Tuesday, December 17, 2013

ဆီးဂိမ်းဘောလုံးပွဲ၏ အရှက်ရဖွယ် နိဂုံးနှင့် ပြည်သူတို့၏ မျက်ရည်စများကို ထပ်တူခံစားမိခြင်း

{•} အဆိပ်သင့်ပရိသတ်များ {•} ==================  ပရိတ်သတ်ကို အဆိပ်ခတ် ပတ်ဆောင်ဟွာက ... အင်ဒိုကို အထင်သေးလျက် ကျော်ဇေယျာဝင်းက ဆေးထိုးတယ် နောက်ကျမှ ရောက်လာသူ ... ကျော်ကိုကိုလည်း မကယ်နိုင် ... အိမ်ကွင်းမှာ မနိုင်တော့ အဆိုးဆုံး ပရိတ်သတ်အားလုံး ၀မ်းနည်းမဆုံး ဒီလိုပြောတာ တို့တွေဟာ ... ကိုယ့်မြန်မာမုန်းသူများ မဟုတ်ပါ ရှုံးသင့်လို့ ရှုံးတာ အပြစ်မဆိုဘူး ဒီအရှုံးဟာ မဖြစ်သင့်ဘူး ... အမှားတွေကို တစ်ခါ နှစ်ခါ ... သုံးလေးခါမက လက်ခံတာ အမြဲတမ်းရှုံးနေတာ လက်သင့်မခံဘူး တို့မြန်မာပရိသတ်လည်း သနားလှည့်ဦး။    မြ၀ဏိုးစံ


ဆီးဂိမ်းပွဲကြီးဟာ ပွဲကြီးပွဲကောင်းတွေနဲ့ ဆက်လက် စည်ကားနေဦးမှာ ဖြစ်ပေမယ့် ကျနော်တို့ရင်ထဲက ဆီးဂိမ်းကြီးကတော့ ပြီးလုနီးပါး ရှိခဲ့ပါပြီ။ မြန်မာ အမျိုးသမီးပွဲ ရှိသေးတာပဲလေလို့ တစ်စုံတစ်ယောက်က အရေးဆို လာသေးရင်တောင် အကုသိုလ် အများခံပြီး မကြည့်ရဲတော့တာ အမှန်ပါ။ နိုင်သွားမှ သာ ပျော်ရွှင် ဖို့လောက်ပဲ စိတ်ပါတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 

 ဒါဟာ ဘာ့ကြောင့်လည်းဆိုတော့ အမျိုးသားတွေရဲ့ ဆီးဂိမ်းနိဂုံးက လာတဲ့ နောက်ဆက်တွဲခံစားမှုကြောင့် ပါပဲ။ မြန်မာတစ်နိုင်ငံလုံးကလည်း ကျနော်နဲ့ ထပ်တူထပ်မျှခံစားနေကြရမယ်ဆိုတာကျနော် ကောင်းကောင်း နားလည်ပါတယ်။ ဒါ့ကြောင့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကြီးတစ်ခုလုံးနဲ့ နောက်ဆက်တွဲ အဖြစ် အပျက် များအပေါ် ကျနော့်အမြင် ကို ပွင့်ပွင့်လင်းလင်းချပြသွားမှာ ဖြစ်ပါတယ်။

 


အိမ်ရှင်အခွင့်အရေးက ဖိအားပြန်ဖြစ်သွားခြင်း
*****************************************

ဆီးဂိမ်းမှာ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမယ်ဆိုကတည်းက ကျနော်တို့တတွေဟာ အိမ်ရှင် အခွင့်အရေးတော့ ရပြီဆိုပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ ကိုယ့်မြေ ၊ ကိုယ့်ရေ ၊ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ စိတ်တိုင်းကျ ပျော်ရွှင်ရပြီဆိုပြီးတော့ အလွန်ဝမ်းမြောက်ခဲ့ကြပါတယ်။ သို့ပေမယ့် အိမ်ရှင်အခွင့်အရေးက ဖိအားပြန်ဖြစ်သွားနိုင် တယ်ဆိုတဲ့အချက်ကိုတော့ တွေးမိတဲ့သူ သိပ်ရှားလိမ့်မယ် ထင်မိပါတယ်။ 

