Monday, October 13, 2014

ကာမပိုင် ရှိသူနဲ့ ဖောက်ပြား လျှင် ကြုံ ရမည့် ဒု-သ-န-သော အကြောင်း

 
 
ဒု – သ – န – သော ဆိုတဲ့ ဒီစကား လေးလုံး အကြောင်းကတော့ မြတ်စွာ ဘုရားရှင် သာ ၀တ္ထိပြည် ၊ ဇေတ၀န် ကျောင်းတော် မှာ သီတင်းသုံး နေတော် မူချိန်က ဖြစ်ပါတယ်။ တစ်နေ့  သာဝတ္ထိပြည့်ရှင် ကောသလ ဘုရင် ဟာ တိုင်းခန်း လှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကိုနှစ်သက် သဘောကျခဲ့ပါတယ်။
 
နန်းတော်ပြန်ရောက်ပြီး အဲဒီ အမျိုးသမီး အကြောင်းကို စုံးစမ်း ခိုင်းတဲ့ အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက် ဆိုတာ သိခဲ့ ရပေမယ့် ဘုရင်ကောသလ ဟာ အမျိုးသမီး အပေါ်စွဲ လန်းနေမိတဲ့ အတွက် ဒီ အမျိုးသမီး ကို အရယူဖို့ သူမရဲ့ ယောက်ျား ကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။
 
 ကောသလမင်းကြီး ဟာ အမျိုးသမီး ဟာ လင်ရှိ မယား ဖြစ်နေတဲ့ အတွက် အဲဒီ လင်ယောက်ျား ကို တစ်နည်း နည်းနဲ့ အပြစ် ရှာပြီး အပြစ် အတိုင်းအဆုံး စီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီး ကို သိမ်းပိုက်မယ် ဆိုတဲ့ရည်ရွယ်ချက် နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော် မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
 
  လင်ရှိမယား ကို သိမ်းပိုက် လိုတဲ့ ဘုရင် ဟာ ရည်ရွယ်ချက် အတိုင်း တစ်နေ့တော့ သူဆင်း ရဲ သား ယောက်ျား ကို တာဝန် တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီး က “အချင်းယောက်ျား… ငါ့ ဘုရင်နန်းတော် ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခု ကိုသွားပြီး အဲဒီ မှာရှိတဲ့ ကုမုဒြာကြာပန်း နဲ့ အရုဏ၀တီမြေ ကို ငါဘုရင် ရေးချိုးချိန် အမီ ဆောင်ယူကာ ဆက်သရမယ်၊ 

အချိန်မီ ရောက်မလာရင် သင့်ကို မင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန် သွားပြီး ဆောင်ယူ ခဲ့လော့ ”လို့ မင်း အမိန့်နဲ့ စေခိုင်းခဲ့ ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာ ကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့ သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသား ကတော့ အမိန့် အတိုင်း သွားရောက် ဆောင် ယူရမှာဖြစ်ပါတယ်။

ဒါနဲ့ သူဆင်းရဲသား လည်း ဇနီးမယား ကို အကျိုး အကြောင်းပြောကာ ထမင်း ရိက္ခာပြင်စေပြီး တစ်ယူဇနာ ခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီး မှာ ထမင်းစားချိန်ရောက် လို့ ထမင်းစားပြီး တဲ့အခါ ပါလာတဲ့ ထမင်းဟင်း များရဲ့ တစ်ချို့ တစ်ဝက်ကို ခရီးသွား ယောက်ျား ကိုလည်း လှူကာ ကျန်တဲ့ အစားအစာတွေ ကို လည်း မြစ်ထဲမှာ ရှိတဲ့ သတ္တ၀ါတွေ ကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။


တိုတိုပြော ရရင် ဒီ ကုသိုလ်ကောင်းမှုကြောင့် ပဲ မရနိုင်တဲ့ ကုမုဒြာကြာ နဲ့ အရုဏ၀တီမြေ ကို ရရှိခဲ့ ပါတယ်။ဘုရင် အမိန့်အတိုင်း လိုအပ် တာကိုယူဆောင်ပြီး နန်းတော်သို့ အချိန် မီရောက်အောင် ပြန်လာ ခဲ့ပေမယ့် အကြံကြီး တဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့ တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ 

