Tuesday, November 11, 2014

ရန်ကုန်မြို့လယ် က ဟိုတယ် တစ်လုံး ကို ရဲဝင်စီး


 

အကြမ်းဖက် သမားတွေ မြန်မာနိုင်ငံ သို့ ရောက်နေပြီ လို့ သတိပေးပြီး ရက်ပိုင်း အကြာမှာ ရန်ကုန် မြို့လယ် ဗိုလ်ချုပ် လမ်းပေါ်မှာ ရှိတဲ့ ဟိုတယ် တစ်ခုကို ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ ပူပေါင်းပြီး ဒီနေ့ နံနက်ပိုင်းမှာ ဝင်ရောက် စီးနှင်း ခဲ့ပါ တယ်။

အဲဒီ ဟိုတယ်မှာ ဘယ်သူတွေ ရောက်နေ လို့လဲ။ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၇ လမ်းထိပ်အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟိုတယ် တစ်ခုမှာ အကြမ်းဖက် သမားတွေ နဲ့ ရုပ်ချင်းဆင် သူတွေ လာရောက် တည်းခိုနေတယ် ဆိုတဲ့ သတင်း ရရှိမှုကြောင့် အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အဲဒီ ဟိုတယ်ကို ဝင်ရောက် စစ်ဆေး ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။


မြန်မာနိုင်ငံ သို့ ဝင်ရောက်နေတယ် ဆိုတဲ့ RSO အမည် ရ ဘင်္ဂါလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်လေးဦး ရဲ့ ဓါတ်ပုံတွေ ပါတဲ့ လုံခြုံရေး သတိပေးစာ ကို ရဲတပ်ဖွဲ့က ဟိုတယ်တွေ ကို ဖြန့်ဝေထားပါတယ်။ “ဓာတ်ပုံထဲ က ပုံနဲ့ တူတဲ့ သူ နှစ်ယောက် ဟိုတယ် မှာ ဒီနေ့ မနက်က လာတည်းနေတယ် လို့ ဟိုတယ်က တာဝန်ရှိသူ က ဖုန်းဆက်ပြောလို့ မိနစ်ပိုင်း အတွင်း ဝင်ရောက် ရှာဖွေ စစ်ဆေး ခဲ့တာပါ ” လို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ် က ပြော ပါတယ်။

ရုပ်ချင်း ဆင်တူ တဲ့ အမျိုးသား နှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် မှာ နေထိုင် သူတွေ ဖြစ်ကြ ပါတယ်။ သူတို့နဲ့ အတူ ပါလာသူ နှစ်ဦး ကတော့ တရုတ် ဗမာစပ် ကပြားတစ်ဦး နဲ့ သက်သေခံ အစိမ်းရောင် ကတ်ပြား ကိုင်ဆောင်ထားသူ တစ်ဦး ဖြစ်တယ်လို့ ပုဇွန်တောင်မြို့မ ရဲစခန်း ဆီကနေ စုံစမ်း သိရှိရပါတယ်။

အကြမ်းဖက် သမားတွေ နဲ့ ရုပ်ချင်း ဆင်တူ သူတွေ ဟာ ကားအရောင်း အဝယ် ကိစ္စနဲ့ ရန်ကုန်သို့ ရောက်ရှိ လာတာလို့ အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ ဆီကို မေးမြန်းတဲ့ အခါမှာ သူတို့ဟာ ရိုးသားစွာ နေထိုင်သူတွေ ဖြစ်တယ် ဆိုပြီး အထောက် အထားတွေ ရတယ်။ 

သူတို့ အဖွဲ့ထဲ က ဆွေးမျိုးတော်စပ် သူ တာမွေမြို့နယ် က အမျိုးသား တစ်ဦးက အာမခံပေး လို့ ဟိုတယ် မှာ ဆက်လက် တည်းခိုခွင့်ပေးထားတယ် လို့ သူက ဆက်ပြောပါတယ်။

အာဆီယံ ထိပ်သီး အစည်း အဝေး မတိုင်မီ မြန်မာနိုင်ငံ အတွင်းသို့ RSO အဖွဲ့က အဖွဲ့ခေါင်းဆောင် နဲ့ နောက်လိုက် အကြမ်းဖက် သမားသုံးဦး ဝင်ရောက်နေတယ် လို့ သတင်း ရရှိမှုကြောင့် ဓာတ်ပုံ နဲ့ ကိုယ်ရေး ကိုယ်တာ အချက် အလက်တွေ ကို ရဲတပ်ဖွဲ့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အပါအဝင် လေဆိပ်၊ သင်္ဘောဆိပ်တွေ နဲ့ မြို့ဝင်မြို့ ထွက် ဂိတ်တွေ ကို လွန်ခဲ့တဲ့ တစ်ပတ်ခန့် က စတင် အသိပေး ကြေညာခဲ့တယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ဆီကနေ သိရှိ ရပါတယ်။

အကြမ်းဖက် သမားတွေ အဖြစ် အသိပေး ကြေညာ ထားသူတွေ မှာ အဖွဲ့ခေါင်းဆောင်ဖြစ် သူ (ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ) ဦးသန်းဝင်း၊ အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အဖြစ် အိုစမာ (ခ) ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေး သင်တန်းဆင်း အာဖက် (ခ) အမင်း နဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကူဖောက်ခွဲရေး သမား အီစမိုင် (ခ) ဇော်ဝင်း တို့ ဖြစ်ကြပါတယ်။

သူတို့ လေးဦး ရဲ့ ဓာတ်ပုံတွေနဲ့ တကွ သတင်း အချက်အလက်တွေ ကို လုံခြုံရေး အတွက် တွေ့ရှိ သူတွေ အချိန်မီ သတင်း ပို့နိုင်ဖို့ ဖြန့်ဝေခဲ့တာ လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

 ပြည်ပ အခြေစိုက် အကြမ်းဖက် သမားတွေ ရဲ့ ခြိမ်းခြောက် မှု အန္တရာယ်ကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေး ကာလ အတွင်း နေပြည်တော် ကို အနီရောင် အဆင့် လုံခြုံရေး ကို တိုးမြှင့် ချထားမှာဖြစ်ပြီး အခြားမြို့ကြီးတွေ ကို အမြင့်ဆုံး လုံခြုံရေး အဆင့် သတ်မှတ်ဆောင်ရွက်နေတယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဆီကနေ သိရပါတယ်။



the voice weekly
From...Myanmar Latest News

 

No comments:

Post a Comment