အိမ်ရှင်ဖြစ်တဲ့အတွက် ကိုယ့်ပရိသတ်ရှေ့မှာ ခြေစွမ်းပြနိုင်မှာ ယေဘုယျအားဖြင့် မှန်သော်ငြား လည်း ခြေ စွမ်းပြ ချင်လွန်းနေတဲ့စိတ်တွေ၊ နာမည်ကြီးချင်လွန်းတဲ့ စိတ်တွေက အသင်းအတွက် ဖိအားဝင်နိုင် တယ်ဆို တာကို မေ့နေခဲ့ကြပါတယ်။ ဒီတော့…။ ရှင်းပါတယ်။ အရှက်ဟက်တက်ကွဲပြီ မဟုတ်လားဗျ။ 

 အိမ်ရှင်ဆိုတဲ့ အားသာချက်ကို သူများနိုင်ငံတွေ အပီသုံးပြနေတဲ့ အချိန်မှာ ကျနော်တို့ကတော့ အိမ်ရှင်ဆိုတဲ့ ဖိအား တစ်ခုကို ဖန်တီးပြီး အဲ့ဒီဖိအားတွေနဲ့ သန်းခြောက်ဆယ်သော ပြည်သူတွေရဲ့ မျက်ရည်တွေကို ညှစ်ထုတ်လိုက်ပါရောလား။ ( ဒီစာရေးနေတဲ့အချိန်မှာတောင် ကျနော် မျက်ရည်ကျနေတယ်ဗျာ )

နောက်တစ်ချက် ဒိုင်တွေရဲ့ ကျနော်တို့အပေါ် သဘောထား။ ရှင်းပါတယ်။ လူဆိုးစာရင်းဝင်တဲ့သူကို သူ့အိမ်ပေါ်မှာတက်ပြီး လူတစ်ယောက်က မတရားလုပ်ပစေဦးတော့။ လူဆိုးကိုသာ လူဆိုးလို့ မြင်မယ့် သဘောတရားကို အခြားနိုင်ငံက ဒိုင်တွေက ကောင်းကောင်းသိတယ်လေ။ မြန်မာနိုင်ငံ ဆိုတာက လည်း ဘောလုံးနဲ့ပတ်သက်ရင် နာမည်ပျက်ရှိဖူးတော့ ကိုယ့်ကို စော်ကားရင်တောင် သူတို့အမှားထက် ကိုယ့်လူတွေ အမှားကိုပဲ ကမ္ဘာက ပိုသိမယ်ဆိုတာ ဒင်းတို့ ကောင်းကောင်းသိကြသပေါ့။ 

တကယ်တော့ မတရားသာ အလုပ်ခံရရင် ဘယ်ပရိသတ်မဆို ဒီလိုပဲ လုပ်ကြမှာပါ။ ကျုပ်တို့ဆိုးတယ်။ ဟုတ်လား။ ဟားတိုက်လို့ရယ်လိုက်ချင်တော့တယ်။ ခဏခဏ မတရားအလုပ်ခံရမှတော့ ဆိုးပြီပေါ့ဗျ။ မဆိုးခံနိုင်တော့မလား။ လူတစ်ယောက်ဆိုးတာပဲ မြင်ပြီး တစ်ရပ်ကွက်လုံးသူ့ကို ၀ိုင်းအနိုင် ကျင့်နေ တာတော့ မမြင်သလို ဖြစ်နေကြပြီ။

အခုလည်း ဒိုင်တွေ၊ တစ်ဖက်အသင်းတွေ၊ အကွက်ကျကျ ညစ်ပတ်၊ ကျုပ်တို့တတွေ စိတ်ထားပြောင်းပြီး ရိုးရိုးသားသားအားပေးနေကြမှုကို ရိုင်းစိုင်းလာအောင် ချူဆီတွေထည့်သွားတာကိုတော့ ဘယ်သူမှ အရေးတယူလုပ်မှာ မဟုတ်ဘဲ ကျုပ်တို့ ရိုင်းတာကိုပဲ ကမ္ဘာသိအောင် ( ကိုယ့်နိုင်ငံသား သစ္စာဖောက်တွေ ကိုယ်တိုင် ) တင်ပြကြတော့မယ်ဆိုတာ သိနေပါတယ်ဗျာ။ အဲ့ဒါကြောင့် ခံပြင်းမိတာဗျ။ 

