Wednesday, October 22, 2014

အမျိုးသမီး ငါးဦးလျှင် လေးဦး မှာ အပျိုစင် မဟုတ်ဟု ဆိုသည့် အပျိုစင် စစ်တမ်းနှင့် ခေတ်ဆန်း ပုစ္ဆာ



 


မြို့ပြနေ အမျိုးသမီး ငါးဦးလျှင် လေးဦး မှာ အပျိုစင် မဟုတ်ဟု စစ်တမ်း တစ်ရပ် က ထုတ်ပြန် လိုက် ပြီးနောက် ထို  သတင်း က မြန်မာ အမျိုးသမီး များကြား ပွက်လော ရိုက် သွားခဲ့ သည်။ 
မည်သို့သော အခြေအနေ များက ၎င်း စစ်တမ်းထွက်ရှိ ရန် အထောက် အကူ ပြုခဲ့ သနည်း။ 

မည် သူ တို့ ကို မေးမြန်း ခဲ့သနည်း။ မည်သည့်အတွက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံ ခဲ့ ကြ သနည်း ဟူ သည့် မေးခွန်းများ က အမျိုးသမီး များတွင် သာမက အမျိုးသား များကြား တွင် ပါ ငြင်းခုံ တီးတိုး ဆိုစရာဖြစ်လာခဲ့သည်။

အထူး သဖြင့် မိဘ အုပ်ထိန်းမှုဖြင့် ကြီးပြင်းနေရဆဲ၊ လက်မထပ်မီ အတူနေခြင်းကို လက် မခံသော ယဉ်ကျေး မှု စံနှုန်း များနှင့် အပျိုစင် တန်ဖိုးကို အလေးထားနေ ဆဲ မြန်မာ အ မျိုးသမီး အများ စု က မူ ထိုစစ်တမ်း ကို ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြသောကြောင့်ပင်။ 

အသက် ၂၆ နှစ်ရှိ ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီးတစ်ဦး က ပြည် တွင်း ဂျာနယ် တစ် ခု၏ မျက်နှာ ဖုံးပေါ် မှ ထို စစ်တမ်းသတင်း ကို ဖတ်ပြီး ပြီးချင်း ”ဒါ စော်ကားတာ ပဲ”ဟု ဒေါသ ထွက်သွား ဟန်ဖြင့် ခပ်တင်းတင်းပြောဆို လိုက်သည်။



အမျိုးသမီးတို့ အဘယ်ကြောင့်လက်မခံကြသနည်း

အပျိုစင် ဟူသည့် ဝေါဟာရ အပေါ် အနှစ်သာရပြည့်စေရန် စောင့်ထိန်းနေကြ ဆဲဖြစ်သည့်
 မြန်မာ အမျိုးသမီးများ အပေါ် ယင်းစစ်တမ်း မှာ ထိုကဲ့သို့စော်ကား ရာ ရောက် သည် ဟူသည့် အခြေ အနေ မျိုးဖြစ် စေသည်ဟု အမျိုးသမီး အချို့က ဝေဖန်ကြသည်။

 မြန်မာ့ ယဉ်ကျေးမှု အရ အသက်ထက် အရှက်အား ပိုမို အလေးထား သည့် အမျိုး သမီး များ ရှိနေ ဆဲဖြစ်သည့် အတွက် မြို့ပြနေ အမျိုးသမီးများ အပျိုစင်ဖြစ်ရန် ခက်ခဲ လာသည် ဟူသည့် အချက် က အမျိုးသမီး ထု အပေါ် ဝါးလုံးရှည်နှင့် သိမ်းရမ်း သကဲ့သို့ ဖြစ်နေ သည် ဟု အသက် ၂၄ နှစ် ရှိ ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်သည့် မစန်း(အမည်လွှဲ ) က ဆိုသည်။

ခေတ်စနစ် အရ ပွင့်လင်း လာသည့် အမျိုးသားနှင့် အမျိုးသမီး တို့ကြားမှ ဆက်ဆံရေး များ ရှိလာသော် လည်း ယင်း ကဲ့သို့ လိင်မှု ကိစ္စပိုင်း တွင် ပွင့်လင်း လာသည် ကိုမူ အတိုင်း အတာ တစ်ခု အထိ လက်မခံနိုင် ဟုလည်း ဆိုပြန်သည်။ 

စစ်တမ်း အပေါ် လက်သင့် မခံရခြင်း မှာ ၎င်း ပတ်ဝန်းကျင် ရှိ အမျိုးသမီး ငါးဦးကို စစ်ဆေးမည် ဆိုလျှင် ငါးဦး စလုံး အပျို စင် ဟူသည့် ဝေါဟာရ အပေါ် တန်ဖိုး ထား စောင့်ရှောက် သူ များ ဖြစ်ကြသည် ဟူသည့် အချက်ကြောင့်ဖြစ်သည် ဟု သူက ထောက်ပြသည်။

