Sunday, October 26, 2014

ပျောက်ဆုံးနေသော တန်ဖိုးများ

00024

အင်္ဂလိပ်စကား မှာ price နဲ့ value က မတူညီ ပါဘူး။ မြန်မာ စကား မှာလည်း ဈေးနှုန်းနဲ့ တန်ဖိုး ဆိုတာ အတူတူ လို့ ပြောဆို သုံးနှုန်းတတ်ကြပေမယ့် မတူပါဘူး။ ဈေးနှုန်း တူတဲ့ ပစ္စည်း ချင်း အတူတူ ကို တန်ဖိုး ထားမှုက ကွာနေတတ် ပါတယ်။ 

တစ်ခါ တလေ ဘာမှမဟုတ်ဘဲ၊ ဈေးကြီး မပေးရဘဲ တန်ဖိုး ထားသူက တန်ဖိုးထားနေတတ် တာပါ။ တန်ဖိုးထားမှု ဆိုတာ လူတစ်ဦးချင်း ရဲ့ အတွေ့ အကြုံ ခံယူချက်နဲ့ ဆိုင်သလို ယဉ်ကျေးမှု နဲ့လည်း ဆိုင်ပါတယ်။ ခေတ်နဲ့လည်း ဆိုင်ပါတယ်။ 

တစ်ခေတ်တစ်ခါ က မြန်မာယောက်ျား လေးတွေ “သျှောင်” ထုံးကြပြီး “သျှောင်” ကို အထိမခံ တာ အခုတော့ပျောက်ဆုံး သွားခဲ့ ပါပြီ။ နှမြောစ ရာ ရိုးရာဓလေ့ စရိုက် လို့ ပြောနိုင်ပေမယ့် ဒီနေ့ခေတ်လို အခါမှာ ကိုယ့်သား ကိုယ်တောင် “သျှောင်” ထား ဖို့ပြောလို့ ရမှာမဟုတ်ပါဘူး။ 


 
ကိုယ်သာ ဒီခေတ်ယောက်ျားလေး ဆိုလည်း ထားနိုင်မှာ မဟုတ်ပါဘူး။ သျှောင်ပေးစူး နဲ့ ကလေးတွေ ကို တွေ့တဲ့ အခါဖြစ်ဖြစ် ငေးကြည့်လိုက်တဲ့ အခါ ပျောက်ဆုံး သွားတဲ့ တန် ဖိုး ထားမှုလေး ကို သတိရလိုက် တာပါပဲ။ ဒီလောက် ပါပဲ။
 
ဒါပေမယ့် တချို့ တန်ဖိုးတွေ ကတော့ ဒီလိုမေ့ပျောက်သွား ဖို့ ဖျက်ပစ် လိုက်ဖို့ မသင့်တော် တာတွေ ရှိပါ တယ်။ ဒါကိုရေးဖြစ်တာ အင်တာနက် ထဲက သတင်း တစ်ပုဒ်ကြောင့်ပါ။ သက်ဆိုင် ရာ က အရေး ယူဖို့ လုပ်နေပြီဖြစ်တဲ့ ကိစ္စမို့ ဘယ်သူ ဘယ်ဝါ ဘယ်ကဆိုတာ အကျယ် တဝင့်မပြောချင်ပါဘူး။ 

ဒါပေမယ့် ရင် နာစရာကောင်းတာ က “ကိုယ်ချင်းစာ တရား” ဆိုတဲ့ ပျောက်ဆုံး သွားတဲ့ တန်ဖိုး တစ်ရပ် အတွက်ပါ။ လူ တစ်ယောက် ဟာ ကိုယ့်အိမ် မှာအောက်ခြေသိမ်း အလုပ်ကို လာလုပ် ရ တာနဲ့ပင် တန်ဖိုးမဲ့ သွားပြီလား၊ ကိုယ့်အိမ်မှာ အလုပ်လုပ် ဖို့ခေါ်ထားတဲ့ သူကို ရိုက်လို ရိုက် လုပ်ခွင့်ရှိ ပါသလား။

ကျွန်မလည်း ကလေးရှိတဲ့ မိခင်၊ အလုပ်လုပ်နေ တဲ့ အိမ်ထောင်သည် မို့ အတူခေါ်ရ တာပါပဲ။ ဒါပေမယ့် သားငယ်ငယ် က အနှီးထဲမှာ အလေးသွားတဲ့ အခါ ကျွန်မ ရှိနေရင် ကျွန်မ ကိုယ်တိုင် အနှီး ကိုပါ အကြမ်း ဆေးပြီးမှ ဆပ်ပြာနဲ့လျှော်ဖွပ်တဲ့ အလုပ်ကို သူတို့ကို လုပ်ခိုင်းပါတယ်။ 

