Friday, January 23, 2015

ဖခင်တွေဟာ ကိုယ့် ရဲ့သမီးတွေ ကို ထိန်းကျောင်း ပဲ့ပြင်တဲ့ အခါ ဒီအချက် ကလေးတွေ ပြောဆိုပေးသင့် တာ



မိသားစုတော်တော် များများ မှာ သမီးတွေ ဟာ သားတွေ ထက် ဖခင် နဲ့ ပိုမို ရင်းနှီး တတ်ကြပါတယ်။ အဖေတွေ ကလည်း သား ကို ချစ်ပေမယ့် သမီးတွေ ကို ပို အလေးပေးဟန် ရှိကြပါတယ်။ တကယ်တော့ သားသမီးတွေ အတွက် ချစ်ခြင်းမေတ္တာ မှာ သားက ပိုများတယ်၊ သမီးက ပိုသာတယ် ဆိုတာ မရှိ တတ်ကြပါဘူး။ 

ဒါပေမယ့် ဖခင်တွေ ရဲ့ သြဇာညောင်းချက် ကတော့ သမီးတွေမှာ ပိုတယ် လို့ ဆိုတဲ့ အပြင် သမီးတွေရဲ့ ကိုယ့် ကိုယ်ကို ယုံကြည်မှု ကလည်း ဖခင်တွေ ရဲ့ အားပေးစကား ကနေ ပိုမို ရရှိတယ်လို့ ယူဆကြပါတယ်။ 

ကိုယ့်မှာ သမီးလေး တစ်ယောက် မွေးထားတယ် ဆိုပါစို့။ သူ့ကို ဘယ်လို စကားမျိုးတွေ ပြောပြီး ထိန်းကျောင်းပေးသင့် သလဲ။ သင်ကြားပေးသင့် သလဲဆိုတာ ပြောပြပေးချင်ပါတယ်။


၁။သူမ ဟာ တကယ် ထူးခြားတယ် ဆိုတာ သိပါစေ။
လူတိုင်း ဟာ သူ့ဟာနဲ့ သူတော့ ထူးခြားချက်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် အရေးကြီး တာက တစ်ယောက်ချင်း စီ ရဲ့ ထူးခြားချက် ကို မသိကြတာပါပဲ။ ဒီတော့ ဖခင် တစ်ယောက် အနေနဲ့ ကိုယ့်သမီး ရဲ့ ထူးခြားချက် ဟာ ဘာလဲ ဆိုတာ၊ အားသာချက် က ဘာလဲ ဆိုတာတွေကို သိထားရပါမယ်။ 



ဖခင်ကောင်း ဆိုတာ ကိုယ့် သမီးရဲ့ အားနည်းချက် ကို လက်ခံပေးနိုင် သလို အားသာချက် ကိုလည်း ချီးမွမ်းပေးနိုင် တဲ့ သူပါ။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ ဖခင်တွေ ဟာ သမီးတွေ ရဲ့ ချစ်ခြင်းမေတ္တာ ကို အလွယ်တကူ ပိုင်ဆိုင်နိုင်ကြပြီး သူတို့ ရဲ့ အမှားအမှန် ကို ထောက်ပြတဲ့ အခါမှာလည်း သူတို့က လက်ခံပြင်ဆင်ပေး တတ် ကြ ပါတယ်။

၂။ သူမ ဟာ အကောင်းဆုံးတွေ နဲ့သာ ထိုက်တန် ပါတယ် ဆိုတာ ပြောပြပါ။
ဖခင်တိုင်း ဟာ ကိုယ့်သမီး အတွက် အကောင်းဆုံးတွေ နဲ့ သာ ကြုံဆုံစေချင်ကြ တာပါ။ အကောင်းဆုံးတွေ နဲ့ သာ ထိုက်တန်တယ် လို့လည်း ထင်မြင်ကြ မှာပါ။ ဒီတော့ ဒီအချက် ကို ကိုယ့်ရဲ့သမီးလေး နားလည်အောင် သင့် ဘက်က ပြောဆိုရမယ့် အချိန်ပါပဲ။ 

