Tuesday, January 27, 2015

မင်းဘူး ရွှေစက်တော် ဖူးလှည့်ကြနော်


 Yangon Media Group's photo.

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် အတွင်းရှိ ရှေး ဟောင်းသမိုင်းဝင် ရွှေစက်တော် ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် ကို မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် တပို့တွဲလဆန်း ၅ ရက် (၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၂၄ရက်)တွင် စတင် ကျင်းပ တော့မည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော် ဘုရား ၏ သာသနာမြေ ပုရိဝုဏ် နယ် နိမိတ် မှာ ၄၄၄ဒသမ ၂၄ဧကရှိပြီး ဘုရားပွဲတော် ကျင်းပ ရာ ဧကမှာ ၆ဝဝန်းကျင် ရှိသည်။ ဝါး၊ သက္ကယ်မိုး၊ တည်းခို ရိပ်သာပေါင်း ၉ဝဝခန့် ဆိုင်ခန်းပေါင်း ၁ဝဝဝခန့် လည်း တည်ဆောက်ပြီးစီး လျက်ရှိပါသည်။ 

အထက် စက်တော်ရာ နှင့် အောက် စက်တော်ရာ ကြား စီးဆင်းနေသော မန်းချောင်း ကိုဖြတ် လျက် ဆောက် ထားသော အထူး တံတားသည် ရွှေ စက်တော် တွင် အကြီးဆုံးဖြစ်သည်။ ကား များဖြတ် ကူးနိုင် အောင် ဆောက် လုပ်ထားခြင်း ဖြစ်သည်။ 

အထက် စက်တော် ရာသို့ တက်သော တောင်တက် လမ်းမှာ နှစ်လမ်းရှိသည်။ ပထမ တစ်လမ်း သည် အထူး တံတား မှဖြတ်သွား ရပြီး နောက် တစ်လမ်း မှာ စက်တော်ရာ တောင်ခြေ ၏တောလမ်း က လေးအတိုင်း သွားရသည်။

ရွှေစက်တော် ပါဒစေ တီသည် မကွေးတိုင်းဒေသ ကြီး မင်းဘူး ခရိုင်အတွင်း စကု မြို့နယ်နှင့် ငဖဲမြို့နယ် အစပ် ၌ တည်ရှိသည်။ ငဖဲ မှ အရှေ့ ဘက်ရှစ်မိုင် အကွာ စကု မှ အ နောက်ဘက် ၁၆မိုင်အကွာ မင်းဘူး မှ ဆိုလျှင် စကုနှင့် ဆည် တော် စခန်းများ ကိုဖြတ်၍ ၂၆မိုင် ရှိပြီး ဧရာဝတီ မြစ်ကမ်းဘေးရှိ မကွေး-မင်းဘူး ၊ ရေနံချောင်းနှင့် ဆင်ဖြူကျွန်း မြို့များ မှ တစ် ဆင့် သွားရောက် ဖူးမြော်နိုင်ပါသည်။

ယခုအခါ မကွေးမြို့ မှ ဧရာဝတီ တံတား(မကွေး) ကိုဖြတ် လျက် မင်းဘူးမှ တစ်ဆင့် သွားရောက်နိုင် သည် ။ ရှေးခေတ်က ဆိုလျှင် နွားလှည်း များ ဖြင့်လည်းကောင်း ခြေကျင် ခရီးဖြင့်လည်းကောင်း ဘုရားဖူး သွားကြ ရာ အလွန်ပျော်စရာ ကောင်းလှသည်။

မင်းဘူးမြို့ မှ လေးပင်ရွာ ကိုဖြတ်၍ ရွှေစက်တော် သို့ သွားရောက် ဖူးမြော်နိုင်သော လမ်းနှစ်လမ်း ရှိသည်။ ယင်း လမ်းနှစ်လမ်း စလုံးသည် ပုသိမ်-မုံရွာလမ်းမကြီး ကို ဖြတ်သန်း သွားရပါသည်။

 Yangon Media Group's photo.

