျွန်တော်တို့ စိတ် ကူးနေကြတာတွေက လက်မှတ် တစ်စောင်တည်းနဲ့ လူနှစ်ယောက်ဝင်လို့ရအောင် ကုန်းပိုးပြီး ၀င်မယ်ဆိုတဲ့ စိတ်ကူးမျိုး။ သူများတစ်ကာ နှလုံးသားနဲ့၊ ဉာဏ်ပညာနဲ့ ရင်းနှီး ထုတ်လုပ် ထားတဲ့ အခွေကို ခိုးကူးမယ် ဆို တဲ့စိတ်ကူးမျိုး။

လူမျိုး တစ်မျိုးရဲ့ အဆင့်အတန်းကို ခန့်မှန်းတဲ့ အခါ သူတို့မှာ ဘယ်လို စိတ်ကူးမျိုးတွေ ရှိနေကြ သလဲဆိုတာ ကလည်း ထည့်သွင်း တိုင်းတာရတဲ့ ပေတံ တစ်ချောင်းပါ။ အခု...ကျွန်တော်တို့ စိတ်ကူးနေကြပုံတွေ...။
ရှက်ပါတယ်။ ။ 



မောင်သာချို
၇ိုး၇ာလေး

From...Search Myanmar



No comments:

Post a Comment