ပြောင်းလဲ လာသည့် ခေတ်ရေစီး ကြောင်းပေါ် တွင် အမျိုးသား များနည်းတူ ရင်ပေါင်တန်း အလုပ် လုပ်နေ ရသည့် မစန်းအတွက် အမျိုးသမီး တစ်ဦးအဖြစ် ခံယူ ထားသည့် အချက်မှာ ”ဘယ်လောက်ပဲ ပွင့်လင်း တိုးတက် တဲ့ခေတ်ဖြစ်ပါစေ ငါဟာ မြန်မာ အမျိုးသမီး တစ်ဦးဆိုတာ မမေ့လိုက် သင့်ဘူး လို့ထင်ပါတယ်” ဟူ၍ ဖြစ်သည်။ 

ထို့အပြင် ရူပဗေဒဖြင့် ဘွဲ့ရ ထားသည့် မန္တလေး မှ မအိအ အမည်လွှဲ) ကမူ အမျိုးသမီး အများစု မှာ မိဘ အုပ်ထိန်းမှု အောက်တွင် ရင်အုပ် မကွာရှိနေ ဆဲဖြစ်ပြီး မိဘနှင့်သား သမီး အကြား တွင် အထက် မှအောက် သို့ အုပ်ချုပ်သည့် ပုံစံ မဟုတ်တော့ဘဲ ညှိနှိုင်း တိုင်ပင်ဆုံးမသည့် အနေ အထားသို့ တဖြည်းဖြည်းချင်း ပြောင်းလဲ လာပြီဖြစ်ရာ ကိုယ်ပိုင် အ သိနှင့် စဉ်းစား ချင့်ချိန်နိုင် သည့် အမျိုးသမီးများ မှာလည်း ဒုနှင့်ဒေး ဖြစ်သည် ဟု ဖြေဆိုသည်။

ကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သည့် မစုစံ က မူ အဆိုပါ စစ်တမ်းမှာ လူဦးရေ မည်မျှ အပေါ် အခြေခံ ကာကောက်ယူ ထားသည့် စစ်တမ်းဖြစ်သလဲ ဆိုသည်နှင့် မည် သည့် ရည် ရွယ် ချက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံ ခဲ့ရသနည်းဟု ပြန်လည်မေးခွန်း ထုတ်သည်။ 

ဘွဲ့ရ အမျိုးသမီး တစ်ဦးဖြစ်သည့် မခင်စန္ဒာ က မူ မကြာသေးမီ ကပင် ထုတ်ပြန် ခဲ့သည့် လူဦးရေ စစ်တမ်း ၌ အမျိုးသမီးဦးရေ မှာ အမျိုးသား ထုထက် ပိုမို များပြားနေသည် ဟု ပါဝင် ခဲ့ပြီး လက်ရှိတွင် လည်း သူမ အပါအဝင် ရည်းစား မရှိသေးသည့် အမျိုးသမီး များ ပေါများနေ ဆဲဖြစ်သည့် အတွက် ယင်းစစ်တမ်း မှာ ယေဘုယျ မကျ ဟု အရွှန်းဖောက်ကာ ဖြေကြားသည်။

ထို့ကြောင့် အမျိုးသမီးအများစု မှာ ယင်း စစ်တမ်းအပေါ် လက်သင့် မခံနိုင်ဟု ထင်နိုင် ဖွယ်ရာ ရှိသည်။ သို့သော် စစ်တမ်းနှင့် ပတ်သက်၍ လက်မခံခြင်း မှာ ၃ဝ ဦး လျှင် ၁၁ ဦး ခန့်သာ ရှိနေသည် ကို မေးမြန်း ချက်များ အရ တွေ့ရှိ ရသည်။ ဤသို့ ဆိုလျှင် အမျိုးသမီးများ ကိုယ်တိုင် ပင် ယင်း စစ်တမ်း အပေါ် လက်ခံမှု ရှိသည် ဟု ဆိုရမည်လော။ မည် သို့သော အချက်ကြောင့် လက်ခံကြ သနည်း။ မေးခွန်း မေးနိုင်ဖွယ် ရှိပြန်သည်။