တီမောနဲ့ ပွဲမှာ သိသာနေတဲ့ ဘက်လိုက်မှုကြီးနဲ့ အိမ်ရှင် အခွင့်အရေး အပြည့်ပေးလိုက်တော့ ထိုင်းပွဲ၊ အင်ဒိုပွဲ အထိ ရှင်သန်လာလေ ဦးမလားလို့ မျှော်လင့်မိခဲ့တာ ကျနော်တို့ အပြစ်လားဗျာ။ ထိုင်းပွဲမှာ မသိမသာပြလာတဲ့ ဒင်းတို့ အကျင့်တွေ၊ နောက်ဆုံးပွဲ လည်းရောက်ရော၊ အိမ်ရှင်ကို တက်ပြီး မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေကို အရှက်မရှိလုပ်ကြတော့ တာပါပဲ။ ဒီတော့ ကျနော်တို့လည်း အိမ်ရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို ငဲ့ကြရရင်းနဲ့ လွန်လာတော့ ပေါက်ကွဲထွက်ကြရတာပေါ့ဗျာ။ ကျနော်တော့ အဲ့လိုပဲ နားလည်တယ်ဗျာ။

 

အသင်းလိုက် စုစည်းမှုမရှိဘဲ မိမိနာမည်ကြီးရေးကိုသာ အားပြုနေကြခြင်း
***************************************************************


ဒီကိစ္စမှာ အဓိက ပြောချင်တာတော့ အသင်းခေါင်းဆောင် နံပါတ်(၇) ကျော်ဇေယျာဝင်း ပါပဲ။ သူပဲလား ဆိုတော့ မဟုတ်ပါဘူး။ အခြားသူတွေလည်း ပါပါတယ်။ သူကတော့ ဒီနေ့ပွဲတင်မက၊ ထိုင်းနဲ့ပွဲ အတွက်ပါ တာဝန် အရှိဆုံး ကစားသမားလို့ ပြောချင်ပါတယ်။ အကြောင်းပြချက်ပေးပါ့မယ်။ တီမောနဲ့ပွဲမှာ သူ့ဖရီးကစ် ကနေ လမ်းကြောင်းပြောင်း ၀င်သွားပြီးကတည်းက သူဘ၀င်အတော်မြင့်သွားဟန်တူပါတယ်။ ကစားတဲ့ ပုံစံမှာ အသင်းလိုက်ထက် တစ်ကိုယ်ကောင်းကိုသာ တောက်လျှောက် ( ဒီနေ့ပွဲအပါအ၀င် ) ကစားသွား တာ လေ့လာမိခဲ့ပါတယ်။ 

သူ့ထက် ပိုပြီး အခွင့်အရေး သာတဲ့သူတွေ ရှိမှန်းသိလျက်နဲ့ မိမိသာ ဂိုးသွင်းသူလို့ နာမည်ရချင်တဲ့ စိတ်ဆိုး က သူ့ကို ဖိစီးထားပုံပေါ်ပါတယ်။ ဒါ့ကြောင့် တီမောနဲ့ပွဲမှာလည်း ဂိုးထက်ရသင့်ပါလျက်နဲ့ သူ့ကြောင့် ဂိုးထပ် မရခဲ့ဘူး။ အဲ့ဒီမှာ တီမောက ချေပဂိုး ပြန်သွင်းလိုက်တော့ မြန်မာတစ်သင်းလုံး ပျာသွားပါလေရော။ ဒိုင်ကူခဲ့လို့သာ နိုင်ခဲ့တာဆိုရင် အခုအချိန်မှာ လက်ခံနိုင်ကြလိမ့်မယ်ထင်ပါတယ်။ လက်မခံနိုင်ရင်လည်း အဲ့ဒီပွဲသာ ပြန်ကြည့်လိုက်ပါ။ ကျနော်ပြောတာ သဘောပေါက်ပါလိမ့်မယ်။

