Thursday, December 18, 2014

ဦးသန့် အရေး အခင်း နောက်ကွယ် မှ ဇာတ်လမ်း များ { ကိုရင်မောင် }


ဦးသန့် ကွယ်လွန် ခဲ့သည်မှာ ယခု အခါ နှစ် (၄၀) ရှိပြီ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ဦးသန့် အရေးအခင်း သည် ပထမ အကြိမ် ပြည်သူ့ လွှတ်တော်မှ ရွေးချယ် တင်မြောက် ထားသော ဦးနေ၀င်း အစိုးရ အတွက် တတိယ အကြိမ်မြောက် အရေးခင်းကြီး ဖြစ်ပါသည်။ 

၁၉၇၄ ခုနှစ် တွင် အလုပ်သမား အရေးခင်းနှင့် ဦးသန့် အရေးအခင်း တို့ ဖြစ်ကြပါသည်။ ဦးသန့် သည် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ ရမည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ် သူ အာဏာရှင် ဦးနေ၀င်း ၏ ပုဂ္ဂိုလ်ရေး အာဃာတ ကြီးမားမှုကြောင့် နိုင်ငံတော် အတွက် မလိုလား အပ်သော  အရေးခင်း ကြီး ပေါ်ပေါက် ခဲ့ရပါသည်။ 

ထို့အပြင် ကျောင်းသား များ၊ ရဟန်းရှင် ပြည်သူများ တို့သည်လည်း ကျောင်းထုတ် ခံရ၊ အရေးယူ ခံရ အစရှိ သည်ဖြင့် ဘ၀ တ၀က် တပျက် တွင် လှေလှော်ရင်း တက်ကျိုး ခဲ့ရပါသည်။ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဆလိုင်း တင်မောင်ဦး သည် ယင်း အရေးအခင်း များတွင် ပါဝင် ခဲ့သည့် အတွက် ပထမဆုံး ကြိုးပေး ကွပ်မျက်ခြင်း ခံရသော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ 


ဆလိုင်း တင်မောင်ဦး ကြိုးပေး ကွပ်မျက်ခြင်း ခံရသော (၃၆)နှစ်မြောက် အထိမ်း အမှတ် ပွဲကို တော်ဝင်နှင်းဆီ ခန်းမ တွင် ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင် ဦးဆောင် ၍ တ.က.သ အမှုဆောင်ဟောင်း ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကို၊ ကိုတင်မောင်ဦး ၏ ညီ အစရှိသည် တို့ဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြပါသည်။

ဦးသန့် ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့ မှ ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် မွေးဖွား ခဲ့ပါသည်။ မွေးချင်း ညီ အကို (၄) ဦးရှိသည့် အနက် ဦးသန့် မှာ အကို အကြီးဆုံး ဖြစ်ပြီး ၄င်း ၏အောက်တွင် ဦးခန့်၊ ဦးသောင်းနှင့် ဦးတင်မောင် (၃) ဦး တို့ ရှိကြပါသည်။ 

အသက် (၂၆)နှစ် တွင် ဒေါ်သိန်းတင်နှင့် လက်ထပ် ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့် တို့ မွေးဖွား ခဲ့ပါသည်။ သားငယ် တင်မောင်သန့် မှာ ၁၉၆၂ ခုနှစ်၊ မေလ (၂၁) ရက်နေ့ တွင် ရွှေဂုံတိုင် မီးပ္ပိုင့် အနီးတွင် ဘတ်(စ်)ကားပေါ်မှ လိမ့်ကျသေဆုံး ခဲ့ပါသည်။ 

ဦးသန့်သည် ၀န်ကြီးချုပ် ဦးနုနှင့် ကျောင်းဆရာ ဘ၀ ကပင် အလွန် ရင်းနှီးကြသူများ ဖြစ်ကြ၍  နောက်ပိုင်း ၀န်ကြီးချုပ် ဦးနု လက်ထက် တွင် တာဝန် အမျိုးမျိုး ပေးခြင်း ခံရပြီး ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ 