လက်ခံပေး ပါသည်။ သို့သော် …

အမျိုးသမီး အတော် များများပင် ယင်း စစ်တမ်းမှာ ဖြစ်နိုင်ခြေ ရှိပြီး လက်သင့် ခံနိုင်ကြောင်းထောက်ပြမှု များလည်း တစ်ပြိုင်တည်း မှာပင် ရှိလာခဲ့သည်။ ထိုသို့ လက်ခံ သည်ဟု ဆိုရခြင်း မှာ လက်ထပ်ခြင်း မပြုမီ အမျိုးသမီးများ အနေဖြင့် အမျိုးသား တစ်ဦးနှင့် အတူနေ ထိုင်ခြင်း မှာ အပြစ်တစ်ခု မဟုတ်ကြောင်း၊ အ ရွယ်ရောက်ပြီး သည့် အမျိုးသမီးများ တွင် လည်း အမျိုးသားများ နည်းတူ သွေးသား ဆန္ဒရှိနိုင်သည့် အတွက် ပွင့်လင်း လာ သည့် ခေတ်နှင့် အညီဖြစ်လေ့ ရှိ သည့် သဘော တရား များဖြစ်လာနိုင်သည် ဟု အမျိုးသမီး ထု အချင်းချင်း ထောက်ပြ လာကြခြင်းဖြစ်သည်။

အသက် ၂၅ နှစ် ရှိပြီဖြစ်ကာ ဆေးဝါး ကျွမ်းကျင်ဖြင့် ဘွဲ့ရ ထားသည့် မမာမြင့် (အမည်လွှဲ) က ယခင် အချိန်များ၌ လည်း အမျိုးသမီးများ အိမ်ထောင်မပြု မီ အပျိုစင် ဘဝ ကိုပေး အပ်ခြင်းများ၊ အတူနေခြင်း ကိစ္စများ ရှိနေနိုင်သော်လည်း သတင်း အချက်အလက် အားကောင်း လာသည့် ယခုခေတ် မှ သာ ပိုများ လာသယောင် မြင်တွေ့ လာရခြင်းဖြစ်နိုင် သည် ဟု ဆိုသည်။ 


”ယဉ်ကျေးမှု အရ ဖွင့်မပြော ရင်သာ ရှိမှာပါ၊ သဘာဝ တရားက ရှိတော့ သဘာဝ ဟာ သဘာဝ ပါပဲ။ မဟုတ် ရင် အိုးချင်းထား အိုးချင်းထိ ဆိုတဲ့ စကားက ဘာကြောင့် ပေါ်လာ မှာလဲ”ဟု မမာမြင့် က သုံးသပ် သည်။

ထို့သို့ လက်ခံပေး သူများ ဘက်၌ လည်း ခြွင်းချက် ဟူသည့် အခြေအနေ များ ရှိနေသည် ကိုတော့ တွေ့မြင် ရသည်။ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ဟူသည့် စကားပုံနှင့် အညီ အမျိုးသမီးများ အနေဖြင့်လည်း မိမိ ၏ ဘဝ၊ အိမ်ထောင်ဖက်နှင့် ဆန္ဒသိက္ခာ များ အပေါ် ကိုယ်တိုင် ပိုင်းခြားဆုံးဖြတ် ခွင့် ရှိသင့်ပြီဖြစ်သည် ဟု ဆိုကြသည်။ 


သို့ သော် ယင်းအခြေအနေက အမျိုးသမီးတစ်ဦးတည်းအတွက်သာမက မိသားစု၊ ပတ်ဝန်း ကျင်နှင့် အသိုင်းအဝိုင်းပေါ် သက်ရောက်နိုင်သည့် အခြေအနေတစ်ခုမဖြစ် လာေ စရန်တော့ ထိန်းသိမ်း သင့်သည်ဟု အထက်ပါစစ်တမ်းကို လက်ခံပေးကြသည့် အမျိုးသမီးများ က ထောက်ပြခြင်းဖြစ်သည်။

အချို့သော အမျိုးသမီးများမှာ ချစ်သူနှင့်အိမ်ထောင်ဖက်ကိုတစ်ဦးတည်းအ ဖြစ်ရည်ရွယ်ကာ မိမိ ၏ အပျိုစင်ဘဝကို ပေးအပ်တတ်ကြသော်လည်း တကယ်တမ်း ထိုချစ် သူနှင့် ဝေးကွာ သွား သည့် အခါ မိမိ၏တန်ဖိုးရှိသည့် အပျိုစင်ဘဝစွန့်လွှတ်ပေးလိုက်ရသည်သာ အဖတ်တင် ကျန်ခဲ့မည် ကိုလည်း သတိပြုသင့်ကြောင်း ထောက် ပြ သည်။ 


ကုမ္ပဏီဝန်ထမ်း အဖြစ် လုပ်ကိုင်နေ သည့် မစုစံကမူ ”အမျိုးသမီးတွေ သတိထားနေရမယ့် အချက် က မြန်မာယောက်ျားတွေ ဟာ အပျိုစင် ကို မှကြိုက်တတ်ကြတယ် ဆိုတာ ပါ” ဟု ဆို သည်။