အဲ့ဒီပွဲမှာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သရေ ကျတော့မတတ် ဖြစ်ခဲ့ရပေမယ့် ဒိုင်ကူကာ အနိုင် ရခဲ့လေတာကြောင့် သူကတော့ အမှတ်မရှိဘဲ သူ့ရဲ့ တစ်ကိုယ်ကောင်း စိတ်ဓာတ်ဆိုးတွေကို ထိုင်းပွဲအထိ သယ်ဆောင် လာခဲ့ပါတယ်။ သူ့ကြောင့်သာမဟုတ်ခဲ့ရင် ထိုင်းကို နိုင်နိုင်ချေရှိပြီး အုပ်စုကအစော ကြီး အေးဆေး ကျွတ်နိုင်တာကိုတော့ ကြည့်နေကြသူအားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။

 နောက်ဆုံးပွဲမှာလည်း သူဆက်ပြီး တစ်ကိုယ်ကောင်းဆန်နေသေးတာကတော့ သူ့ရဲ့ တိုင်းပြည်အတွက် လုံးဝမကြည့်တဲ့ စိတ်ကို ရှင်းလင်းစွာ တွေ့ခဲ့ရပါတယ်။ သူက ကစားသမားကောင်းပါ။ ဒါပေမယ့် တစ်ကိုယ်ကောင်း ဆန်လွန်းတာကြောင့် ဒုတိယပိုင်းမှာ ( မတတ်သာတော့တဲ့ အဆုံး ) လူစားလဲလိုက် ရပါတယ်။ ကစားသမားကောင်းတစ်ယောက် ကွင်းထဲမှ လျော့သွားခြင်းက အရှုံးကို ဦးတည်စေလိုက်တာပါ။

အဲ့လိုပြောလို့ ကျန်တဲ့သူတွေက အကုန်ကောင်းတယ်လို့ ပြောတာတော့မဟုတ်ဘူးနော်။ သို့ပေမယ့် ကြည်လင်းနဲ့ ကျော်ကိုကို ရဲ့ အားထုတ်မှုတွေကိုတော့ အသိအမှတ်ပြုခဲ့ ရသလို ဒီရှုံးနိမ့်မှုမှာ သူတို့တွေကို သနားမိဆုံးပါပဲ။ သူတို့ကလွဲရင် ကျန်သူများကလည်း ကျော်ဇေယျာဝင်းကို မမှီရင်နေမယ်၊ သူ့လောက်နီး နီး လေးစား စရာကောင်းလောက်တဲ့ တစ်ကိုယ်ကောင်း စိတ်နေစိတ်ထားများနဲ့ မြန်မာဘောလုံးအသင်းကို ပင်ပန်းမှု သက်သာသွားအောင် ဆေးထိုးပေးခဲ့ကြပါတယ်။ ခြုံကြည့်လိုက်ရင် သူတို့အားလုံးနီးပါးဟာ team spirit လုံးဝမရှိဘဲ ကိုယ့်အတွက် ၊ ကိုယ်နာမည်ကြီးဖို့သာ တွေးတတ်တဲ့ သူတွေ အများစုဆိုတာ တွေ့ရ မှာဖြစ်ပါတယ်။ ဒီလိုလူမျိုးများနဲ့ ဆီမီးတက်လည်း အရှက်ကွဲရုံသာ ရှိမယ်လို့ တွေးမိကြောင်းပါ။

 
မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း
**********************************

အဲ့ဒါကတော့ ကျနော်တို့ဆီမှာ အရိုးစွဲနေတဲ့ စိတ်လို့ပဲ ပြောရတော့မယ်ဗျာ။ ပန်းတိုင် မရောက်ခင် တက်ထောင် ချင်နေတဲ့ စိတ်က နဂိုကတည်းက ကျနော်တို့မှာ ရှိပြီးသားပါ။ ဒါကို တစ်ကိုယ်ကောင်း စိတ် ကလေးတွေနဲ့ပါ ပေါင်းစပ်ပေးလိုက်တော့ ပြီးပါလေရောပဲဗျာ။ ကိုယ့်ကောင်တွေက နဂိုကတည်းက သွေး ကလေးတွေ ကြွချင်နေကြတာ။ အခုလို အိမ်ရှင်အဖြစ်လည်း ကျင်းပခွင့်ရရော၊ ကြိုက်တဲ့အသင်းလာ၊ ငါတို့က အသင်းမရွေးဘူး စိတ်ဓာတ်တွေ ဖြစ်ကုန်ရော။ အဲ့ဒီစိတ်ဓာတ်တွေကို နိုင်လိုစိတ်ပြင်းပြမှုမှာ သုံးလိုက်ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲဗျာ။ 