ဆင်းရဲသားယောက်ျား ဟာ မြို့တံခါး ပိတ်ထားတဲ့ အတွက် အဲဒီည အိပ်စရာ မရှိတဲ့ အခါနောက် ဆုံး သတ္တ၀ါတွေ ရဲ့ထုံးစံ အတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကို သတိရကာ မြတ်စွာ ဘုရားကျောင်းတော် မှာ သွားရောက် အိပ်စက် ခဲ့ရပါတယ်။

ကောသလဘုရင် ဟာ အဲဒီ ညမှာ ဆင်းရဲသားယောက်ျား ကို မင်းဒဏ် နဲ့ အဆုံး စီရင်ပြီး သူ့မယား ကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့ အတူ နေထိုင်နိုင်ရေး စတဲ့ အတွေးတွေနဲ့ ကိလေသာ မီး တောက်လောင် ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။

အိမ်မပျော်ဖြစ်နေ တဲ့ ဘုရင် ဟာ ညဥ့်နက်နက် အချိန်မှာ လောဟကုမ္ဘီငရဲ မှာ ငရဲ ခံနေရတဲ့ ငရဲသား လေးယောက် ရဲ့ အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ 

အဲဒီ ငရဲသား လေးယောက် ဟာ ငရဲခံရင်း သူတို့ မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့ တစ်ယောက် ကြားရအောင် အော်ဟစ် ညဉ်းညူ ပြောကြား ဖို့ ကြိုးစားကြရင်း အပြည့် အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြ ပါတယ်။ 

အိပ်မပျော်ဖြစ်နေ တဲ့ ကောသလ မင်းကြီး ဟာ အဲဒီ အသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာ ဘယ်လိုမှ အိပ် မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင် ဟာ ညက အဖြစ်အပျက်တွေ ကို တွေးတောကြောက် လန့်ပြီး ပညာရှိ ပု ရောဟိတ် ကို မေးမြန်းတဲ့ အခါ ပုရောဟိတ် ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက် အန္တရာယ် အတွက် စိုးရိမ်စရာဖြစ်ပါတယ်၊ 

ဒီအန္တရာယ်တွေ ကင်းဖို့ သဗ္ဗသတ ဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း ၊နွားလဥသဘ ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊ သတို့ သမီး စသဖြင့်သတ္တ၀ါ တစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ 

အဲဒါဆို ဘုရင်ကြီးရဲ့ အသက် အန္တရာယ် အတွက် စိုးရိမ် စရာမရှိပါအရှင် မင်းကြီး”လို့ လျှောက် တင် လိုက်ပါတယ်။ ကောသလဘုရင် ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့် အသက်ရှင်ရေးဆို ဘာမဆို လုပ်နိုင်တဲ့ သူဖြစ်တဲ့ အတွက် ပုရောဟိတ်ပြောတဲ့ အတိုင်းစီရင် စေပါတယ်။ 

ဘုရင်ရဲ့ယဇ်ပူဇော်မှု အစီအစဉ်ကြောင့် တိုင်းပြည် တစ်ပြည်လုံး အုပ်အုပ် ကျက်ကျက်ဖြစ်ပြီး သား သမီး ပါသွားတဲ့ မိဘဆွေမျိုးတွေ ဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ 

ဒီ အသံတွေကြောင့် ကောသလမင်း ကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာ မိဘုရားဟာ ဘုရင်ကြီး ကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ် မဟုတ်တဲ့ အကြောင်း၊ ဒီပြဿ         နာကို ဖြေ ရှင်းပေးနိုင် မှာ ဘုရားရှင် သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။

 နောက်ဆုံးတော့ကောသလ မင်းကြီး ဟာ မိဘုရားကြီး ရဲ့အကြံ အ တိုင်းဘုရားရှင်ထံ သွားရောက် ခဲ့ပါတယ်။ ဘုရားရှင် ထံရောက်တဲ့ အခါ ကောသလမင်းကြီး က ညကကြားခဲ့ ရတဲ့ အသံတွေ အကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓ က အဲဒီ အသံတွေဟာ တခြား မဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီ ငရဲ မှာ ကျရောက်နေတဲ့ ငရဲသား လေးယောက် တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော် မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ် အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီ ငရဲသားတွေ ဟာ ကဿ       ပမြတ်စွာ ဘုရားရှင် လက်ထက် တုန်းက အတူသွား အတူလာ အတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသာတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ 

သူဋ္ဌေး သားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့ အတွက် အပျော်အပါး အမျိုးမျိုး ကို ပျော် ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက် တိုင်ပင်ကာ စည်းစိမ် ဥစ္စာတွေကို ချောမော လှပတဲ့ အမျိုးသမီးတွေ ကိုပေးကာ သူတို့ နဲ့ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီး မှန်သမျှ အိမ်ထောင် ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ 