ယင်းအချက်မှာလည်း မြန်မာ အမျိုးသမီးများ ထည့်သွင်းစဉ်းစားပေးရဦးမည့် ယဉ်ကျေးမှု အခြေ အနေ တစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ မင်္ဂလာဦး ညဟူသည့် စကားအဓိပ္ပာယ် အပေါ် အကောင် အထည်ဖော်နေကြ ဆဲ ချစ်သူမင်္ဂလာစုံတွဲများ ရှိသကဲ့သို့ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုး ထား သည့်လက်မထပ်မီ အတူနေထိုင်ခြင်းဟူသည့် စကား မှာ လည်း လူငယ်ထုအကြား၊ အမျိုးသား အမျိုးသမီးတို့ကြား အထူးတလည် အဆန်းဖြစ်မနေတော့သည်ကို သတိပြုမိကြရန် လည်း လို အပ်ပြီဖြစ်သည်။ 


မူးယစ်ဆေးဝါး၊ လက်တစ်ကမ်းတွင် ဝယ်ယူရရှိနိုင်နေသည့် ၁၈+ ရုပ်ရှင်များ၊ အင်တာနက် လွတ်လပ်စွာ သုံးနိုင်ခြင်းနှင့် ဆက်ကျော်သက်အရွယ် လူငယ်များ၏လိင်မှုကိစ္စဆိုင်ရာ စူးစမ်းချင် စိတ်များမှာလည်း စစ်တမ်းပါထွက်ဆိုချက်အပေါ် အထောက်အပံ့ပေးနေသည်ဟုလည်း ဆိုနိုင် မည်ဖြစ်သည်။

လက်မထပ်မီအတူနေသည့် ဖြစ်ရပ်များပြားလာပါက ယင်းအယူဝါဒအပေါ် လက်ခံနိုင်မှု များပြားရန်လည်း လိုအပ်မည်ဖြစ်သည်ဟု ဆိုကြသည်။အမျိုးသမီး သတင်းသမား တစ်ဦးဖြစ် သည့် မစင်သီ (အမည်လွှဲ) ကမူ ”အရင်ခေတ်က လို သူတို့တော့ လူပျိုမစစ်ဘဲ အပျိုမှ အပျိုလိုချင် တဲ့ ယောက်ျားဝါဒီတွေ နည်းသွားတာပေါ့” ဟု သူမ၏ အမြင်ကို ထုတ်ပြောခြင်းဖြစ်သည်။ 


သို့သော်လည်း စစ်တမ်းမှာ တိကျမှန်ကန်ရန် လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဝေဖန်ကြပြီး စစ်တမ်း တွင် ပါဝင်ထားသည့် မြို့ပြနေအမျိုးသမီး ငါးဦးလျှင် လေးဦးမှာ အပျိုမဟုတ် ဟူသည့် အချက် မှာ ယေဘု ယျဆန်လွန်းသည်ဟုလည်း ပြစ်တင်ပြောဆိုကြသည်။

မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့အစည်း တည်ထောင်ရာတွင်ပါဝင်သူ ဒေါ်ရီရီမြင့်ကမူ စစ်တမ်း၏ ရာခိုင်နှုန်းပြသထားမှုမှာ များပြားလွန်းလှပြီး ကောက် ယူ သည့်နေရာ၊ လူဦးရေနှင့် အမျိုးသမီးအများစုကို လွှမ်းခြုံနိုင်ခြင်းမရှိဟု ဆိုသည်။ 


မြို့ပြနေ အမျိုးသမီးများမှာ ကျေးလက်ဒေသနေအမျိုးသမီးတို့ထက် ပွင့်ပွင့် လင်းလင်းနေ ထိုင်မှုရှိသော် လည်း လက်ရှိတွင် မြန်မာ့ယဉ်ကျေးမှုဟူသည့် အထိန်း အကွပ်ရှိသေးသည့် အတွက် စစ်တမ်း ၌ ပြောထား သကဲ့သို့ အများစု ဟူသည့်အနေ အထားမျိုးမရှိနိုင် ဟု လည်း ပြောကြားသည်။ 

”နောက်ရာစုနှစ်တွေ ဆိုရင်တော့ တခြားနိုင်ငံတွေလို ဖြစ်လာမလားဆိုတာ မပြောနိုင်တဲ့ အခြေအနေ တစ်ခုပေါ့။ ဒါပေမဲ့လည်း ဂုဏ်သိက္ခာထိန်း သိမ်းမှုတွေ ဆိုတာတော့ အမျိုး သမီးတွေ မှာ ရှိနေကြတုန်းပါပဲ”ဟု ၎င်းက ဆိုသည်။

