Tuesday, January 20, 2015

အဖေ နဲ့ ပတ်သက် တဲ့ အမှတ်တရတွေ





ယခု တစ်ပတ် ၀တ္ထုတို အသစ် ကဏ္ဍ အတွက် Nyein Thwin ဟု အမည် ရသည့် Facebook Account ပိုင်ရှင်ပေးပို့ လာသည့် အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ အက်ဆေး ကိုရွေးချယ်ဖော်ပြလိုက်ပါသည်။ 

အဖေနဲ့ ပတ်သတ်ပြီး ပထမဆုံး ကျွန်တော် မှတ်မိတာ အိမ်ခန်းထဲ က စစ်ခြင်ထောင်ကြီး တစ်ခုထဲမှာ ။

ကာ လ အားဖြင့် ၈၈ ၀န်းကျင် လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မိသားစု တစ်စုလုံး ၀ဲခြောက်တွေပေါက်ကြ တယ်။ အဲဒီ ၀ဲတွေ ကုတ် ရတာလည်း ဇိမ် တစ်မျိုးပဲ ။ ဒါပေမယ့် ရေချိုးတဲ့ အချိန် အင်မတန် စပ်တယ်။

 နောက်ပြီး ပုစွန်တို့ ၊ အမဲသား တို့ ရှောင်ရတော့ ဟင်းကောင်းကောင်း မစား ရဘူး ။ ဒီလို နဲ့ ဇိမ်ရှိရှိ ကုတ် ရပေမယ့် ကြာတော့ အဲဒီရောဂါ ကို ပျောက်ချင် လာတယ် ။ အဖေ က ကျွန်တော် သိသလောက် ငှက်ပျော ရွက် အခြောက် ကို မီးရှို့ပြာချပြီး ပင်နီဆီလင် နဲ့ ရောတယ် ။  နောက် အုန်းဆီ နဲ့ ဆတူလောက် စပ်ပြီး ကျွန်တော်နဲ့ အစ်ကိုကြီး ကို ဘီးနဲ့ခြစ်ခြစ်ပြီး ဆေးလိမ်းပေးတယ်။ 

ကျွန်တော် တို့ကို လိမ်းပေးပြီး အမေ့ ကိုပါ ဆက်လိမ်းပေးတယ်။ ခြေထောက်တွေ ၊ပေါင်ခြံတွေ ပါမကျန် လိမ်းပေး တယ် ။ ဆေးလိမ်း လိုက် ၊ ယပ်တောင် နဲ့ ယပ်ခတ်လိုက် ၊ မီးခွက် နဲ့ မြှောက်မြှောက်ကြည့်လိုက် နဲ့ အဖေ့ ရဲ့ပုံရိပ် ကိုကြည့်ရင်း အားအင်တွေ ပြည့်နေ သလို ၊ လုံခြုံနေသလို ခံစားရတယ်။ 

ကျွန်တော်တို့နေတဲ့နေရာ က တိုက်နယ်ကျေးရွာကြီး တစ်ခု နဲ့ ချောင်းတစ်ချောင်း သာခြားတဲ့ ရွာကလေး တစ်ရွာပါ ။ အဖေ က ရွာမှာ ပေါ်တာလိုက် ချန်ပီယံ ။ ပေါ်တာလိုပြီဆို ရွာ မှာ အလှည့်ကျ သွားရတယ် ။ မသွားချင်ရင် အဖေ့ကို လာငှား ။ သွားရမယ့် နယ်မြေ ကိုကြည့်ပြီး ဈေးကွာ တတ်တယ် ။ 


