Thursday, December 18, 2014

အက်စ်ပရက်စ်ဆို တစ်ခွက် နှင့် စကားပြောခြင်း




 ကော်ဖီ အချိုးအစား ပါဝင်မှု အားပြင်းပြီး အလွန် တရာ ထူထဲ သိပ်သည်း ကာ ခါးသက် ပြင်းရှသော၊ ကော်ဖီ ခွက်များ ထဲတွင် အရွယ်အစား အသေးငယ် ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တစ်ခွက် လျှင် ကော်ဖီ ရည် တစ်အောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည် ရသော၊

 ကော်ဖီ တစ်ခွက် လျှင်ကော်ဖီ ရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီ အမျိုး အစား များဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊ အမေရီကာနို အစရှိသည် တို့အတွက် အဓိက အကျဆုံး အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီ အမျိုးအစား အားလုံး ထဲတွင် ကဖိန်းဓါတ် ပါဝင် မှုနှုန်း အမြင့်ဆုံးနှင့် အများ ဆုံး ဖြစ်ပြီး အဆီ ပါဝင်မှု နှင့် ကိုလက်စထရော ပါဝင်မှုမှာ မူ သုည ရာခိုင်နှုန်းသာ ရှိသော၊ ထိုကော်ဖီ ကို အက်စ်ပရက်စ်ဆို ဟုခေါ်ပါသည်။ 

 ကော်ဖီ တစ်မျိုးတည်း ကို အဓိက ထား ရောင်းသော ဆိုင် တစ်ဆိုင်တွင် အက်စ်ပရက်စ်ဆို တစ်ခွက် ကို သင် မှာယူမည် ဆိုပါစို့။ ကော်ဖီ မှာယူချိန် တွင် တစ်ခါတည်း ငွေရှင်း ရသော ကောင်တာရှေ့တွင် တန်းစီ ရပ်တန့် ပါ။ 

သင့်အလှည့် ကျလာ ပါက ကောင်တာနောက် မှ အရောင်းစာရေး ကို အက်စ်ပရက်စ်ဆို တစ်ခွက် ရနိုင် မလား ဟု မေးလိုက်နိုင် ပါသည်။ ဤနေရာ တွင် အရောင်းစာရေး ဟူသည် တစ်ခါ တစ်ရံ ဖြူဖြူပိန်ပိန် အမျိုးသား ခပ်ငယ်ငယ် တစ်ယောက် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ တွင် အိုင်းလိုင်နာ ထူထူခြယ်ထားသော အသားညိုညို  အမျိုးသမီး တစ်ဦးလည်း ဖြစ်နေနိုင်ပါသည်။ 


မည်သို့ပင်ဖြစ်စေ ကောင်တာနောက်မှ အရောင်းစာရေး က သင့်အား Single လား Double လား ဟုမေးပါ လိမ့် မည်။ တစ်ခါ တစ်ရံ တွင်မူ Solo လား Doppio လား ဟုလည်း မေးကောင်းမေးနိုင်ပါသည်။ 

သင် သို့မဟုတ် သင့်ခန္ဗာကိုယ် က အက်စ်ပရက်စ်ဆို တစ်အောင်စ သာ အလိုရှိလျှင် Single သို့မဟုတ် Solo ဟု မှာကြားနိုင်ပြီး သင့် ခန္ဗာကိုယ် က အက်စ်ပရက်စ်ဆို နှစ်အောင်စ ကို တောင့်တ မိပါက Double သို့မဟုတ် Doppio ဟု သက်တောင့်သက်သာ ဖြေဆိုလိုက်ပါ။ ထိုအခါ အရောင်း စာရေးက ဒီမှာ သောက်မှာ လား… အပြင်ကို သယ်ဆောင်သွားမှာ လား… ဟု ခပ်တိုးတိုး မေးပါလိမ့်မည်။ 

သင် လိုအပ်ချက် အတိုင်း ဆိုင်မှာ ထိုင်သောက်ရန် သို့မဟုတ် အပြင်ကို သယ်ဆောင်သွားရန် တစ်ခု ခု ဖြေ ကြားပေး လိုက်ပါ။ ထို့နောက် ကျသင့်ငွေ ကို ပေးချေပြီးလျှင် မိနစ် အနည်းငယ် အတွင်း စွဲမက်ဖွယ် အတိပြီးသော အက်စ်ပရက်စ်ဆို ကော်ဖီ ခွက်ငယ် ကလေးတစ်ခွက် သင့်ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည် ဖြစ်ပါသည်။