ကဿပ    ဘုရားရှင် ပွင့်တော်မူ တဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်း မှာ ပွင့်တဲ့ အတွက် သူဋ္ဌေးသားလေး ယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ ချီပြီး ပြုလုပ် ခဲ့ကြကြောင်း ၊ 

 ဒီ အကုသိုလ်ကြောင့် ပဲ သူတို့ လေးယောက်သေ တဲ့ အခါ အ၀ီစိ ငရဲမှာ ကျရောက် ကာ အ၀ီစိ ငရဲမှာ နှစ်ပေါင်းမြောက် များစွာ ခံစားပြီး အခု တစ်ခါလောဟကုမ္ဘီငရဲ မှာ ထပ်ပြီးခံနေရ တာဖြစ်ကြောင်း ၊ မင်းကြီးကြား တဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲ မှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင် ကာ ကောသလ မင်းကြား ခဲ့တဲ့ အသံကြီးလေးခု ရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင် က ကောသလ မင်းကြီး ကြား ခဲ့တဲ့ အသံတွေ ထဲက.......
 

“ဒု”ဆိုတဲ့ အသံ ဟာ ဒီ အသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့ အားစည်း စိမ် ဥစ္စာများ ထင်ရှား ရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏ မှီရာ ကိုင်းကျွန်း သဖွယ် ဖြစ်သည့် ကုသိုလ် ကောင်းမှု ကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်း ကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
 

“သ” ဆိုတဲ့ အသံ ဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“သဋ္ဌိဝဿ      သ ဟဿာ     နိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿ   တိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်း အရာအားဖြင့် အနှစ်ခြောက်သောင်း တို့ ပြည့်ကုန်ပြီး ဖြစ်သော် လည်း ထို ငရဲခံရမှု သည် မည်သည့် အခါတွင် အဆုံးသတ်မည် နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
 

“န”ဆို တဲ့ အသံ ဟာလည်း ဒီအသံ ကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြား ကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊


“သော”ဆိုတဲ့ အသံ ဟာလည်း ဒီ အသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့ ၏ စကား ကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှု ကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း 


စသဖြင့် ဒု – သ – န – သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
 

အသံ ပိုင်ရှင်တွေ ရဲ့ အတိတ်ဇာတ်ကြောင်း နဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက် ရ တဲ့ ကောသလ ဘုရင် အရမ်းကြောက်လန့် သွားပြီး သူများ သားမယား ကို ပြစ်မှားကျူးလွန် လိုတဲ့ စိတ်တွေ လည်း ပျောက်ကုန် ပါ တော့တယ်။

ဒီဖော်ပြချက်တွေ ကတော့ ဒု – သ – န – သော ဆိုတဲ့ တရားစကား ကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု – သ – န – သော ဆိုတဲ့ စကားအဓိပ္ပါယ် နဲ့ ဒီစကားပိုင် ရှင်တွေရဲ့ အတိတ် ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။

ဒီနေရာမှ အဓိက ပြောချင် တာက အများ သိထားကြတဲ့ ဒု – သ – န – သော ဆိုတဲ့ စကား လုံးတွေ အကြောင်း နဲ့ ဒီ အသံတွေကို ပြုကြတဲ့ ငရဲသားတွေ ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်း ကို ပြောချင်တာဖြစ်ပါတယ်။ 


ဒီ ငရဲသားတွေ ရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယား ကို ဖျက်စီး ခဲ့တဲ့ ကာမေသုမိစ္ဆာ စာရ ကံ ရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေး ရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင် တာ ဖြစ် ပါတယ်။

 စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန် ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေ မတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင် တာ ဖြစ် ပါတယ်။

ဒါကြောင့် ဒု – သ – န – သော  ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်း အရာ အဖြစ် အပျက် အဓိပ္ပါယ် တွေ ကိုကောင်းကောင်း နားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထား ကာ ဘုရား သာသနာ နဲ့လည်း ကြုံနေကြ တဲ့ အခိုက်မှာ ကိုယ်ကျင့် သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြ ဖို့လည်း စေတနာ စကား မေတ္တာ အားဖြင့် တိုက်တွန်း သမှု ပြုလိုက်ရပါတယ်။


Credit: အရှင်ဝိစိတ္တ (မနာပဒါယီ)
From...Search Myanmar

 

No comments:

Post a Comment