၁၉၆၀ ခုနှစ် တွင် ကုလသမဂ္ဂ ရန်ပုံငွေ တိုးပွားရေး ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်း ခံရ ပါသည်။ ဦးသန့်သည် စစ်အေး တိုက်ပွဲ ကာလ အတွင်းတွင် အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စု တို့ကြားတွင် သင့်မြတ် စွာ နေ ထိုင်နိုင်သောကြောင့် (၂) ဖက် စလုံး ၏ ရိုသေလေးစားခြင်း ကို ခံရသူ တစ်ဦး ဖြစ်ပါသည်။  

၎င်းအပြင် ဦးသန့် သည် အင်္ဂလိပ်လို ရေးသား ပြောဆို ရာ တွင် အလွန်ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့် သည် သူများ ပြောသည် များကို စိတ်ရှည်စွာ နားထောင် တတ်ပြီး မိမိပြောသော အခါတွင် ရှင်းလင်း စွာဖြင့် တိုတို တုတ်တုတ် ပြောတတ် ပါသည်။  

ဦးသန့် သည် ကုလသမဂ္ဂ အဖွဲ့ဝင် ကိုယ်စားလှယ် များနှင့် လည်း ရင်းနှီး ကျွမ်းဝင်ပြီး အားလုံး ၏ ချစ်ခင် လေးစား မှု ကိုလည်း ခံယူ ရသူ တစ်ဦး ဖြစ်ပါသည်။ ဦးသန့် ၏ ဥပဓိရုပ်ရည် မှာ လည်း နှစ်လိုဖွယ်ကောင်း သည့် အတွက် လူချစ် လူခင် ပေါများခြင်း ဖြစ်ပါသည်။ 

ဤသည် မှာ ၄င်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူး ရရှိရန် အထောက် အကူ ပြု ထားသော အချက် ဖြစ်ပါသည်။

၁၉၆၁ ကွန်ဂို အရေး အခင်းတွင် လေယာဉ် ပျက်ကျ ၍ ရုတ်တရက် ကွယ်လွန် သွားသော ဒက်ဟမ္မားရှိုး ၏ နေရာ တွင် ယာယီ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ၀င်ရောက် တာဝန် ထမ်းဆောင်ပြီး  ၁၉၆၁ ၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကုလသမဂ္ဂ ၏ တရားဝင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို အများ သဘောတူ ရွေးချယ် တင်မြောက်ခြင်း ခံရပါသည်။ 

ဦးသန့် သည် ၄င်း တာဝန် ထမ်းဆောင်သော ကာလ တွင် ကမ္ဘာကြီး အား တတိယ ကမ္ဘာစစ်ဘေး မှလည်း ကယ်တင်နိုင်ခဲ့ ပါသည်။ ၄င်း အရေးအခင်း မှာ ကျူးဘား ဒုံးပျံ  အရေးခင်း ဖြစ်ပါသည်။ အမေရိကန်နှင့် ရုရှား တို့ ထိပ်တိုက်တွေ့ မည့် နျူကလီးယား စစ်ပွဲ မှ ဦးသန့် ၏ ကြားဝင်ဖြေဖြန် မှုကြောင့် ဆိုဗီယက် နိုင်ငံမှ ၀န်ကြီးချုပ် ကရူးရှက် သည် ၄င်း၏ ရေလမ်း သဘောင်္ များဖြင့် ကျုးဘား မှ ဒုံးပျံ များကို ပြန်လည် ရုတ်သိမ်း သွားခဲ့ပါသည်။ 

ထိုစဉ်က အမေရိကန် သမ္မတ မှာ ဂျွန်အက်(ဖ်) ကနေဒီ ဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန် ကို (၂) ကြိမ် ထမ်းဆောင်ပြီးနောက်  ဦသန့် သည် အနားယူ ခဲ့ ပါသည်။ 

“ဦးသန့်သည် ကမ္ဘာ့နိုင်ငံရေး ပြဿ        နာ များကို ငြိမ်းချမ်း စွာ တွေ့ ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင် စွာ ဖြေ ရှင်းနိုင် ခဲ့သော ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်သည့် အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အကြီး အကဲ များ ကမ္ဘာ့ပြည်သူ များ ကပင် ချီးကျူးဂုဏ်ယူခြင်း ခံရပါသည်။ 