ကလေးတွေ ဆိုတော့ ရွံရှာပြီး ပြီး စလွယ်လုပ် လိုက်ရင် မသန့်ဖြစ်မှာ။ အဲဒီ အညစ်အကြေးတွေ ဟိုစင်၊ ဒီစင်ဖြစ်မှာ စိုး လို့ ကိုယ်ကိုယ် တိုင်ပဲ အိမ်သာ ထဲရောက်အောင်ပစ်၊ ကန ဦးဆေးကြောပေး ခဲ့ တာပါ။ ကလေးနည်းနည်း ကြီးလာလို့ အန်တဲ့ အ ခါလည်း ကိုယ်ရှိနေရင် ကိုယ်ပဲ လုပ်ပေးလိုက်တာပါ။ 

ဘာလို့လဲ ဆိုတော့ ရွံစရာ အလုပ် တစ်ခု ကို သူစိမ်း က လုပ်ရတဲ့ အခါ ကိုယ့် ကလေးကိုငြူစူ မှာဆောင့် မှာ စိုးလို့ပါ။ ကိုယ်ရွံ သလို သူတို့လည်း ရွံမှာပဲ ဆိုတာ တွေးမိ လို့ပါ။ ကိုယ်မရှိတဲ့ အချိန် မှာ သူတို့ လုပ်ပေးတာ ကိုပဲ ကျေးဇူးတင်နေတာပါ။

နောက် တစ်ခုက အိမ်ဖော် အလုပ်သမားရယ် လို့ ခွဲခွဲခြားခြား ဖိနှိပ် ဆက်ဆံ တဲ့ အကျိုးဆက် တစ် ခုပါ။ များ သောအားဖြင့် အိမ်ဖော်တွေ ဆိုတာ ဆင်းရဲနွမ်း ပါးပြီး ပညာချို့တဲ့သူတွေ ပဲ ရောက်လာတာပါ။  အလုပ် လုပ်နေတဲ့ မိခင်တွေ အနေနဲ့ ကိုယ့်သား သမီးကို ဒီဆင်းရဲနွမ်း ပါးပြီး ပညာ မတတ်တဲ့ သူတွေလက်ထဲ ထားခဲ့ရတာပါ။ 

ကလေးတွေ ရဲ့သဘော ဟာ နီးစပ်ရာ အကျင့်စရိုက် ကို အတုယူတတ် ပါတယ်။ စကား အပြော အဆို၊ အနေအထိုင်က အစ သူတို့နဲ့ အနီးနားမှာ ရှိတဲ့ ပုံစံဖြစ်သွားတတ် ပါတယ်။ သူတို့ က အမှောင် ကိုကြောက်ရင် သရဲကြောက်တယ် ဆိုရင် ကိုယ့်ကလေး လည်း ကြောက်တော့ မယ်။ 

 သူတို့ က ဘာ အသီးအရွက်မှ မစားဘူး၊ မကြိုက်ဘူး ဆိုရင် ကိုယ့် ကလေးလည်း အဲဒီလို မစားဘူး မကြိုက် ဘူးဖြစ် တော့မယ်။ သူတို့ ညာတတ်ရင် ကိုယ့်ကလေးလဲ ညာတတ်တော့ မယ်။ သူတို့ ကိုရီးယားကားကြိုက်ရင် ကိုယ့်ကလေးလည်း ကိုရီးယားကား စွဲတော့မယ်။ 

အဲဒီတော့ ကိုယ်က သူတို့ ကို ဆက်ဆံတာ ပျိုးထောင် မှု ဟာ ကိုယ့်ကလေးကို လည်း တစ်နည်း နည်းနဲ့ အကျိုး သက်ရောက်နိုင်တယ် ဆိုတာ သိစေချင် ပါတယ်။ ဝဋ်တွေ ကုသိုလ်တွေ ထက် ကို မြင်သာ တဲ့ လက်တွေ့အကျိုးသက်ရောက်နိုင်မှုတွေပါ။

ဒါကြောင့် ကျွန်မ ကတော့ ကိုယ့် ကလေးထိန်းမယ့် သူကို ပညာ တတ်စေချင် တယ်။ အတတ်နိုင် ဆုံး အတန်း ပညာရှိတဲ့ သူကို ရွေးတယ်။ နောက်အားတဲ့ အချိန်တွေမှာ စိတ်ဝင်စား စရာ စာအုပ်တွေ ဖတ်ဖို့ ပေးထားတယ်။ သူ့ ဘဝတက်လမ်း အကျိုးရှိရာ ရှိကြောင်းလုပ်ပေး တယ်။ 

လိမ္မာရေးခြား ရှိအောင် ဆုံးမ တယ်။ သူများ အိမ်တွေ မှာ လာ အလုပ်လုပ်နေကြ သူတွေဟာ များသော အားဖြင့် သူတို့ မိသားစု ထဲမှာ လည်း ဆိုဆုံးမ  မယ့်သူ မရှိဘဲ ပစ်ထား ခံရသူတွေမို့ ကြင်နာ သနားစိတ် နဲ့ ဆုံးမရင် သူတို့ အပြုအမူတွေ အများကြီး တိုးတက်လာမယ် လို့ ကျွန်မ စွဲမြဲစွာယုံပါတယ်။ အဲဒီအခါ ကျွန်မဘာပြန်ရလာ သလဲ။ 