လူတွေရဲ့ လေးစားမှု ကို ဘယ်လို ရယူရမယ် ဆိုတာ၊ အချစ်ရေး နဲ့ ကျေးဇူးတင် ခံထိုက် တာမျိုးက ဘာဆို တာတွေ ရှင်းပြပါ။ ဒါ့ အပြင် လက်ရှိ အခြေအနေမှာ အကောင်းဆုံး ဘယ်လိုဖြစ်အောင်နေရမယ် ၊ ပျော် ရွှင်အောင် ဘယ်လိုနေရမယ် ဆိုတာ မျိုးနဲ့ ဘ၀မှာ အကောင်းဆုံးတွေ အရယူနိုင်ဖို့ ဘယ်လိုကြိုးစား ရမယ် ဆိုတာ သင်ကြုံ  ခဲ့ရတဲ့ အတွေ့အကြုံတွေ နဲ့ ရှင်းပြပြောဆိုပါ။

၃။ သူမ စိတ်ထဲမှာ ရှိနေတာတွေ ပွင့်ပွင့် လင်းလင်းပြောဆိုနိုင်ပါစေ။
တစ်ခါ တစ်လေ ကိုယ်ပြောတာ က တစ်မျိုး၊ သူ နားလည် သွားတာက တစ်မျိုး ရှိနိုင် ပါတယ်။ အရေးကြီး တာက အချင်းချင်း နားလည်မှု မလွဲပါစေနဲ့။ ကလေးတွေ ဟာ မေးခွန်းတွေ မေးချင်ကြ ပါတယ်။ မေး ဖို့ကြောက်နေတဲ့ အချိန်မျိုး မှာ သင့် ဘက်က စပြီး လမ်းဖွင့်ပေးပါ။

ဖြစ်နိုင်သမျှ  စိတ်တိုတာ၊ ကလေး ကို နာကျင်စေမယ့် အရာမျိုးတွေ ရှောင်ပြီးပြော ဆိုပါ။ မိန်းကလေးတွေ ဟာ ရှက်တတ်၊ ကြောက်တတ်ကြတာ သဘာဝ ဆိုတာ နားလည်ပြီး သူတို့တွေ မဆိုင်း မတွ မေး ခွန်းတွေ မေးနိုင်အောင် သင့် ဘက်က နားလည်မှု အပြည့်ပေးထားရ ပါလိမ့်မယ်။ သင့်ရဲ့သမီးလေး ကို သင်ထားရ မှာက စိတ်ထဲမှာ ရှိတာတွေ ပြောတဲ့ အခါ တွန့်ဆုတ် မနေဖို့ နဲ့ သူမရဲ့ အမြင်တွေ ကို ဝေမျှဖို့ မကြောက်ဖို့ ပါပဲ။

၎။ သူမ ဘာသာ သူမ စည်းကမ်း ချမှတ်ထား တတ်အောင် ပြုစု ပျိုးထောင်ပေးပါ။
မိဘ က ဘာ မလုပ်ရ၊ ဘာမလုပ်နဲ့ ဆိုပြီး စည်းကမ်း ချမှတ်ထားတာ မျိုးထက် သူမ ကိုယ်တိုင် ငါ ဒါမျိုးဆို မလုပ် သင့်ဘူး ဆိုတာ သိရင် ပိုကောင်းပါတယ်။ ကိုယ်တိုင် ချမှတ် ထားတဲ့ စည်းမျဉ်း ဟာ ဖောက်ဖျက်ဖို့ အခက် ဆုံးပါပဲ။

 ဒီလို စည်းမျဉ်း ချမှတ်နိုင်အောင် သူမ ကို ကူညီဖို့ ကတော့ သင့် တာဝန်ပါပဲ။ ဘယ်လိုနေရာမျိုးတွေ မှာ ထိန်း ချုပ် သင့်တယ်ဆိုတာ၊ စိတ်ထဲမှာ ဘယ်လိုခံစားချက်မျိုးတွေ ဖြစ်လာရင် ပေါက်ကွဲမလွယ်ဖို့ စသဖြင့်ပေါ့လေ။