ဒါပေမယ့် ရွှေကိုယ်တော်ချောတို့က အဲ့ဒီစိတ်ကို တစ်ဖက်အသင်းကို လွန်မင်းစွာ အထင်သေးခြင်းဆိုတဲ့ ကိုယ့်အသင်းကို မြောင်းထဲ ဆွဲချမယ့် ခေါင်းစဉ်အောက်ကို ပို့လိုက်ပါသတဲ့ဗျာ။ ကောင်းကြရော။ အဲ့ဒီတော့ ဘာဖြစ်လဲ။ တွေ့ကြပြီ မဟုတ်လားဗျာ။ ဒါပေမယ့် ကျနော်တို့လည်း အပြစ်မကင်းဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ဒင်းကလေးတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ဝင်အောင် ကျုပ်တို့လည်း မြှောက်ပေး သလို ဖြစ်ခဲ့ တာကိုးဗျ။ မျိုးချစ်စိတ်နဲ့ သူတို့ဘာလုပ်လုပ် အားပေးတာကို ၊ ဒင်းကလေးတို့ တလွဲဆံပင် ကောင်း လိုက်ပုံများ…။

 

နည်းပြ၏ တာဝန်မဲ့သော အပြုအမူများ ***********************************
ဆီးဂိမ်းမှာ head to head နဲ့ ဆုံးဖြတ်တာကို ကျော်ကိုကို ကိုလူစား မလဲခင်အထိ မသိခဲ့ပါတဲ့။ ကျော်ကိုကို ကို ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှိနေလို့ ပထမပိုင်းမှာ မထည့်မိတာပါတဲ့။ အခုတော့ အိမ်ပြန် ပါတော့မယ်ဆိုတဲ့ စကားကလွဲပြီး ပြောစရာ မရှိတော့ပါဘူးတဲ့။ ကောင်းဗျာ။ သူကတော့ အေးဆေးပဲဗျ။ ကျနော်တို့သာ ကမ္ဘာ ပျက်နေတာ။ ဒါကတော့ ရှင်းပါတယ်။ ကိုယ့်နိုင်ငံမှ မဟုတ်တာ။ သူက ဘယ်ခံစားမလဲဗျ။ တကယ်တော့ သူ့လောက်နည်းဗျူဟာဆိုရင် ကိုယ့်မြန်မာနည်းပြတောင် ပြတတ်သေးသဗျ။ အဓိက ကနည်းပြ မဟုတ်ဘူး။ ကစားသမား။ 

ဆရာဘယ်လောက်တော်တော် ၊ အခြေခံတောင် မရှိတဲ့ကလေးကို ဂုဏ်ထူးထွက်အောင် မသင်နိုင် သလိုပေါ့ဗျာ။ ကိုယ့်မြန်မာအသင်းက အခြေခံတောင် မရှိတဲ့ကလေးလိုပဲ။ အဲ့ဒါကို သူ့လို ဆရာညံ့နဲ့ ထပ်တွေ့လိုက်တော့…။ တကယ်တော့ ကျနော်တို့ဟာ မဖြေခင်ကတည်းက ကျရှုံးမှာကို ဦးနှောက်က သိသိကြီးနဲ့ ခင်ဗျားကလေး ဂုဏ်ထူးထွက်မှာပါဗျာလို့ ဆရာညံ့က နှစ်သိမ့်တာ ကို နှလုံးသား က မျှော်လင့် တကြီး ယုံစားမိတဲ့ မိဘလို သူ့ကို ယုံစားမိခဲ့ကြတာကိုးဗျ။ ကဲ…အခုတော့ အောင်စာရင်းလည်းထွက်ပြီ။ ဂုဏ်ထူးမပြောနဲ့ ။ စာမေးပွဲတောင် မအောင်ဘူး မဟုတ်လား။ အခုမှ ဆရာကို အပြစ်မပြောကြနဲ့တော့။ အခြေခံ မကောင်းတဲ့ ကိုယ့်သားသမီးကို အခြေခံသင်နိုင်မယ့်သူဆီ မအပ်မိခဲ့တဲ့ ကိုယ့်ဘာသာကိုယ် သာ ပြန်ဆဲတော့ဗျာ။ အခုမှ နံရံကို လက်သီးနဲ့ ထိုးလည်း အပိုပဲဗျ။ (ဦးဇော်ဇော်ကို ဒဲ့ဖဲ့သည်။)