အမျိုးသမီးနှင့် အပျိုစင်ဘဝ

အထက်ပါစစ်တမ်းအပေါ် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမျိုးသမီးမှန်လျှင် အနည်းနှင့် အများ အပျိုစင်ဘဝအား ထိန်းသိမ်းစောင့်ရှောက်တတ် ကြစမြဲဖြစ် သည်ဟု အမျိုးသမီးများက ဆို ကြသည်။ ဗိုင်းကောင်းကျောက်ဖိဟူသည့် စကားနှင့် အညီနေထိုင် ခဲ့ကြသည့် မြန်မာအမျိုးသမီးများ ဘဝမှစတင်ကာ ယခုအ မျိုးသားများနှင့် တန်းတူ အလုပ်လုပ် ကိုင်နေနိုင် သည့် ပွင့်လင်းမြင်သာခေတ် ၌ပင် အပျိုစင် ဟူသည့် စကားရပ်အပေါ်တန်ဖိုး ထားမှု များ ရှိဆဲဖြစ်ကြောင်း အမျိုးသမီးအများစု ကို မေးမြန်းခြ င်းဖြင့်သိရသည်။

အမျိုးသမီး အချင်းချင်းကြား၌ ပင် ‘နင်အပျိုရောစစ်သေးရဲ့လား’ဟု မေးလိုက်ပါက ‘အင်း’ဟူသည့် အဖြေကို ရဲဝံ့စွာဖြေကြားလိုဆဲဖြစ်သည့် အမျိုးသမီးများရှိဆဲ ဖြစ်ကြောင်း ကို ဘဏ်ဝန် ထမ်း တစ်ဦးဖြစ် သည့် မစန်းက သူမ အတွေ့အကြုံအရ ပြောပြသည်။ ”ကိုယ်က အပျို မဟုတ်တော့ ဘူးဆိုရင် ကိုယ့်ကိုယ် ကိုယ် ယုံကြည် မှုတော့ မရှိ နိုင်တော့ ဘူးလို့ထင်တယ်”ဟု ၎င်းက ဆို သည်။ 


ထို့အပြင် အမျိုးသမီးများ မိမိ၏အပျိုစင်ဘဝကိုထိန်းသိမ်းခြင်းမှာ အကျိုးကျေးဇူးကြီးကြီးမား မားရရှိသည် ဟူသည့် အနေအထားမှ တန်ဖိုးမဟုတ်သော်လည်း ရိုးရာတစ်ခုကဲ့သို့ဖြစ်နေသည့် ဓလေ့အရ လိုက်နာခြင်းမျိုး ဖြစ်လာသည်ဟုလည်း ဆိုကြသည်။

အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်သည့် မစင်သီကတော့ ”ဘာရယ်ညာ ရယ်တော့ မဟုတ် ပါ ဘူး။ အနည်းဆုံး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့အဖြစ်တော့ အေးတာ ပေါ့”ဟူ၍ ရယ်ကျဲကျဲဖြင့် ဆိုသည်။ သို့သော် ထပ်မံစဉ်းစားကြည့်မည်ဆိုလျှင် အမျိုးသမီးများလက်မထပ်မီ အပျိုစင်ဖြစ်ခြင်း မှာ အမျိုးသမီးထုအကြားဂုဏ် ယူဖွယ်ရာကိစ္စရပ် ဆိုခြင်း ထက် အမျိုးသားများ အတွက်ဟု ဆိုလျှင် လက်ခံနိုင်စရာရှိမည်လော။ သို့တည်းမဟုတ် အငြင်းပွားဖွယ်နိုင်ရာ ရှိ မည်လော။

အမျိုးသားများနှင့် ၎င်းတို့ လက်တွဲဖော် ၏ အပျိုစင်ဘဝ

ရန်ကုန်မြို့လယ်ကောင်ရှိ ဟိုတယ်တစ်ခုတွင် စီမံခန့်ခွဲရေးရာ ကျွမ်းကျင်သူအဖြစ် အလုပ်လုပ် ကိုင်နေ သည့် အသက် ၂၃ နှစ်အရွယ် မလဲ့ရည်(အမည်လွှဲ) ကမူ သူမဘဝ၌ တက္ကသိုလ်ကျောင်း သူ ဘဝ၌ မိမိ၏ချစ်သူဖြင့် တစ်ကြိမ်တစ်ခါ ငြိစွန်းဖူးခြင်းရှိခဲ့သည်ဟု ဖွင့်ဟ သည်။ 