အဖေ ပေါ်တာ လိုက်ရင် ပိုက်ဆံ တစ်ချို့ ယူသွား တတ်တယ် ။ လမ်း မှာ တပ်ကြပ်ကြီး တစ်ယောက် ကို ငွေ နည်းနည်း ပေးပြီး ထွက်ပြေး လို့ ရတဲ့ နည်းလမ်း ကို သုံးတယ် ။ တစ်ခါ တစ်လေ ကားပေါ်က ခုန်းဆင်းပြေး ရတဲ့ အခါ ရှိတယ်။ တစ်ခါတစ်လေ ရေသွား ခပ်ရင်း အချက်ပြ တာနဲ့ ထွက်ပြေး ၊ ညှိထားတဲ့ တပ်ကြပ်ကြီး က သေနတ် နဲ့ နည်းနည်း လွဲ ပစ်ပြီး ပြေးခဲ့ ရတဲ့ အခါတွေလည်းရှိခဲ့တယ် ။

 ပေါ်တာ လိုက်သွားပြီး သုံးလေးရက် အတွင်း ပြန်ရောက် လာတဲ့ အဖေ့ ကို စားစရာ တစ်သီကြီး နဲ့ ကြိုခဲ့ ရတာ အကြိမ်ပေါင်း မနည်းဘူး ။ ဒါပေမယ့် မဲသဝေါ-၀မ်းခါ တိုက်ပွဲ မှာတော့ အဖေ ထွက်ပြေး လို့ မရဘဲ ပါ သွားတယ် ။ 

အဖေ တို့က ရိက္ခာ လှည်းတွေ မောင်းရတယ် ။ ရှေ့မှာ လှည်းတွေ မိုင်း ထိရင် ဘေးကို ဆွဲချ ၊ ရိက္ခာတွေ ရသလောက် ၀ိုင်း တင်ပြီး ဆက်သွားရတယ် ။ အဖေ့ စကား အရ တပ်မတော်သားတွေ အထိနာ တဲ့ တိုက်ပွဲ ။ ပေါ်တာတွေလည်း မသက်သာဘူး ။ 

အဖေ တို့လည်း ပြေးလို့ မရနဲ့ နှစ်လ သုံးလလောက် တိုက်ပွဲထဲ မှာပဲ လူသေ အလောင်းတွေ ကို အကာ အကွယ် ယူပြီး နေရတယ် ။ ရေခပ် ရမယ့်နေရာ က ရန်သူ့နယ်မြေ ထဲ ဖြစ်နေလို့ အနားက ငှက်ပျောပင်တွေ ကို အရေ ညှစ်ပြီး သောက် ရတဲ့ အခါတွေ လည်း ရှိခဲ့တယ် ။

တစ်ဖက်နဲ့ တစ်ဖက် အပြင်း အထန် ထိုးစစ်ဆင်ကြလို့ နှစ်ရက်လောက် ထမင်း မစား ရဘဲ ၀ပ်နေရတဲ့ အခါတွေ လည်း ရှိခဲ့တယ် ။ မထူးတဲ့ အဆုံးမှာ အဖေတို့ပေါ်တာ တစ်ချို့ အရဲ စွန့်ပြီး ထွက်ပြေးကြတယ် ။တောထဲမှာ ဆိုတော့ ပြေးရင်း နဲ့ လူစု ကွဲသွားတယ် ။ အဖေက အရိုင်း ကရင် ( သူတို့ အခေါ်) တွေနေတဲ့ အစု တစ်စု ကို ရောက်သွားပြီး သောင်တင်နေတယ်။ 

အဖေ ပေါ်တာ ပါသွားတဲ့  နေ့နဲ့ ပြန်ရောက်တဲ့နေ့ဟာ အမေ့ အပြော အရ သုံးလ နီးနီး ကြာတယ်။ တကယ်တော့ အဖေပေးသွား တဲ့ ပိုက်ဆံ ဟာ လေးငါးဆယ် ရက် သုံးလောက် ရုံပါ ။ အဲဒီ အချိန်က အစ်ကိုကြီး က သုံးတန်း ။ကျွန်တော် က နှစ်တန်း ။ အမေ ကလည်း အဖေ့ရဲ့ ကြံဖန် မှုအောက်မှာ အေးအေး လူလူ နေခဲ့ရတယ်။ 