၅။ သူမ ဘာသာ သူမ ရပ်တည်နိုင်ခွင့် လည်း ပေးပါ။
အဖေ ဆိုတာ မိသားစု တစ်ခုမှာ အရာရာ ကို ကာကွယ်ပေးနိုင်တဲ့ သူပါပဲ။ ဒါပေမယ့် မိသားစု ၀င်တိုင်း မှာတော့ တစ်ဦး နဲ့ တစ်ဦး မတူညီ တဲ့ စွမ်းရည်တွေ ရှိနေပြီးသားပါ။ အဖေတွေ က ကိုယ့် သမီးကို ဘယ် လို ဖြစ် လာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို သန်သန် မာမာနေထိုင် သင့်တယ် ဆိုတာ မျိုးတွေ ပြောပြ ထားဖို့တော့ လိုပါတယ်။ သမီး ဆိုပြီး အားလုံး ကို လက် မလွှတ်ပဲ အစစ အရာရာ လိုက်ပါနေလို့တောင် မကောင်း ပါဘူး။

၆။ ကိုယ့်ကိုယ် ကို ယုံကြည်မှု ရှိအောင် လုပ်ပေးပါ။
တစ် ဘ၀ လုံး အတွက် သူမ ကို သင်ပေးနိုင် တဲ့ လက်ဆောင် ကတော့ သူမ ကိုယ် သူမ ယုံကြည်မှု ရှိရှိ ဖြတ် သန်းနိုင်အောင် သင် ပံ့ပိုးပေးခြင်း ပါပဲ။ ဒါ အနာဂတ် မှာ အောင်မြင်မှု ပန်းတိုင် ကို သွားနိုင်မယ့် လမ်းတစ် လမ်း လည်း ဖြစ်ပါတယ်။ 

ဖခင်ဖြစ်လာပြီ ဆိုရင် အနည်းဆုံးတော့ ကိုယ့် သမီးဟာ ဘယ်လောက် လှကြောင်း၊ ဘယ်လောက် စမတ်ဖြစ်ကြောင်း ကိုယ့်ကိုယ် ကို ယုံကြည်မှု ရှိစေမယ့် အခြေခံ စကားမျိုးတွေတော့ ပြောပေးသင့်ပါတယ်။ 

မိန်းကလေးတိုင်း ဟာ သူတို့ ကို ချီးမွမ်းတာ၊ ချစ်တာ ခံချင်ကြတာချည်း ပဲလေ။ သူ့ကိုယ်သူ ယုံကြည်မှု ရှိအောင် လုပ်ပေးလိုက်ခြင်း ဟာ တစ်နေ့ သင် သူမ အတွက် ဂုဏ်ယူ စရာတွေ ဖြစ်လာမယ့် အခြေခံ အချက်လေး ပါပဲ။

၇။ သမီးတွေ အတွက် အဖေ ဟာ အမြဲ ရှိပေးနေမယ် ဆိုတာ သူတို့ သိပါစေ။
သမီးတွေ ဟာ အဖေတွေ ကို ယုံကြည် တတ်ကြတယ်။ သူတို့ ကိုယ် သူတို့ ယုံကြည်ချက်မြင့်မားအောင် လည်း အဖေတွေ က စွမ်းဆောင်ပေးနိုင်ကြတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိသွားပြီ အဖေက ငါ့ကို ချစ်ပါလား ဆိုတာ သိသွားပြီ ဆိုရင် သမီးတွေဟာ တစ်သက်လုံး ဖခင် စကားကို မြေ၀ယ်မကျ နားထောင် တတ်ကြပါတယ်။ 

ဒါဟာ သူတို့ ရဲ့ မသိစိတ် ထဲမှာကိန်းအောင်းနေတတ် တဲ့ ချစ်ခြင်း ယုံကြည်မှု တစ်မျိုးပါ။ ဒါ့ကြောင့် သမီး အတွက် ဘယ်လို ကိစ္စ၊ အခက် အခဲမျိုးတွေ ကြုံနေပါစေ။ အဖေ ရှိနေပေးမယ် ဆိုတာမျိုး ဖွင့်မပြောပဲ သူတို့ သိအောင် ကြိုးစားပါ။


မေသော်
Ref:womanitely.com
From... http://www.trend.com.mm/2015/01/20/lifestyle-5542

No comments:

Post a Comment