ကုလသမဂ္ဂ သမိုင်း တွင်လည်း မှတ်တမ်း၊ ကဗ္ဗည်း တင် ခံရသူဖြစ်ပါသည်။ ယခု လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်နေသော မစ္စတာ ဘန်ကီမွန်း ကလည်း မြန်မာနိုင်ငံ သို့ လာစဉ် ဦးသန့် အား ချီးကျူး ဂုဏ်ပြုပြီး ဦးသန့်  ၏ ဂူဗိမာန် အား လည်း သွားရောက် ဂါရ၀ပြုခဲ့ပါသည်။

ဦးသန့် သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု တွင် နေထိုင်ရင်း ကင်ဆာရောဂါ   ဖြင့် ကွယ်လွန် ခဲ့ပါသည်။ 

ကွယ်လွန်သူ ၏ ဆန္ဒ အရ မြန်မာနိုင်ငံ တွင် ၄င်း၏ ရုပ်ကလာပ် အား ရန်ကုန်မြို့ တွင်  သင်္ဂြိုဟ်ရန် အတွက် ပြန်လည် သယ်ဆောင် လာရာ ထိုစဉ် က သမ္မတ ဦးနေ၀င်းမှ ကြံတော  သုဿာ     န်တွင်သာ မြေနေ ရာ ပေးသည် ကို ကျောင်းသား များနှင့် ပြည်သူ များက မကျေနပ်သောကြောင့် ဦးသန့် အရေး အခင်းကြီး ပေါ်ပေါက် ခဲ့ရပါသည်။ 

အတွင်း သတင်းများ အရ ဦးနေ၀င်း သည် ဦးသန့် အပေါ် တွင် အာဃာတ တရား ထားရှိ ပါသည်။ အဘယ်ကြောင့် ဆိုသော် ဦးသန့် သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်နေ စဉ် ကာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ရာတွင် ထိုစဉ် က တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်ကြီး နေ၀င်း မှ အလုံလမ်း သမ္မတ အိမ်တော် တွင် ကော်ဇောနီ ခင်းပြီး ညစာ စားပွဲဖြင့် တစ်ခမ်း တစ်နား ကြိုဆို ဂုဏ်ပြု ဧည့် ခံခဲ့ပါသည်။ 

၎င်းနောက် ဦးနု ၏ ပြည်ပြေး အစိုးရ ပေါ်ပေါက် လာသော အခါ တွင် ဦးသန့် သည် ဦးနု ကို ကူညီ သည်ဟု ဆိုကာ မျက်မာန်တော် ရှ ခဲ့ပါသည်။ 

ဦးသန့် အလောင်း ကို ရန်ကုန် သို့ သယ်လာသော ကာလ တွင် ထိုစဉ် က ပြည်ထဲရေး ၀န်ကြီး ဖြစ်သော ဗိုလ်မှူးကြီး ကိုကို မှ “ဗိုလ်ချုပ်-ဦးသန့် အတွက် ကို နေရာ တစ်ခု ဖန်တီးပေး လိုက်ရင် ကောင်းမယ် မဟုတ် ရင် ဆူပူမှုဖြစ်လိမ့်မည်”ဟု တင်ပြသော အခါ ဦးနေ၀င်း မှ “ဆူလျှင် ချလိုက် မှာပေါ့ကွ”ဟု ပြောခဲ့ပါသည်။ 

ဤသည် မှာ အာဏာရှင် တို့ ၏ ၀သီ အတိုင်း လက်နက်ဖြင့် အကြမ်းဖက် ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။  အတိုချုပ် အားဖြင့် ပြောရလျှင် ကျောင်းသားများ သည် ဦးသန့် ၏ ရုပ်ကလာပ် အား ကျိုက္ကဆံကွင်း တွင် ပြည်သူ တို့ အလေးပြုရန် ထားရှိပြီး ၄င်းမှ ဘွဲ့နှင်း သဘင် သို့ သယ်ဆောင် ကာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ် အတွင်း  ဗိုလ်အောင်ကျော် ဂူ အနီးတွင် ဂူသွင်း ခဲ့ပါသည်။
 
ဤသို့သော အခြေအနေ တွင် ည သန်းခေါင်းယံ ၌ စစ်ကြောင်း များ သည် တက္ကသိုလ် အတွင်း ၀င်စီးပြီး ဦးသန့် ၏ ရုပ်ကလာပ် အား ယခု လက်ရှိနေရာ သို့ ပြောင်းရွှေ့ပြီး နေရာပေး ခဲ့ပါသည်။ 