 ကော်ဖီခွက် သေးသေးလေး ထဲ တွင် တစ်အောင်စ သို့မဟုတ် နှစ်အောင်စ မျှသာ ပါဝင်သော အညို ရင့်ရောင် အက်စ်ပရက်စ်ဆို ကော်ဖီ အရည်ကလေး သည် သင် မျှော်လင့် ထားသည်ထက် အဆပေါင်း များစွာ ပိုမို ခါးသက် ပြီး သင် ထင်ထားသည် ထက် ပြင်းရှ ကောင်း ပြင်းရှ နေပါလိမ့်မည်။ 

သို့သော် သူကပေးသော စွဲမက်ခြင်း များနှင့် သူ၏ အာနိသင် များကိုမူ သင် စိုးစဉ်းမျှ ခါးသက် ပြင်းရှ လိမ့်မည် မဟုတ် ဟု ခိုင်မာစွာ အာမခံဝံ့ ပါသည်။ အမြင်အာရုံ ကို ငြိတွယ်စေသော ညို ရင့်ရင့် အဆင်း၊ နှာခေါင်းဝ တွင် လာရောက် ရိုက်ခတ်သော မွှေးမြ ရှတ သင်းရနံ့၊ လျှာဖျားတွင် စွဲမြဲ ရစ်သော၊ နှုတ်ခမ်းဖျား တွင် ထင် ကျန်ရစ်သော ခါးသက်သက် အရသာ တို့က အက်စ်ပရက်စ်ဆိုကော်ဖီ  ၏ ထူးခြားသော ဂုဏ်အင်္ဂါ များဖြစ် ကြပြီး နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်… ကြိမ်ဖန်များစွာ ထပ်ခါ တလဲလဲ သောက်ချင်လာအောင် သင့်အား လှလှပပ ညှို့ယူ ခေါ်ငင် ဆွဲဆောင်ပါလိမ့်မည်။ 

 တိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင် တစ်ဆိုင် ၏ အတွင်းဖက် ထောင့်တစ်နေရာ၊ လေအေးပေးစက် မှ အအေးဓါတ် အနည်းငယ်၊ မလင်းလွန်း မမှောင်လွန်းသော ၀ါကျင့်ကျင့် မီးပွင့်အောက် မှ စားပွဲဝိုင်းငယ် တစ်လုံး သည် အက်စ်ပရက်စ်ဆို ကော်ဖီ တစ်ခွက်နှင့် တရင်းတနှီး မိတ်ဆွေဖွဲ့ရန် အလွန် သင့်တော်သော အနေအထား ဖြစ်ပါသည်။

 ပြောရလျှင် အက်စ်ပရက်စ်ဆိုကော်ဖီ က ပေးသော စွဲမက်ဖွယ်ရာ များသည် မိတ်ဆွေကောင်း တစ်ယောက်နှင့် စကား လက်ဆုံ ကျရသည်နှင့် ဆင်ဆင် တူပါသည်။ သင့်ဘဝ တွင် ဝါသနာတူ၊ စိတ်ကူးတူ၊ အတွေးတူ၊ ရင်ခုန်သံ ဘာသာစကားချင်း လည်း တူညီသော မိတ်ဆွေ တစ်ယောက်နှင့် အချိန် တစ်နာရီခန့် သို့မဟုတ် တစ်နာရီ ထက် ပို၍ စကားပြောဖူးပါသလား။ 

သင်သည် နေ့စဉ်နှင့် အမျှ အလုပ် တာဝန်များ၊ လူမှုရေး တာဝန်များ၊ အထွေထွေ လိုအပ်ချက် များတို့ဖြင့် အချိန်အား ရှာမရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ သို့သော် လေးနက်စွာ တိုက်တွန်းလိုပါသည်။ အချိန်အား အနည်းငယ် ကို မဖြစ်မနေ ကြိုးစားရှာဖွေ ၍ မိတ်ဆွေတစ်ယောက်နှင့် စကားပြောကြည့်ပါ။ 