ထင်း ဆိုလည်း မပူရ ၊ ဆန် ဆိုလည်း မပူရ နဲ့ ။ ခုတော့ အမေလည်း မနေ သာတော့ဘူး ။ ဆယ်မိုင်လောက်ဝေး တဲ့ ရွာ တစ်ရွာ ကို အမေနဲ့ အတူ ကျွန်တော် လိုက်သွား ရတယ် ။အစ်ကိုကြီး ကိုတော့ ကျောင်းပေး တက် လိုက်တယ်။ အဲဒီ ရွာမှာ အမေ့ရဲ့မောင်ရှိတယ်။

 ပြန်လာတော့ အရန်သင့် ချက်လို့ ရတဲ့ အမဲသားပြုတ်လှော် တစ်ချို့ရယ် ၊ ဆန်ဆယ်ပြည်နီး ပါး ရယ် ပြန်ပါ လာတယ်။ ကျွန်တော် က အမဲသား ထုပ်ကို ဆွဲ ၊ အမေ က ဆန် ကိုရွက်ပြီး လှည်းလမ်း အတိုင်း နားလိုက် ၊ ရွက် လိုက်နဲ့ ပြန်လာခဲ့ကြတယ်။ အမေ ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပါပဲ။ ဒါပေမယ့် တစ်ကိုယ် လုံး ချွေးတွေ ရွဲပြီး အင်မတန် ပင်ပန်းနေတာ တွေ့ရတယ်။ 

အမေ့ ကိုကြည့်ပြီး ကျွန်တော် အဖေ့ ကို သတိရ မိတယ်။ အိမ်နား မှာလည်း အမေ့ရဲ့ ၀မ်းကွဲ ညီမ တစ်ယောက် ရှိတယ် ။ အိမ်ထောင် နဲ့ပါ ။ သူ့ယောကျာ်း ချောင်းထဲ ဆင်းတာ ၊ အင်းထဲ လယ်ထဲ သွားတာ ဆိုရင် အစ်ကိုကြီး ကို အမေ က ထည့်ပေး လိုက်တယ်။ ချောင်း ထဲမှာ ပိုက်ချရင် အစ်ကိုကြီး က လှေပဲ့နင်း လိုက်ပေးရတယ် ။

အင်း ပက်တာ ၊ ပုရစ် တူးတာ တို့ ဆိုရင်လည်း ပုလိုင်း ကိုင်တာ ၊ ပေါက်တူး ၀ိုင်းကိုင် တာတို့ လုပ်ပေးရ တယ် ။ ပြန်လာ ရင် ရတဲ့ အထဲက အနည်းငယ် ခွဲပေးလေ့ ရှိတယ် ။ ကျွန်တော်တို့ မိသားစု ရဲ့ ထမင်း တစ်နပ် အတွက်တော့ အူစိုရုံ ကလေး ရတာပေါ့ ။ 

တစ်နေ့ ပုရစ် သွား တူးတော့ အစ်ကိုကြီး ပါသွားတယ်။ ပြန်လာပြီး ချောင်းထဲ ခြေလက် သွားဆေးနေတုန်း အမေ က ပုရစ် လေးငါးကောင် ကို ယူပြီး ကျွန်တော့ အတွက် လှော်ပေး လိုက်တယ်။ ကျွန်တော့ ထမင်း ပန်း ကန်ထဲ က ပုရစ်တွေ ကို တွေ့တာနဲ့ လင်မယားနှစ်ယောက်လုံး အမေ့ ကို ရန်တွေ့တာ ကတ်ကတ် လန်နေ တာပဲ ။

အမေ ကတော့ ခလေး ဗိုက်ဆာနေလို့ ပါ အများကြီး လည်း မဟုတ် ပါဘူးလို့ တောင်းပန် ရှာပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အဖေ့ ကိုပဲ သတိရနေ မိတယ်။ ထမင်း ကိုလည်း မစားချင် ဘဲနဲ့ ဆက်စားနေ မိတယ်။ ဒီလို နဲ့ ရပ်တည်လာတာ နှစ်လ နီးနီး ကြာခဲ့တယ်။ ထင်း လိုရင် ချောင်းထဲမှာ အမေနဲ့ အစ်ကိုကြီး တို့ လှေ တစ်စင်းနဲ့ ထွက်ရှာကြတယ် ။