(၁) မင်းဘူး-လေးပင်-ပန်းတောင်ရွာ လမ်း မှာ မင်းဘူး မှရွှေစက်တော် သို့ ၃၄မိုင်ကွာဝေးသည်။ ပုသိမ်- မုံရွာ လမ်းမကြီး မှ ရှစ်မိုင် ဆက်သွားရ သဖြင့် ရှစ်မိုင်လမ်း ဟု ခေါ်ကြသည်။

(၂) မင်းဘူး-လေးပင်-ပန်းတောင်ရွာ မှ တခြား တစ်လမ်း မှာ ဥယျာဉ်ရွာ ကို ဖြတ်သန်း သွားသော လမ်း ဖြစ် သည်။ ခရီး ၃၂မိုင် ကွာဝေးသည်။

ပုသိမ်-မုံရွာ လမ်းမ ကြီး မှ တောင်တက် လမ်းသုံးမိုင်သာ သွားရ သဖြင့် သုံးမိုင် လမ်း ဟုခေါ်သည်။
နောက် တစ်လမ်းမှာ စကုမြို့မှ ၂၁မိုင် ကွာဝေးပြီး အိုင်းမဆည် ၏ မြောင်းပေါင်လမ်း အတိုင်း သွားရ သော တော လမ်း ခရီးဖြစ်သည်။

လမ်းတွင် အိုင်းမရွာ၊ အိုး ပြစ်မဲရွာ တို့ အား ဖြတ်သန်း ရသည့် အပြင် မန်းချောင်း ကို လည်းဖြတ် သွားရသည်။ အိုင်းမဆည် သည် မန်းချောင်းရေ ကို လွှဲယူ ထားသော ရေလွှဲဆည်ဖြစ်ပြီး ဗြိတိသျှ အစိုးရလက် ထက် ၁၈၉၁-၁၈၉၂ခုနှစ် က စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်မြို့ မှ နဝဒေး တံတား ကိုဖြတ်ပြီး ပုသိမ်- မုံရွာလမ်း အတိုင်း မင်းဘူး-လေးပင် လမ်းနှစ်လမ်း မှ ရွှေစက် တော်ဘုရား အထိ သွားရောက်နိုင်ပါသည်။ ပြည်မြို့မှ ဘုရား စုံဖူးမြော်ပြီးနောက် ရွှေစက်တော် ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သော လမ်းဖြစ်ပါသည်။

 ချောက်မြို့ မှ ဧရာဝတီ တံတား (အနော်ရထာ) တံတား ကိုဖြတ်၍ ဆပ်ဖြူ- စလင်း-ပွင့်ဖြူလမ်း အတိုင်း ရွှေ စက်တော် ဘုရားသို့ သွားရောက်ဖူး မြော်နိုင်သည်။

ထို ခရီးလမ်းမှာ မင်းဘူးမြို့ အထိ သွားရောက် ၍ဖြစ်စေ၊ အိုင်းမ ဆည်မြောင်းပေါင်လမ်းမှ တစ်ဆင့် ပုသိမ်- မုံရွာ လမ်းမကြီး အတိုင်း သွားနိုင်သော လမ်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ဘုရားဖူး ခရီးသည်များ အတွက် စစ်တွေ-အမ်း-မင်းဘူးလမ်း အတိုင်း ပဒန်းရွာ မှ တစ်ဆင့် လာရောက် နိုင်ပါသည်။

ထို ခရီးသည် မင်းဘူး-အမ်း တောင်ကြားလမ်း ကို အသုံးပြုကြသည်။ ထို့ကြောင့် ရွှေစက်တော် ဘုရားဖူး ဧည့်သည်များ အဖို့ မြန်မာနိုင်ငံ အရပ်ရပ် မှ ခရီးလမ်း မျိုးစုံ ဖြင့် သွားရောက်ဖူးမြော်နိုင်ကြပါသည်။


 Yangon Media Group's photo.