တာဝန်အကျေလွန်တဲ့ ပရိသတ်ရဲ့ နိဂုံး
***********************************
ဒီပွဲမှာ သနားဖို့ အကောင်းဆုံးက ကွင်းထဲက မဖြစ်ညစ်ကျယ် ဆော့ခဲ့ကြတဲ့ တစ်ကိုယ်ကောင်း ကစား သမားတွေလည်း မဟုတ်ဘူး။ ပွဲပြီးမှ နောင်တတရားတွေ လာဟောနေတဲ့ နည်းပြအစုတ်ပလုတ်ကြီးလည်း မဟုတ်ဘူး။ အားလုံး နိဂုံးချုပ်မှ မှားလေခြင်းဆိုပြီး ဒေါသအိုးပေါက်ကွဲပြနေတဲ့ ဟိုခရိုနီ လူကြီးလည်း မဟုတ်ဘူး။ တကယ်တော့ အလုပ်ပျက်၊ အကိုင်ပျက်၊ ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီး တာဝန်ကျေကျေ အားပေးခဲ့ကြတဲ့ ကွင်းထဲ၊ ကွင်းပြင်က ပရိသတ်ကြီးက သနားဖို့ အကောင်းဆုံးပါပဲ။ 

သူတို့ခမျာ လက်မှတ်ကိုလည်း ဈေးကြီးပေးဝယ်ရသေး။ ပင်ပင်ပန်းပန်းလည်း ကွင်းထဲအရောက် လာ အားပေးရသေး။ ပွဲပြီးတော့ မထိန်းနိုင်တော့တဲ့ ဒေါသတွေကြောင့် အာဏာရှင် အရိုင်းအစိုင်းတွေရဲ့ အင်အား သုံးနှိမ်နင်းခြင်းကိုလည်း ခံရသေး။ တကယ်ဆို ဟို ခရိုနီကြီးက ဒီကိစ္စကို ခေါင်းခံဖြေရှင်းသင့်ပါလျက် သူခေါင်းရှောင်မှုကြောင့် ကျနော်တို့ ပရိသတ်တွေ သနားပြီးရင်း သနားဖို့ကောင်းနေခဲ့ပါပြီဗျာ။

သူတို့က အကြမ်းဖက်နည်း သုံးတာကိုးလို့ မစာနာပြောတဲ့သူတွေ ခင်ဗျားတို့ကိုယ်တိုင် ကွင်းထဲ သွားကြည့်ကြပါဦးလို့ ပြောချင်တယ်ဗျာ။ ကျနော်လည်း သာမန်ဆိုရင် ဒီလိုလုပ်ရပ်တွေကို မကြိုက်ပါဘူးဗျာ။ ဒါပေမယ့် သူတို့က အခုချိန်မှာ ခံစားနေရတာလေဗျာ။ တီဗီရှေ့ကြည့်တဲ့ ကျနော်တို့တောင် တွေ့ရာ ရိုက်ခွဲ၊ တွေ့ရာ ကန်တဲ့အထိ (ကျနော်တို့ ညီအစ်ကိုတွေ ကိုယ်တိုင် မျက်ရည်လည်ရွဲနဲ့ လုပ်ခဲ့တာပါ) လုပ်မိကြသေးရင် သူတို့လည်း ပေါက်ကွဲပေမပေါ့။

