Wednesday, January 28, 2015

အကောင်း လောကဓံ ခံနိုင်ဖို့




လူဖြစ်လာရင် လောကဓံ ကို မလွဲ မသွေ တွေ့ရမှာ ဖြစ်တဲ့ အတွက် ရှောင်ဖို့ ကြိုးစားမယ့် အစား သင့် တင့်လျောက်ပတ် စွာ နှလုံးသွင်း တတ်၊ “ခံနိုင်” ရပါမယ်။

(၁) လာဘ်လာဘ ပေါများခြင်း၊ 
(၂) လာဘ်လာဘ နည်းပါးခြင်း၊ 
(၃) အခြံအရံ ပေါများခြင်း၊ 
(၄) အခြံအရံ နည်းပါးခြင်း၊ 
(၅) ကဲ့ရဲ့ခံရခြင်း၊ 
(၆) ချီးမွမ်းခံရခြင်း၊ 
(၇) ချမ်းသာခြင်း၊ 
(၈) ဆင်းရဲခြင်း  ဆိုတဲ့ လောကဓံ တရား ရှစ်ပါး  နဲ့ ကြုံတဲ့  အခါ မတုန် မလှုပ် အသင့်အတင့် သဘောထား တတ် ဖို့၊ ခံနိုင်ဖို့ လိုပါတယ်။




အပေါ်က ရေးထားတဲ့ အထဲ က စုံဂဏန်း လောကဓံ တစ်နည်း အဆိုးလောကဓံတွေ ကို လူတွေက ရွံမုန်းကြပြီး မ ဂဏန်း လောကဓံ၊ အကောင်းလောကဓံတွေ ကိုတော့ လိုချင် တပ်မက်ကြကာ အဲဒီလော ကဓံတွေနောက် တကောက်ကောက် လိုက်ကြပါတယ်။

 လောကဓံ လို့ ပြောရင် အဆိုးလောကဓံ ကိုပဲ ပြေးမြင်ပြီး ခံနိုင်အောင် ကြိုးစား တတ်ကြတယ်။ တကယ့်လောကဓံ ကို ခံနိုင်ဖို့ ဆိုရင် အဆိုးလောကဓံ ကို ခံနိုင်ရုံ နဲ့ မလုံလောက်ပါဘူး။ မ ဂဏန်း လောကဓံ၊ အကောင်းလောကဓံ နဲ့ တွေ့ရင်လည်း ခံနိုင်ဖို့ လိုပါတယ်။

ဆင်းရဲဒဏ် ခံနိုင်တယ်၊ ချမ်းသာဒဏ် မခံနိုင်ကြဘူး။ လာဘ်လာဘ နည်းပါးတုန်း က ကိုယ့်ကိုယ် ကိုယ် နှိမ့် ချတတ်တဲ့ လူဟာ လာဘ်လာဘ ပေါများတဲ့ အခါ မာနထောင်လွှား သွားတတ်ပါတယ်။ 

အခြံအရံ နည်းပါးတုန်း က မိတ်ဆွေ အပေါင်းအသင်း ကို ကူညီ တတ်သူ ဟာ အခြံ အရံ ပေါတဲ့ အခါ မိတ်ဆွေတွေ ကို မထီမဲ့မြင် ဖြစ်သွားတတ်ပါတယ်။ 

ကဲ့ရဲ့ခံရတုန်း က ခါးစည်းခံနိုင်တဲ့ သူဟာ အချီးမွမ်း ခံရတာ များလာချိန် မှာ “ငါ့လောက်တော်တဲ့၊ တတ်တဲ့လူ ဒီကမ္ဘာ မှာ မရှိဘူး” လို့ ထင်ပြီး အမှားတွေ ပြောတတ်၊ လုပ်တတ်ပါတယ်။

အကောင်းလောကဓံ ကို မေ့မထားဘဲ ခံနိုင်ဖို့ လိုပါတယ်။ အကောင်းလောကဓံ နဲ့ တွေ့တဲ့ အခါ ရင်ဆိုင် ဖို့နည်း က “အကောင်းလောကဓံနဲ့ ငါတွေ့နေပြီ” ဆိုပြီး သိပါ။ 

ဒီလို စိတ်ထဲက သိလိုက်တာနဲ့ ဒီလောကဓံက ကိုယ့်ကို အနှောင့်အယှက် အဖျက်အဆီး မလုပ်နိုင်အောင် စိတ်က လိုက်ပြီး စောင့်ကြပ် ကြည့်ရှုနေပါ လိမ့်မယ်။

 ဒါဆို အကောင်းလောကဓံ က ကိုယ့်ကို အန္တရာယ် မပေးနိုင်တော့ပါဘူး။ အကောင်းလောကဓံ ကလည်း လောကဓံ ပါပဲ။


အယ်ဒီတာ (၂၄.၁.၂၀၁၅)
From...  http://www.searchmyanmar.com/link/frame/cid/46579


No comments:

Post a Comment