ကမ်းပေါ်ရောက်ရင် ကျွန်တော် က ၀ိုင်းသယ် ။ ထင်းတုံးကြီး ထင်ပြီး အနားကို လှေ နဲ့လှော်သွားပြီးမှ လူသေဖြစ်နေ လို့ ပြန်လှော်ပြေးလာ ရတဲ့ အကြောင်း ကို အမေတို့ ပြောနေတာ ကိုလည်း အမှတ်ရ မိသေး တယ်။ အဖေ နဲ့ လည်း လုံးဝ အဆက် အသွယ် မရဘူး ။တစ်ချို့က သေပြီ လို့တောင် ပြောကြတယ်။ 

တစ်နေ့ မြို့နယ် မှာ ဘောလုံး သွားကန် ဖို့ ကျောင်းမှာ လူရွေးပွဲ လုပ်တယ်။ ရွေးတဲ့ အထဲမှာ အစ်ကိုကြီး လည်း ပါ တယ်။ ဒါပေမယ့် အ၀တ်အစား နဲ့ ဖိနပ် အတွက် ပါတဲ့ သူတိုင်း ငွေငါးကျပ် ထည့်ရတယ် ။အမေ့ မှာ ငွေ ငါးကျပ် မရှိဘူး ။ အစ်ကိုကြီး ကလည်း ၀ါသနာ ပါတော့ ကန်ချင်နေရှာတယ် ။ အမေလည်း ရွာထဲ လှည့်ပြီး လိုက်ချေးကြည့်ပေမယ့် ဘယ်သူ မှ ချေးမပေးဘူး ။

 အမေ ကတော့ ငါးယောကျာ်း သေပြီ ထင်လို့ မချေး ချင်ကြတာလား ဆိုပြီး အိမ် မှာ လာပြန် ညည်းတယ်။ အစ်ကိုကြီး လည်း မကန်ဖြစ်တော့ဘူး ။ အမေ နဲ့ အစ်ကိုကြီး မျက်နှာတွေကြည့်ပြီး ကျွန်တော် ကတော့ အဖေ့ ကိုပဲ သတိရနေမိပြန်တယ်။ အခက် ခဲတွေ ကျော်လွှားရင်း နဲ့ နောက်ထပ် တစ်လလောက်အကြာ ကျွန်တော် တို့ ဂေါ်လီ လှိမ့်နေကြတဲ့ အချိန်မှာ အဖေ ပြန်ရောက်လာတယ် ။

အရင်လို မုန့်တွေ ၊ စားစရာတွေ လည်း မပါဘူး ။ ရုပ်လည်း မှတ်မိတယ် ဆိုရုံလောက် ကိုပဲ ကျသွားတယ်။ အဖေ ပြန်ရောက် လာတော့ ပတ်ဝန်းကျင် က လူတစ်ချို့ အဖေ့နား ၀ိုင်းလာပြီး သတင်းမေးကြတယ်။ ကျွန်တော် လည်း ဂေါ်လီတွေ ပစ်ချပြီး အဖေ့ ဆီ ပြေးသွားတယ် ။ဝမ်းသာတာ လည်း ပြောပြ မတတ်လောက်အောင်ပဲ ။

အားအင် တွေ ဘယ်ကရောက်လာမှန်း မသိဘဲ နဲ့ကို လူက လန်းလန်း ဆန်းဆန်း ဖြစ်လာတယ်။ အမေက လည်း ပြုံးပြုံးပြုံးပြုံး နဲ့ အဖေ့ မျက်နှာ ကိုပဲ စိုက်ကြည့်နေတယ်။ အမေ ကလည်း ကွပ်ပစ်ပေါ် ထိုင်ရင်း ဘေးနား ကလူတွေ မေးတာဖြေလိုက် ၊ ကျွန်တော့ခေါင်း ကို ပုတ်လိုက် နဲ့ တိုက်ပွဲအောင် တဲ့ စစ်သူကြီး တစ်ယောက် လို ဂုဏ်ယူနေတာ တွေ့ရတယ်။ 