ကိုယ့်အိမ်ကွင်းမှာ လာညစ်တာ ခံရတာလေ။ ဒါကို ပြေပြေလည်လည် မဖြေရှင်းကြဘဲ အင်အားသုံးနှိမ်နင်းတဲ့ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေရော( တကယ်တော့ ပြေပြေလည်လည် ဖြေရှင်းရင် ရနိုင်ချေရှိ ပါတယ်) ၊ ဒီကိစ္စမှာ ပရိသတ်တွေ ရိုင်းစိုင်းတယ်လို့ အားမနာပ ပြောသူများကိုရော( မဖြစ်သင့်ဘူးလို့ ပြော သူတွေ မပါဘူးနော်။ မဖြစ်သင့်တာ ကျနော်လည်း လက်ခံပေမယ့် သူတို့ခံစားချက်ကို စာနာဖို့ပြောတာ) ကျနော် အပြင်းအထန် ရှုတ်ချတယ်ဗျာ။ မကျေနပ်ရင်လည်း ကျနော့်ကို ဘလော့သာ သွားလိုက်ကြတော့ဗျို့။ ဒီကိစ္စမှာ သိပ်ပြီး ရှင်းပြချင် မနေတော့ဘူး။

ဒီလိုနဲ့ပဲ တိုင်းပြည်အတွက် သိပ်တာဝန် အကျေလွန်ခဲ့တဲ့ ကွင်းထဲက ပရိသတ်တွေဖြစ်ကြတဲ့ ကျနော်တို့ ညီအစ်ကို မောင်နှမတွေရဲ့ နိဂုံးကတော့ဗျာ။ သွေးအလူးလူး၊ ဒဏ်ရာပရပွနဲ့ ကွဲသူကွဲ၊ ပြဲသူပြဲ၊ ထောင် ထဲရောက်သူရောက် နဲ့ ကြားလို့မှ ကောင်းသေးရဲ့လားဗျာ။ ခင်ဗျားတို့ ဒီပွဲအတွက် ငိုမယ်ဆိုရင် စိတ်ခံ စားချက် ကြီးကြရှာလွန်းလို့ ပေါက်ကွဲထွက်သွား ရတဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေအတွက် ချန် ရစ်ထားပေးကြပါလို့ ကျနော်ရူပ မေတ္တာရပ်ခံလိုက်ရပါရဲ့ဗျာ။ ကျနော်တို့တတွေ ထိုင်းပွဲအထိ ဂုဏ်သိက္ခာ ရှိစွာအားပေးခဲ့ကြတာကို ကြည့်ရင် ဒီနေ့အဖြစ်အပျက်ဟာ ရိုင်းစိုင်းလို့ ဖြစ်ရတာ မဟုတ်ဘူးဆိုတာ နားလည် ကြမယ် ထင်ပါရဲ့ဗျာ။

မျက်ရည်တွေကိုရင်းပြီး အမြတ်ထုတ်ရန် ကြံစည်နေသူများ
*******************************************************

ဒါကတော့ အခုလောလောဆယ် ဒီဖေ့ဘွတ်မှာ ၀ါဒဖြန့်နေတဲ့ အကောင့်တွေကိုပဲ ဒဲ့ရည်ရွယ်တယ်ဗျာ။ အစိုးရ ဘက်တော်သားရော၊ အတိုက်အခံဘက်တော်သားတွေရော၊ အခုဖော်ပြမယ့် အချက်နဲ့ ပတ်သက်ရင် ဘယ်သူ့ကို မဆိုရည်ရွယ်တယ်ဗျာ။ ပရိသတ်တွေရဲ့ မျက်ရည်တွေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မဟုတ်ဘူး ဆိုတာကို အရင်ဆုံး အားလုံးသိအောင် ပြောလိုက်ချင်ပါရဲ့ဗျာ။ ပရိသတ်ထဲမှာ ဆိုးသွမ်း ပရိသတ်တိုင်း အစိုးရ ဘက်တော်သားမဟုတ်သလို၊ အတိုက်အခံ ဘက်တော်သားလည်း မဟုတ်ဘူးဗျ။ 