သူက ကျေးဇူးတင်တယ် မတင်ဘူး ဆိုတာက ကျေးဇူးပြန်ဆပ်တယ်၊ ကျေးစွပ်တယ် ဆိုတဲ့ အကျိုး ဆက်တွေ ရှိနိုင်တာ မို့ ထည့်မပြောတော့ ပါဘူး။ သေချာတာ က ပိုကောင်းတဲ့ ဝန်ဆောင်မှု ကို ရတယ်။ သူကိုယ်တိုင် က မိသားစုလို သဘောထားပြီး ကိုယ့်သားသမီး ကို စောင့်ရှောက် လာ တယ်။ စေတနာ ဆိုတာ ရောင်ပြန် ဟပ်တတ် တယ်လေ။ 

ကိုယ်က သူ့ဘဝကောင်း ရာကောင်းကျိုးကြည့်တဲ့ အခါ သူလည်း ကိုယ့်အပေါ် စေတနာပြန် ထား တတ်ပါတယ်။ ဒါက ဗုဒ္ဓဘာသာ မြန်မာ အတွေးနဲ့ ကိုယ်ချင်းစာ စိတ် စေတနာမေတ္တာ ဆိုတာတွေကို ပြောတာပါ။

တိုးတက်တဲ့နိုင်ငံတွေ မှာတော့ empowerment လို့ပြောပါ တယ်။ empowerment ကိုမြန်မာ လို အနီး စပ်ဆုံး ဘာသာပြန်ကြည့် ရင် ကိုယ်ပိုင် အရည်အချင်း ရှိလာအောင် လုပ်ပေးတယ် လို့ ပြောရမယ် ထင်ပါ တယ်။ အဖိနှိပ် ခံအောက်ခြေ လူတန်းစားကို အရည် အချင်း တက် လာအောင်၊ ဆုံးဖြတ် ခွင့် ပိုရှိလာအောင် လုပ်ပေးရင်နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာတယ် လို့ ပြော ကြပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ 

အိမ်မှာ အိမ်ရှင်မပဲ လုပ်နေသူ က အချိန်ပိုင်း အလုပ်လေး လုပ်ရင် ဝင်ငွေ ပိုရလာမယ်။ သူ့ အသိုင်း အဝိုင်းကျယ်ပြန့် လာမယ်။ ပြင်ပ အတွေ့အကြုံရှိလာမယ်။ ဘဝ တိုးတက်မှု လမ်းစရှိတဲ့ အတွက် စိတ်ဓာတ် တက်ကြွလာ မယ်။ မိသားစုမှာ လည်း ဝင်ငွေ တိုးလို့ ပိုအဆင်ပြေလာမယ်။ 

အလားတူ ပဲ ကုမ္ပဏီ လုပ်ငန်းတစ်ခု၊ ရုံးဌာန တစ်ခုမှာ လည်း စာရေးလေး တစ်ယောက်က စာရေးကြီးလို အရည်အချင်း ရှိမယ်။ စာရေးကြီး က မန်နေဂျာလို အသုံးတည့်မယ် ဆိုရင် တန်ဖိုး တက်လာတာပဲ မဟုတ်ဘူးလား။ အခြေခံ လူတန်းစားတွေ ရဲ့ အသိအမြင် လုပ်ကိုင်နိုင် စွမ်းတွေ တိုးတက် လာရင် လူ့ဘောင် အသိုင်းအဝိုင်း ကို တိုးတက်စေ မလား၊ ဆုတ်ယုတ်စေ မလား ဆိုတာ မေးခွန်းတောင် ထုတ်စရာ မလိုဘူးလို့ ထင်ပါတယ်။

ဒီတော့ လူ တစ်ယောက် ကို ကိုယ်ချင်းစာ စိတ်နဲ့ ပဲဖြစ်ဖြစ်၊ empowerment လို့ပဲ ဆိုဆို လူ တစ်ယောက် လို တန်ဖိုးထား  လိုက်ရင် သူ့အတွက်ကော ကိုယ့်အတွက်ကော လူ့ အသိုင်း အဝိုင်း အတွက်ပါ ကောင်း ကျိုးတွေ ရနိုင်တာကြောင့် တန်ဖိုးတွေပျောက်ဆုံး မသွားဖို့ စိတ်ဓာတ်တွေ ကို ပြုပြင်ကြပါစို့ လို့ တိုက် တွန်းလိုက် ရပါတယ်။            ။



မြန်မာ့အလင်းသတင်းစာ
အောက်တိုဘာ (၁၇) ရက်၊ ၂၀၁၄ ခုနှစ်`
Maukkha Education
From...Search Myanmar

No comments:

Post a Comment