စကားလုံးများ တွင် ရင်းနှီးမှု   အချိုးအစား အားပြင်းပြီး အလွန် တရာ ထူထဲ သိပ်သည်းသော နားလည်မှုများ ပါဝင် လိမ့်မည်။ စကားလုံး များတွင် ခါးသက်ပြင်းရှပြီး မွှေးပျံ့စွာ နှစ်သက်ဖွယ် ကောင်းသော စွဲမက်တမ်းတ မှုများ ပါဝင်လိမ့်မည်။ စကားလုံးများ တွင် နှလုံးသားဖြင့်သာ ခံစားနားထောင်နိုင်သော အတွေးစိတ်ကူး သစ် များ ပါဝင်လိမ့်မည်။ 

စကားလုံး များတွင် သာမန် မျက်စေ့ဖြင့် မတွေ့ မမြင်နိုင်သော စိမ်းစို လတ်ဆတ်သည့် အဖြူရောင် ကြိုးမျှင် များ ပါဝင်လိမ့်မည်။ စကားလုံးများ ထဲတွင် အမြင့်တစ်နေရာ မှ ပြောင်းပြန် ထိုးဆင်း သွားသော ရိုလာ ကိုစတာ တစ်စီး ကဲ့သို့ စိတ်လှုပ်ရှားစရာ များလည်း ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။ 

စကားလုံး များတွင် မျက်စိ တဆုံး ပြေပြစ် ကျယ်ပြောသော စိမ်းလဲ့ မြက်ခင်းပြင်နှင့် အတူ စိမ်းညို့ညို့ သစ် ရွက် များ ပြည့်နှက်နေသော တောအုပ်ထူထူ တစ်ခု ပါဝင်နေလိမ့်မည်။ စကားလုံးများ တွင် အေးမြ လန်း ဆန်းသော လေနုအေးများနှင့် ပြာလဲ့နေသော အဆုံးအစ မဲ့ ကောင်းကင်ပြင်ကြီး ပါဝင်နေလိမ့်မည်။ 

စကားလုံး များတွင် ဖွေးဆွတ် ဖြူစင်နေသော ရွှေ့ပြောင်း တိမ်စိုင် တိမ်လိပ်များ လည်း ပါဝင်ကောင်း ပါဝင်နေ ပါလိမ့်မည်။ သေချာသည် ကတော့ စွဲလမ်း မူးယစ်စေတတ်သော ပစ္စည်းတစ်ခု ကဲ့သို့ အကြိမ်ကြိမ် အခါခါ ထပ်မံ အသုံးပြု လိုသော ဆန္ဒတစ်စုံ ကို မလွဲမသွေ ပိုင်ဆိုင်ရမည်ဖြစ်ပါသည်။

 ထို့ကြောင့် အချိန်အနည်းငယ် ကို ကြိုးစား ရှာဖွေပါ။ အက်စ်ပရက်စို တစ်ခွက် ၀ယ်ယူပါ။ မိတ်ဆွေကောင်း တစ်ယောက်နှင့် စကားပြောကြည့် ပါဟု ထပ်မံ တိုက်တွန်းလိုပါသည်။ 


 ပြောနေရင်း မှာ မေ့လျော့ကျန်လု ဆဲဆဲဖြစ်နေသော အချက်တစ်ခု ရှိပါသေးသည်။ ထို အချက်မှာ အက်ပရက်စ်ဆိုကော်ဖီ တစ်ခွက် ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်း ပင် ဖြစ်ပါသည်။ 

အက်ပရက်စ်ဆို Single Shot ဆိုလျှင် ခွက်ကလေး တွင် ပါဝင်သမျှ ကို တစ်ချက်တည်း အကုန် မော့ချလိုက် ရန်ဖြစ်ပြီး Double Shot ဖြစ်ပါ မူ နှစ်ကြိမ် ခွဲ၍ သောက်သုံးရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်း တကျ သောက် သုံးရန် လိုအပ်သော အက်ပရက်စ်ဆို ကို တစ်စက်ချင်း နှစ်စက်ချင်း ဖြေးညှင်းစွာ သောက်နေ မိခြင်းက မှားယွင်းမှု  များ အားလုံး၏ အစပင် ဖြစ်နေပါသည်။ 

ထိုသို့  မှားယွင်းပြီးသော အခါတွင် အရာရာ ကို အစ မှ ပြန်လည် စတင် လိုက်ပါ။



သက်ဝေ (၁၇ ဒီဇင်ဘာ ၂၀၁၄) 
From...လူဗိုလ်ဟူသည်
http://www.lubo601.com/2014/12/blog-post_93.html#more

No comments:

Post a Comment