နိဂုံးချုပ် အားဖြင့် ပြောရလျှင် ဦးနေ၀င်း သည် ပြည်သူနှင့် ကျောင်းသား တို့ ၏ ဆန္ဒ ကို နောက်ဆုံး တွင် လိုက်လျော ခဲ့ရပါသည်။ အမှန် မှာ မူလ ကပင် စီစဉ်ပေးလိုက် ပါက မည်သည့်ပြဿ        နာမှ မဖြစ်ပေါ်နိုင် ဘဲ အေးအေး ချမ်းချမ်း ပြီးသွားမည် ဖြစ်ပါသည်။ 

သို့သော် အာဏာရှင် တို့၏ ဗီဇ အတိုင်း မည်သည့် အရာကို မျှ လူစု လူဝေးဖြင့် တောင်းဆို သည်များကို လက်ခံရ လျှင် ၄င်းတို့ အတွက် သိက္ခာကျ  စရာဟု ထင်မြင်ယူဆ ပုံ ရပါသည်။ 

အထူး သဖြင့် ကျောင်းသား ဆိုလျှင် ဦးနေ၀င်း သည် ပို၍ အ မြင်မကြည် ပုံ ရပါသည်။ ၄င်း အာဏာသိမ်းပြီး ၁၉၆၂၊  ဇူလိုင်လ (၇) ရက်နေ့ တွင် ကျောင်းသား များအား အကြမ်းဖက် နှိမ်နှင်းပြီးနောက် မြန်မာ့ အသံ မှနေ ၍ ဓားဓားခြင်း၊ လှံလှံခြင်း ရင်ဆိုင်မည် ဟု ဆိုသော အာဏာရှင် ၏ အသံလွှင့်ချက် ကို မှတ်မိကြပါလိမ့်မည်။ 

ဦးနေ၀င်း သည် ဤ အကြမ်းဖက် နှိမ်နှင်း မှုကို ၄င်း အာဏာ စွန့်သွားသည် အထိ အကောင် အထည် ဖော်ဆောင် ခဲ့သောကြောင့် သမိုင်း တွင် အမဲစက်ကြီးဖြင့် ကွယ်လွန် ခဲ့ရပါသည်။ 

ယခု လက်ရှိ အစိုးရ သည် ပြည်သူ့ လွှတ်တော်မှ ပြဌာန်း ခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက် ၍ ကျောင်းသား များ ၏ ကန့်ကွက် ဆန္ဒပြမှု ကို ရင်ဆိုင်နေရ ပါသည်။ သမ္မတကြီး ကိုယ်တိုင် ကပင် လျှင် ကျောင်းသား သမဂ္ဂ သည် မရှိ မဖြစ်သော အဖွဲ့ အစည်း တစ်ခု အနေဖြင့် လိုအပ်ကြောင်း ပြော ဆိုသွား သည်ကို ကြားသိရပါသည်။ 

သို့ဖြစ်သောကြောင့် ဤ ကိစ္စကြီး ကိုလည်း အားလုံးသော ပုဂ္ဂိုလ် များ ညှိညှိနှိုင်နှိုင်းဖြင့် ဆောင်ရွက်ကြ ပါရန် တိုက်တွန်း အပ်ပါသည်။ ထို့အပြင် မ.ဆ.လ ပါတီ ၏ နောက်ဆုံး သမ္မတဖြစ်သော ဒေါက်တာ မောင်မောင် ၏ ပျော်ပျော် ပါးပါး သမဂ္ဂကြီး ကို အုတ်မြစ်ချ  ၍ ပြန်လည် တည်ဆောက်ကြပါစို့ ဟု ဆိုသော စကားကိုလည်း မမေ့ကြ ပါရန် မှာကြားအပ်ပါသည်။ 

ယခု ကျောင်းသား များ တောင်းဆိုနေသော ပညာရေး အခြေခံ ဥပဒေ ပြင်ဆင်ရေး တွင် နိုင်ငံတော် ၏ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်း ကို များစွာ လေးစားပါသည်။


ကိုရင်မောင်

 

Category:  

 Submitted by Zay Thu

Articles

From... Search Myanmar

 http://www.searchmyanmar.com/link/frame/cid/44870

No comments:

Post a Comment