စက်တော်ရာ အစစ် သုံးဆူ
****************************
ဗုဒ္ဓမြတ်စွာဘုရား ၏ ခြေတော်ရာ အစစ် သည် သုံးဆူ သာရှိကြောင်း လေ့လာ သိရပါသည်။ တစ်ဆူမှာ လင်္ကာဒီပ (ခေါ်) သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) ၌ ရှိပြီး ကျန်နှစ်ဆူ မှာ သုနာပရန္တတိုင်း မင်းဘူးခရိုင် အတွင်း၌ ရှိသည်ဟု ဆို သည်။


ဗုဒ္ဓမြတ်စွာဘုရား သည် သက်တော် ထင်ရှား ရှိစဉ် အတွင်း မဟာသက္ကရာဇ်-၁၂၄ခုနှစ်တွင် သုနာပရန္တာ တိုင်း သို့ ကြွရောက်လာခဲ့သည်။

ဗုဒ္ဓဘုရား သည် မဟာပုဏ္ဏရဟန္တာ ၏ ပင့်လျှောက်ချက် အရ စန္ဒကူးကျောင်းတော်ရာ၊ ရေ စက်ချ လှူဒါန်းမှု အား ခံယူပြီးနောက် သာဝတ္ထိပြည် သို့ ပြန် လည်ကြွရောက်ရာ တွင် မန်းစက်တော်ရာ ဟု အမည်တွင် မည့် ခြေတော်ရာနှစ်ဆူ ကို ချထားခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာ သည် သုနာပရန္တတိုင်း ဝါဏိစ္စ၈ါမ အရပ် (ယခုပွင့်ဖြူ၊ လယ်ကိုင်း သစ်တောရပ်)သို့ ကြွရောက် လာပြီး စန္ဒကူးကျောင်းတော် ကို ရေစက်ချ  အလှူခံ ယူတော် မူခဲ့သည်။ ထို့နောက် ကျောင်းတော်ရာမှ သာဝတ္ထိ သို့ ပြန်လည်ကြွ ရောက် ရာတွင် မန်းချောင်းကမ်းပါး ၌ နမ္မဒါနဂါးမင်း က ဗုဒ္ဓမြတ်စွာ အား နောင် သာသနာ ငါးထောင်ပူဇော်ကြရန် ခြေတော်ရာ တစ်ဆူ ခတ်နှိပ်တော်မူပါရန် ပန်ကြားခဲ့၏။ 

ထို့ ပြင် ဗုဒ္ဓမြတ်စွာ  ၏ လက်ဝဲဘက် ခြေတော်ရာ တစ်ဆူ ကို မန်း ချောင်း ကမ်းပါး ကျောက်ဖျာ ထက်၌ ခတ်နှိပ်ပေး ခဲ့ရာ ယနေ့ တိုင် အောက်စက်တော်ရာ ဟု အမည် တွင်လျက်ရှိပါသည်။

ထို့နောက် ဗုဒ္ဓမြတ်စွာ သည် မန်းချောင်း ကမ်းပါးကျောက် ဖျာထက် ၌ ခြေတော်ရာ တစ်ဆူ ခပ်နှိပ် ထား ရစ်ပြီးနောက် ဆက်လက်ကြွတော် မူရာ သစ္စဗန္ဓတောင်ထိပ် ၌ သီတင်းသုံး နေသော သစ္စဗန္ဓ ရသေ့ကြီး ၏ တောင်းပန်လျှောက်ထားချက် ကြောင့် မြတ်စွာဘုရား သည် သစ္စဗန္ဓတောင်ထိပ် ၌ လက်ဝဲခြေ တော်ရာ တစ်ဆူခတ်နှိပ်ပေးခဲ့တော်မူသည်။ 