သို့သော် အခြေအနေတစ်ခုကြောင့် အဆိုပါအမျိုးသားနှင့် လက် ထပ်ခြင်း မရှိခဲ့ဟု သိရ သည်။ ကျောင်းသား ဘဝဖြစ်သည့် အပြင် ဘဝနေထိုင်ရေး၊ လူနေမှု အဆင့်အတန်း အရ ကောင်းမွန် စွာ လုပ်ဆောင် နိုင်သေးခြင်းမရှိသည့်အတွက် အဆို ပါအမျိုးသားနှင့် လမ်းခွဲ ခဲ့သည် ဟု လည်း ဆိုသည်။

”ကျွန်မအတွက် ဒီကိစ္စဟာအိပ်မက်ဆိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မသူနဲ့မှားမိလို့သူနဲ့သာ ယူခဲ့ရမယ်ဆိုရင် အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ ဘဝအ ခက်အခဲရှိလာ လိမ့်မယ်။ ဒါကြောင့် အပျိုဆိုတဲ့ဂုဏ်ကို ခဏမေ့ထားပြီး ကျွန်မ ရှင်သန်ခဲ့တယ်။ 


ခုတော့ အဲ့ဒီအခြေအနေဟာ အိပ်မက်ဆိုးကနေ ကျွန်မကို ဘယ်လို လုပ်ကိုင်သင့် တယ်ဆို တာကို လမ်းညွှန်ပေးနိုင်တဲ့ အကောင်းဆုံးသော သာဓကတစ်ခုလိုပါပဲ”ဟု မလဲ့ရည်က သူမ ဘဝ ကို ဖွင့်ဟပြော ဆိုသည်။ လက်ရှိ တွင်တော့ ဝင်ငွေကောင်းကာ သူမအပေါ် ချစ်ခင် စုံမက် သည့် အမျိုးသားတစ်ဦးနှင့် မကြာမီ လက်ထပ်တော့မည်လည်းဖြစ်သည်ဟု သူမကဆိုသည်။

”အချစ်ကိုဦးစားပေးပြီး အခြေအနေအရ သူ့ကိုပဲရွေးချယ်ခဲ့မယ်ဆို ဘဝဟာ ဒုက္ခရောက်တော့ မှာလေ။ အမျိုးသမီးတွေမှာလည်း ရွေးချယ်ခွင့်တော့ ရှိရမယ်။ ယောက်ျားတွေ ဘက်ကတော့ ဒါကိုမျှတစွာနားလည်ပေးဖို့လိုတယ်”ဟု မလဲ့ရည်က ပြောသည်။ 


သူမအတွက်တော့ ယခုလက်ထပ်မည့် အမျိုးသားနှင့် သူမအကြား နားလည်မှုများစွာရှိပြီး သူမ၏ပကတိဘဝကိုလည်း သိနှင့်ပြီးဖြစ်သည်ဟု သူက ဖွင့်ဟသည်။ အမျိုးသားများ ဘက် တွင်ရော အမှန်တကယ်ပင် ထိုသို့ကိစ္စများရှိနေသည့် အမျိုးသမီးများအပေါ် လက်ခံ မှုပေးနိုင်ဦး မည် လား။ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ရှိ ကိုကျော်စွာ (အမည်လွှဲ) က ချစ်မိသည့် အမျိုးသမီးမှာ အပျိုစင်မ ဟုတ် မှန်း သိ ခဲ့ရပါ က နှမြောမိမည် ဟုဆိုသည်။

အမျိုးသားတစ်ဦးဖြစ်သည့်အတွက် အမျိုးသမီးများနှင့် ဆက်ဆံရာတွင်ပွင့်လင်းသည့် အနေ အထား တစ်ခု ရှိသော်လည်း လက်မထပ်မီအတူနေခြင်းကိစ္စကိုမူ မနှစ် မြို့ဟု ဝန်ခံသည်။ ကိုယ်တိုင် က လိင်မှုကိစ္စပိုင်းတွင်ပွင့်လင်းလိုသော်လည်း မိမိနှင့် လက်တွဲမည့်အမျိုးသမီးကိုမူ ယင်း ကိစ္စ များနှင့် ပတ်သက်မှုမရှိဖူးသည့် သူဖြစ်စေလို သည် ဟုလည်း ဆိုပြန်သည်။ 


အမျိုး သမီးများ အပျိုစင်ဖြစ်မှု၊ မဖြစ်မှုအပေါ် ၎င်းက ”သူများသုံးပြီးသားကို သုံးရတာနဲ့ အသစ် သုံးရတာ က မတူဘူးလေ။ ခံစား ချက်ကြောင့်ပေါ့။ သက်မဲ့ဆိုရင်တောင် ခံစားရတာ သက်ရှိဖြစ်တော့ ခံစားချက်ပိုပြင်းထန်တာပေါ့”ဟုဆိုသည်။

