Friday, January 9, 2015

အမေရိကန် ဘီလျံနာ သူဌေးကြီး ဆိုးရော့စ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အမေရိကန် အခြေစိုက် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ကုဋေကြွယ် သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်  က အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲ မှာ မွတ်စလင် လူငယ် တစ်ဦးက သူတို့ သွားလာခွင့် ကန့်သတ်ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။

"ကျနော်တို့ သွားလာခွင့်ကို ပိတ်ထားတာ ဘာမှ အဆင်မပြေဘူး၊ ဈေးလည်း သွားလို့မရဘူး၊ ကျနော်တို့ ဒီနိုင်ငံ မှာမွေးတာ တော်တော်လေးကြာပြီ၊ ကျနော်တို့ အဖိုးက အရင်က အစိုးရ ဝန်ထမ်း၊ အဲ့ဒါကြောင့် ဒီကိစ္စ ကို ကျနော် တို့ လုံးဝ လက်မခံပါ"

Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။ 



ဒါ့အပြင် Mr.George Soros က မွတ်စလင်တွေ ရဲ့ စားဝတ်နေရေးတွေ အပြင် ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေး လုပ်ငန်း အခြေအနေတွေ နဲ့ ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေ ကို မေးမြန်းခဲ့ပါတယ်။

သက္ကယ်ပြင်၊ ဒါးပိုင်၊ စက်ရုံစု စတဲ့ ရခိုင် တိုင်းရင်းသားတွေ နဲ့ မွတ်စလင်တွေနေထိုင် တဲ့ ဒုက္ခသည် စခန်းတွေ ကို သွားရောက်ပြီး ဒုက္ခသည်တွေ ရဲ့ အခြေအနေတွေ ကို မေးမြန်းလေ့ လာခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်း က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။

ဒီ အတောအတွင်း အမေရိကန်နိုင်ငံ အခြေစိုက် Open society အဖွဲ့ အကြီးအကဲ ကုဋေကြွယ် သူဌေးကြီး ဂျော့ဆိုးရော့စ် ဟာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း လူမျိုး စုတွေ အတူ ပူးတွဲနေထိုင်နိုင်ရေး နဲ့ ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

ဂျော့ဆိုးရော့ အနေနဲ့ ရခိုင်ပြည်နယ် က အခြေအနေတွေ ကို လေ့လာပြီး တတ်စွမ်း သမျှ အကူ အညီပေးလိမ့်မယ် လို့ မိမိ နားလည်ကြောင်း ဦးရွှေမောင် က ပြောပါတယ်။

"သူက ပြန်လည် သင့်မြတ် ဖို့ ပြီးတော့ ငြိမ်းချမ်းစွာ ပူးပေါင်း အတူနေထိုင်ဖို့ အတွက် ဘယ်လို နည်းလမ်းတွေ ကို သုံးရင်ကောင်းမလဲ ဆိုတဲ့ အဲဒီ့ အပေါ်မှာလည်း သူ့ဖက်ကနေ အတတ်နိုင် ဆုံး ကူညီဆောင်ရွက် သွားမယ်၊ ပြီးတော့ သူက နိုင်ငံတော် သမ္မတကြီး ကိုလည်း တွေ့ပြီးပြီ လို့ ပြောပါတယ်၊

သူက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့တဲ့ အခါမှာလည်း ဒီ ကိစ္စတွေကို အသေးစိတ်ဆွေးနွေး ပြီးတော့မှ လိုအပ် သလို ပူးပေါင်းဆောင်ရွက်မယ်၊ ဒီလို သဘောပဲ ကျနော်တို့ကို ရှင်းပြတာပါ"

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ Mr. Soros နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံ ခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်းက လူမျိုးစု ကိစ္စတွေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဒုက္ခသည် စခန်းတွေက အခြေအနေတွေ ကို မေးမြန်းခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ဂျော့ဆိုးရော့ ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် တို့ကို ဒီရက်ပိုင်း အတွင်း တွေ့ဆုံ ခဲ့ပြီုးဖြစ်သလို ရခိုင်ပြည်နယ် ကို ဒီကနေ့ရောက် ရှိပြီး စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့ လာနေပါတယ်။ 


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ တွေ့ဆုံဆွေးနွေး ဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

From...သစ်ထူးလွင်
http://www.searchmyanmar.com/link/frame/cid/45780

No comments:

Post a Comment