ယင်း စက်တော် ရာကို ယနေ့တိုင် အထက် စက်တော်ရာ ဟုခေါ်ကြသည်။ အဆိုပါ စက်တော်ရာနှစ်ဆူ သည် ဗုဒ္ဓမြတ်စွာ ၏ ဒုတိယနှင့် တတိယမြောက် ခတ်နှိပ်ခဲ့သော စက်တော်ရာ များဖြစ်ပေ သည်။
ပထမ စက်တော်ရာ သည် ဗုဒ္ဓမြတ်စွာ ပွင့်တော်မူပြီး နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) သုမနတောင်ထိပ် ၌ သုမနနတ်မင်း က လျှောက်ထားတောင်းပန် သဖြင့် ခတ်နှိပ် ခဲ့ကြောင်းသိရှိရသည်။

ကုန်းဘောင်ခေတ် ရွှေစက်တော်
**********************************
ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားလက် ထက် မှ စပြီး သီပေါမင်း လက်ထက် အထိ မန်း စက်တော်ရာ တွင် ကုသိုလ် ဒါနပြုခဲ့ကြသည်။


၁၇၅၉ခုနှစ် အလောင်းမင်း တရား သည် ပဲတိမ်းမြို့သူကြီး နန္ဒရာဇာနှင့် စကုမြို့သူကြီး သိင်္ခဘဒ္ဒဥဒိန်ဒေဝ တို့ အား ရွှေစက်တော် ၌ တန်ဆောင်း ဆောက်လုပ်လှူဒါန်းစေသည်။ ထို တန်ဆောင်းသည် သုံး ထပ်လည်ပေါ် အဆောက် အအုံဖြစ်ပြီး အလျား ပေ ၃ဝ၊ အနံ ၂၇ပေရှိကာ အထက်စက်တော်ရာ၌ တည်ဆောက်လှူ ဒါန်းခြင်းဖြစ်သည်။ 

ဒီပဲယင်းမင်း (နော်တောင်ကြီး)၊ နောင် တော်ကြီး လက်ထက် တွင် ရွှေစက်တော် သို့ ဘုရင် မင်းမြတ် ကိုယ် တိုင် လာရောက် ဖူးမြော် ကာ အထက် စက်တော်ရာ တွင် စောင်းတန်းဆောက်လုပ် လှူ ဒါန်းခဲ့ သည်။ 

၁၇၆၄ ခုနှစ် ညီတော်မြေဒူးမင်း (ဆင်ဖြူရှင်) လက်ထက်တွင် ရွှေစက်တော်သို့ ကြွရောက် ဖူးမြော် ကာရွှေတံခွန်၊ ငွေတံခွန်တော် များ လှူဒါန်းခဲ့သည်။ ၁၇၇၆ခုနှစ် စဥ့်ကူးမင်း လက်ထက်၌ ရွှေစက်တော် တွင် တန်ဆောင်းပြာသာဒ်နှစ်ဆောင် ဆောက်လုပ် လှူဒါန်း သည်။ 

ထို့ပြင် ပဒုံမင်း (ဘိုးတော်ဘုရား)၊ စစ်ကိုင်းမင်း (ဘ ကြီးတော်)၊ သာယာဝတီ မင်းနှင့် ပုဂံမင်းတို့ လက်ထက် များ တွင်လည်း မန်းစက်တော်ရာ တွင် ရွှေ၊ ငွေ၊ ရတနာ တို့ဖြင့် လှူဒါန်း  ပူဇော်ခဲ့ကြသည်။

မင်းတုန်းမင်း လက်ထက်တွင် စဥ့်ကူးမင်း လက်ထက်က ဆောက်လုပ်ခဲ့သည့် တန်ဆောင်း ပြာ သာဒ်နှစ်ဆောင် သည် ဟောင်းနွမ်း ပျက်စီးနေကြောင်း ၁၈၅၆ခုနှစ်တွင် မင်းတုန်းမင်း က မူလ တန်ဆောင်းပြာသာဒ် နေရာ၌ ဘုံခုနစ်ဆင့် တန်ဆောင်းပြာသာဒ်နှစ်ဆောင် အသစ် ဆောက် လုပ်လှူဒါန်းခဲ့သည်။