အမျိုးသားအများစုမှာလည်း ၎င်း၏ ခံစားချက်အတိုင်းပင်ဖြစ်လိမ့်မည်ဟု သူက မှတ်ချက်ပေး သည်။ မန္တလေးတွင်နေထိုင်သည့် မအိအိကမူ အိမ်ထောင်မကျမီ အ တူေ နခြင်းကြောင့် မိမိ၏ အိမ်ထောင်ဘက်မှာ အိမ်ထောင်သက်တစ်လျှောက်လုံး ယင်းအချက်ပေါ်တွင် နင်းကာ အထင် အမြင်သေးခြင်း မှာ ဖြစ်လာနိုင်ခြေရှိ သည် ဟု လည်း ထောက်ပြသည်။ 


ထို့အပြင် အမျိုးသမီးအနေဖြင့် စဉ်းစားပါကလည်း မိမိပင်လျှင် အခြားအမျိုးသားတစ်ဦးအား အပျိုစင် ဘဝ ကိုပေးအပ်ခဲ့ဖူးခြင်းဖြစ်ရာ မိမိ၏ အိမ်ေ ထာင်ဖက် အ မျိုးသားမှာလည်း အခြားသော မိန်းမတစ်ဦး၏ အပျိုစင်ဘဝကို ရယူဖူးလိမ့်မည်ဟူသည့် အတွေးများ ဝင်လာနိုင်ခြေ ရှိသည် ဟုလည်း ဆိုသည်။ 


မည်သို့ ပင် ဆိုစေ အဆိုပါအခြေအနေပေါ် အလုံးစုံနားလည် မှု မပေးနိုင်သေး သည့် မြန်မာ့ယဉ်ကျေးမှုအရ အိမ်ထောင်ရေး အဖုအထစ်များသာ ဖြစ်လာနိုင်ခြေရှိမည်ဟု ဆို သည်။ အ ထက် တန်းပြ ဆရာမတစ်ဦးဖြစ်သည့်အသက် ၂၇ နှစ်အရွယ် မသက် (အမည်လွှဲ) ကမူ ”ချစ်သူ ဘဝမှာ ဘယ်လိုအခြေအနေပဲ ရှိခဲ့ကြပါစေ အိမ်ထောင်ဘက် ရှိလာ ရင်ေ တာ့ သူ့အပေါ်မှာ သစ္စာရှိသွားမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်” ဟူ၍သာ။

အချုပ်အားဖြင့်ဆိုရလျှင် စစ်တမ်း နှင့်ပတ်သက်၍သာမက အပျိုစင်ဘဝထိန်းသိမ်းမှု၊ ယဉ်ကျေးမှု၊ အုပ်ထိန်းမှု၊ စရိုက်လက္ခဏာများအပေါ်မူတည်သည့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင် ရာ ခံယူချက်များသည် ထိုအမျိုးသမီးများ၏ တစ်ကိုယ်ရည် ဘဝရပ် တည်မှု နှင့် သာသက် ဆိုင် လာ မည်ဖြစ်သည်။ 


၂၁ ရာစုနှောင်းပိုင်းတွင် ပွင့် လင်းမှုအားကောင်းလာခြင်း၏ တစ်ဖက်၌ အကောင်းအဆိုး ဒွန်တွဲနေ မည် ကို ကမ္ဘာပေါ်ရှိလူသားအားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။ အဖြေမျိုးစုံ ထွက်ရှိနေ ဆဲဖြစ် သည့် ကျား/မ သဘာဝဆိုင်ရာ မေးခွန်းများ၊ အချက်အ လက်များမှာ ထိခိုက်ရှ လွယ် သည့် သဘော တရားများလည်း ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယင်းစစ်တမ်းမှာ မည်သို့သော ရည်ရွယ်ချက်ဖြင့်ထုတ်ပြန်သည်ဆိုခြင်းက ပို၍ စိတ်ဝင်စားဖွယ်ရာဖြစ်လာပေလိမ့်မည်။ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်ရှိ အမျိုးသမီးဦးရေ စုစုပေါင်း ၄၅ ဦးကို လိုက်လံစစ်တမ်းကောက်ခံရာမှ ရရှိလာခဲ့သည်ဟူသော အဆိုပါ စစ်တမ်း က မြန်မာ နိုင်ငံ တစ်ဝန်းလုံးရှိ မြို့ပြနေအမျိုးသမီးမည်မျှကို ကိုယ်စားပြုနိုင်ပါမည်နည်း။ 