အဲ့ဒီလိုပဲ မျိုးချစ် လူငယ်တွေလည်း မဟုတ်ဘူးဗျ။ ဘယ့်နှယ်။ ပွဲရဲ့ အနိုင်အရှုံးကို ကြိုမသိဘဲ ဘယ်သူက ကြိုတင် စီစဉ်နိုင်မှာ တဲ့လဲ။ အဲ့ဒါကို နိုင်ငံရေးအမြတ်ထုတ်ပြီး အစိုးရဘက်တော်သားတွေကအာဏာပြန် သိမ်း ချင် လို့ မတည်ငြိမ်အောင်လုပ်တယ်၊ ခြေဥကို ပြင်ဖို့လုပ်ရမယ် ဘာငြာနဲ့ ဒီမျက်ရည်တွေကို အရင်း တည်ပြီး အတိုက်အခံ ဘက်တော်သားတွေ အစိုးရဘက်ကို ခြေထိုးဖို့ မကြိုးစားကြပါနဲ့ဗျာ။ 

အဲ့ဒီလိုပဲ အစိုးရဘက်တော်သား သို့မဟုတ် အတိုက်အခံ မုန်းတီးရေးသမားတွေကလည်း တမင်သက်သက် အစိုးရကို သိက္ခာ ချချင်လို့ ဒင်းတို့ဘက်တော်သားတွေ အကွက်တွေ့တုန်း ဆူပူလိုက်တယ် မလုပ်လိုက် ပါနဲ့။ မျိုးချစ်မုန်းတီးရေးတွေ ကလည်း မျိုးချစ်အယောင်ပြပြီး ဆူပူတယ်ဆိုပြီး မစွတ်စွဲလိုက်ပါနဲ့ဗျာ။ 

ဒီကိစ္စက ဘောလုံးပွဲရှုံး၊ လူတွေ ညစ်ပတ်တာခံရလို့ ပေါက်ကွဲမိကြခြင်း ကလေးပါ။ ရိုးရိုးကလေးပါဗျာ။ လှည့်ကွက်တွေ မဟုတ်ပါဘူး။ အဲ့လိုပဲ ကျနော်တော့ မြင်တယ်ဗျာ။ ဒီတော့ အယောင်ပြ တိုက်ကွက်နဲ့ အမြတ်ထုတ်နေကြ တဲ့ အကောင့်တွေ ခင်ဗျားတို့ လုပ်ရပ်ကို ရပ်ကြပါတော့လို့ ကျနော် ရူပက လေးစားစွာ တောင်းဆိုလိုက်ရပါရဲ့ဗျာ။

ဆီးဂိမ်း၏ အရှက်ရဖွယ် နိဂုံး
***************************

အဲ့ဒီတော့ အချုပ်ဆိုရရင် ဆီးဂိမ်း အမျိုးသား ဖွတ်ဘောပွဲကြီး ကဖြင့် အရှက်ရဖွယ် နိဂုံးသတ် ကာ ပြည်ဖုံး ကားကျ သွားပြီ ဖြစ်ပါတယ်။ ကစားသမားများ လုပ်သင့်သည်မှာ ပြိုင်ပွဲမှ မိမိတို့ အမှားအယွင်းများ ကို နောက် ဆက်မမှားဖို့ အသိတရားများ မွေးမြူကြရတော့မှာ ဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကြီးကလည်း မေ၇ာင်ရာ ဆီလူးသည့်ကိစ္စရပ်များကို သင့်တော် မှန်ကန်သည့် လုပ်ရပ်များဖြင့် အစားထိုးရန် စဉ်းစား ရတော့မှာ ဖြစ်ပါတယ်။ ကျနော်တို့ပြည်သူများ အနေဖြင့်လည်း ဒီညပွဲကို မေ့ပစ်လိုက်၍ ဆီးဂိမ်းအောင်အောင်မြင်မြင် ပြီးဆုံးရန် တက်ညီလက်ညီ ဆက်လက် အားပေးကြရဦးမှာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ ဤဖြစ်ရပ်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်မှုများကို သတိထားကြစေရန် ကျနော်မောင်ရူပက ထပ်လောင်းကာ သတိပေးလိုက်ရင်းနဲ့ ကျနော့် အမြင်၊ သုံးသပ်တင်ပြမှုများကို နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို လေးစားချစ်ခင်လျက်
 




No comments:

Post a Comment