ယင်းပြာသာဒ်နှစ်ဆောင် အ တွင်း မင်းတုန်းမင်း က ရွှေချိန် ၁ဝဝဝ ကျပ်သား ကို မျက်ပါး ခတ်၍ ရွှေချ မွမ်းမံ ခဲ့သည်။ ပြာသာဒ်အောက်ခြေ တွင် အုတ်၊ ကျောက်၊ သမံတလင်း ခင်းခဲ့သည့် အပြင် အုတ်ကြွပ်မိုး ဇရပ် နှင့် သိမ်၊ တန်ဆောင်း တို့ကိုပါ ဆောက်လုပ် လှူဒါန်းခဲ့ပါ သည်။ 

ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကလည်း စက်တော်ရာ ဘုရား  ရှိ ရွှေသာလျောင်း ဗုဒ္ဓ ရုပ် ပွားတော် ၌ အုတ် ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ် လှူဒါန်းခဲ့သည်။

၁၈၈၃ ခုနှစ် သီပေါမင်း လက်ထက် တွင် မင်းတုန်းမင်း လက်ထက် က ဆောက်လုပ် ခဲ့သော အောက် စက်တော်ရာ က တန်ဆောင်းပြာသာဒ်ကြီး ရေတိုက်စား ၍ ပျက်စီး သွားခဲ့သည်။

ထို့ကြောင့် သီပေါမင်းသည် ငွေတော် အမြောက်အမြားအ ကုန်အကျခံကာ တန်ဆောင်းပြာသာဒ် အသစ်ကြီး ကို ဆောက် လုပ်လှူဒါန်း ခဲ့သည် ကိုတွေ့ရှိရပါသည်။ ကုန်းဘောင်မင်း များအနေဖြင့် စက်တော်ရာစေတီ ၌ စဉ်ဆက် မပြတ် ကုသိုလ် ကောင်းမှုများပြုခဲ့ကြောင်း လေ့လာ သိရှိရသည်။


ကိုလိုနီခေတ် ရွှေစက်တော်
****************************
၁၈၈၇ခုနှစ် ဇန်နဝါရီ ၁ရက်တွင် အိန္ဒိယ စစ်သည် ၂ဝ ခန့် ပါသော ဗြိတိသျှ  တပ် တစ်တပ်သည် စက်တော် ရာ အထက် ရှိ သုဓမ္မစာရီနှင့် နှစ်မမယ်ဝ တို့ တည်ထား ခဲ့သော ပထမ စေတီတော်နှင့် ဒုတိယခြေတော် ရာစေတီတော် တို့၏ ဌာပနာ တိုက်များကို ဖြိုဖျက်ထောက်ထွင်းခဲ့ကြသည်။


မင်းဘူး (စကု)နှစ်မြို့ ဂိုဏ်းအုပ် ဆရာတော် ဦးဇာဂရ အမှူးပြုပြီး သာသနာပိုင် ဆရာတော်က တစ်ဆင့် အင်္ဂလိပ် အစိုးရထံ ပြုပြင်ခွင့်တောင်းခံ ခဲ့သည်။

မဟာ ဝန်ရှင်တော်မင်းကြီး က ငွေဒင်္ဂါး တစ်ထောင် မတည်၍ အများပြည်သူများ ၏ အလှူ တော်ဖြင့်ပြုပြင် ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် စက်တော်ရာ နှစ်ဆူ အား စကုမြို့သက်တော်ရှည် ဆရာတော်ကြီးက ကြီး ကြပ်ပြီး ဂေါပက အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်  ခဲ့သည်။

၁၉၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝရက် တွင် စကု ဆရာတော် ပျံလွန် တော် မူသဖြင့် ဆရာတော် ဦးပညာ သဓဇ က ဆက်လက်ကြီး ကြပ်စောင့်ထိန်း ခဲ့သည်။