ယင်း အချက်သည် အထက်ပါအဖြေများထက် ပိုမို အဓိပ္ပာယ်ပြည့်စုံမည်ဖြစ်သည်။ သုတေသန လုပ်ငန်းစဉ် တစ်ခု (သို့မဟုတ်) စစ်တမ်းတစ် ရပ် မှာ အနည်းဆုံးလူဦးရေ ၅ဝဝ ခန့် ပါဝင်ရမည် ဟု Myanmar Survey Research မှသိရသည်။

သို့မှသာ သုတေသနစစ်တမ်းတစ်ခု၏အနှစ်သာရနှင့် ပြည့်စုံပြီး စစ်တမ်းကောက်ခံရာတွင်လည်း အမျိုးသမီးများအားတိကျစွာ အမျိုးအစားခွဲခြားခြင်း (ဥပမာ- လူမှုအခြေ အနေ၊ စီးပွားရေး၊ ပညာရေး)၊  ခွဲခြားခြင်းတို့ကို အနည်းဆုံး ပြုလုပ်သင့်သည်ဟုလည်း သိရသည်။ သုတေသန အယ်ဒီတာ အဖြစ် လုပ် ကိုင်နေဆဲဖြစ် သည့် ဦးလင်းမာန်အောင်ကမူ စစ်တမ်း ထုတ်ပြန်ရာ တွင်လည်း ရည်ရွယ်ချက် အား တစ်ပါတည်း ထည့်သွင်း ပြောကြား သင့်သည် ဟုထောက်ပြ သည်။

”လိင်ပိုင်းဆိုင်ရာ အသိပညာအတွက်လား၊ အတူနေကိစ္စတွေမှာ အသိပညာ ဘယ်လောက်ရှိ သလဲ စသဖြင့် ပြောပြရမယ်။ ဘာကြောင့်ဒီစစ်တမ်းကိုလုပ်ရလဲပေါ့။ လူလေး ငါးဆယ်နဲ့ စစ် တမ်း လုပ်တာ ဆိုရင်တော့ ဆောရီးပဲ”ဟု ၎င်းကလုပ် သက်အတွေ့အကြုံအရ စစ်တမ်း တစ်ခု ၏ စံနှုန်း များကို ပြောပြသည်။ 


ရာခိုင်နှုန်း တွက်ချက်ရာ တွင် လည်း ဆင်းရဲသား၊ အလယ်အလတ်တန်းစားနှင့် အထက် တန်းစား စသဖြင့် ခွဲခြားပြီး ယင်းအလွှာ အလိုက်ရာခိုင်နှုန်းပြန်လည်ခွဲခြား သင့်သည် ဟု သိရ သည်။ အဆုံး သတ်မှ သာ အားလုံးစုစုပေါင်း၏ မည်မျှရာခိုင်နှုန်းမှာမူ အပျိုစင် မဟုတ် ဟူသည့်  အချက်ကိုထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။”အဲ့ဒီတော့ပြောရရင် ဒီစစ်တမ်းဟာ တစ်နိုင်ငံ လုံး ကို ကိုယ်စားမပြုပါဘူး”ဟု ဦးလင်းမာန်အောင်က ပြတ်သားစွာ မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးများ အပျိုစင်စစ်စစ်ဖြစ်ရန် မည်မျှအရေးကြီးနေပြီနည်း။ ထိုအပျိုစင်ဖြစ်မှု မှာ အမျိုးသမီးတို့၏ ဘဝအပေါ်မည်မျှ လွှမ်းမိုးပေးနိုင်မည် နည်း။ ထိုနည်းတူစွာ ပင် အမျိုးသားများ အတွက် အိမ်ထောင်ဖက်အမျိုးသမီးတို့၏ အပျိုစင်ဖြစ်မှု ဟူသည်ကား အဘယ် နည်း ။ ယင်းမေးခွန်းများ ကိုမေးမြန်းမိပါက အ ပြစ်ပြော ဖွယ်ရာ၊ ထောက်ပြ ဖွယ်ရာ၊ အငြင်း ပွား ဖွယ် ရာ အဖြေမျိုးစုံထွက်ကျလာနိုင်သည်။ 


မဂ္ဂဇင်းတိုက်တစ်ခုတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် အသက်သုံးဆယ့် ငါးနှစ် အရွယ် မအေးအေး(အမည်လွှဲ)ကမူ ”မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ စစ်တမ်းကပြော ထား တဲ့ အချက် ကိုလုံးဝလက်မခံချင် ပါဘူး။ အဲ့ဒီ လိုပြတ် သားဖို့ အတွက်ဆိုတာလည်း ကျွန်မတို့ မိန်းမသားတွေက အဓိကပဲ” ဟူ၍သာ ဖြစ်သည်။

 



သုတလင်း၊ မြတ်စုငြိမ်း
From: Popular Myanmar
www.mmdailystar.com 

No comments:

Post a Comment