၁၉၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် တွင် အထက် စက်တော်ရာ တန်ဆောင်းပြာသာဒ် များ မီးလောင် ကျွမ်း ခဲ့သည်။ ထိုအခါ သက်တော်ရှည် ဆရာတော် ဦးပါရမီ က ဂေါပက အဖွဲ့နှင့်အတူ ကြပ်မတ်နှိုးဆော်ကာ တန်ဆောင်း ပြာသာဒ် အသစ်ဆောက်လုပ် ခဲ့သည်။

၁၉၁၉ ခုနှစ်တွင် ဆရာ တော် ဦးပါရမီ ပျံလွန်တော် မူသဖြင့် ဆရာတော်ဦးဝိစိတ္တ က ဆက်လက် စီမံ ဆောင် ရွက်ခဲ့သည်။ ၁၉၂၃ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီ က သံထည် တန်ဆောင်း များကို ပိုကြီးကြပ်ဆောက်လုပ် ခဲ့သည်။

စက်တော်ရာ ၏ အရွယ်ပမာဏ
******************************
ဗုဒ္ဓ စက်တော်ရာ ၏ အရွယ် ပမာဏနှင့် ပတ်သက်၍ စာပေကျမ်းဂန် များ တွင် ရှေး ပညာရှိ များက ပြ ဆိုကြ သည် မှာ.....


(၁) ခြေဖဝါး ၏ အလျားသည် မြတ်စွာဘုရား ၏ အထွာ တော်နှင့် တစ်ထွာ သုံးသစ်၊
 

(၂) မဇ္ဈိမပုရိသ အနေဖြင့် တစ် ထောင့်ထွာ သုံးသစ်
 

(၃) သာမန် ပကတိ ပုရိသ အနေဖြင့် နှစ် တောင့်ထွာ ခုနစ် လက်သစ်၊ နှစ်မုယောဟူ၍ ဆိုကြသည်။
ခြေဖဝါးတော် ၏ အနံကို မူ အလျားနှင့် လိုက်ဖက် သော အတိုင်း အတာ အဖြစ် မှတ်ယူကြသည်။
မြတ်စွာ ဘုရား ၏ ခြေဖဝါးတော် ၌ စက်တော်ရာ တည်နေရာ သည် ခြေဖဝါး တော် ၏ အလျား ကို လေးပိုင်း ပိုင်းလျှင် ခြေဖနောင့်တော်ပိုင်း မှ စတင်၍ ဒုတိယပိုင်းဖြစ်သော ဖမျက်တော် အပိုင်းတွင် တည်ရှိသည်ဟု ဆိုသည်။

အချုပ် ဆိုရသော် အိန္ဒိယနိုင်ငံ ရှိ ဗုဒ္ဓဂယာဒေသ သည် မြတ်စွာ ဘုရားရှင် သီတင်းသုံးရာ ဗုဒ္ဓဌာန များဖြစ် သကဲ့သို့ မြန်မာနိုင်ငံ မင်းဘူးဒေသ ရှိ အထက် စက်တော်ရာနှင့် အောက် စက်တော်ရာ ပါဒနှစ်ဆူ သည် မြန်မာ တို့၏ ဗုဒ္ဓဂယာ အဖြစ် ကြည်ညို ပူဇော်နိုင်သော ဗုဒ္ဓဒေသများ ဟု ဆိုနိုင်ပါသည်။

''မြတ်နိုးလှစွာ ခြေတော်ရာ သို့ တစ်ခေါက်ရောက် လျှင် သွားချင်နေကြ လွန်တောင့် တ၍ ဟတ္တသွယ်ပျောင်း၊ လက် ဆယ်ချောင်း ကို ဦးခေါင်း ထိပ်တင် ကြည်လင်မြတ်နိုး ရှိခိုး ပါ၏''



 မကွေးလှမြင့်

#‎TheYangonTimes‬

www.facebook.com/YangonMediaGroup  
www.yangonmedia.com


No comments:

Post a Comment