ညနေ ကျတော့ အဖေရယ် ၊ ရွာလူကြီး ရယ် ၊ အနားက လူ တစ်ချို့ရယ် ကွပ်ပစ်ပေါ် မှာ စကားဝိုင်းဖွဲ့ကြတယ် ။အဖေ က အတွေ့အကြုံတွေ ပြောပြတယ် ။ ကျန်တဲ့ သူတွေက နားထောင်လိုက် ၊ ဖြတ်မေးလိုက် ၊ရေနွေးကြမ်းသောက်လိုက် နဲ့ စည်ကားနေတယ်။ အမေ က ရေနွေးအိုး တည် ။ အစ်ကိုကြီး က အမေ့နားမှာ ၊ ကျွန်တော် က အဖေ့ပေါင်နား မှာ ။ 

အဖေ က တိုက်ပွဲ မှာ ဘယ်လိုတွေ သေကြောင်း ၊ တစ်ချို့စစ်ဗိုလ်တွေ ဆို ငယ်ငယ်လေးနှင့် သနား စရာကောင်းကြောင်း ၊ မိုင်းထိ သဖြင့် ဒီ အတိုင်း ထားခဲ့ ရတဲ့ လှည်းတွေ ၊ နွားတွေ နဲ့ လူတွေ အကြောင်းကို စီကာ ပတ်ကုံး ပြောပြတယ်။ 

 နောက်ပြီး ထွက်ပြေး ရင်း နဲ့ လူစု ကွဲသွားလို့ အရိုင်း ကရင်( အဖေတို့ အခေါ်) တွေနေ တဲ့ ရွာစု ကို ရောက် သွားပုံ ၊ အဲဒီ က လူ တစ်ချို့ လယ်ထဲ က ကြွက် အဖြူ သေးသေးတွေ အရှင်ကြီး ကို လက်နဲ့ ညှစ်ပြီး ထမင်း နဲ့ တို့ စားပုံ ၊ ကြံခင်းသေးသေး ထဲမှာ မျက်စိ လည်အောင် လုပ်တဲ့ ပယောဂ အတတ်တွေ တတ်ကြပုံ ကို အဖေ က စိတ်ဝင်စားဖွယ် ပြောပြတယ် ။ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာကို ခွဲခြား မတတ်ပေမယ့် စိတ်ဝင် စားဖို့တော့ အင်မတန်ကောင်းတယ်။ 

အဖေ က အစုံ လုပ်တတ်တော့ အလုပ် က သိပ် မရှားဘူး ။ မိုးရာသီ ဆို လယ်ထွန် တာ ၊ မျိုးနုတ် တာတွေ နေ့စား လိုက်လုပ်တယ် ။ တံငါ ကတော့ အဖေ မလုပ်ဘူး ။ နွေဘက် ဆို ချောင်း တစ်ဖက်ကမ်းက တိုက်နယ် ရွာကြီး (ယခုမြို့) မှာ ဆိုက်ကား နင်းတာ ၊ ကုန်ထမ်း တာတို့ သွားလုပ်တယ် ။ အလုပ် အင်မတန် မရှိတော့မှ သာ တံငါ အလုပ် ကို အဖေ လုပ်တယ်။ 

ဒီလို နဲ့ ကျွန်တော် သုံးတန်းနှစ် မှာ ကျောင်းအုပ် ဆရာမကြီး က အိမ်ကို ရောက်လာပြီး အဖေ့ကို စကား လာပြော တယ်။ ဒီမှာ ဆက်နေရင် လေးတန်း နဲ့ ကျောင်းပြီးပြီ ဖားရှာ ငါးရှာနဲ့ ဘ၀ဆုံး မှာဖြစ်ကြောင်း ၊ ခလေးတွေ က ပညာရေးကောင်းကြောင်း ၊ သူတို့ရှေ့ရေးကို စဉ်းစား သင့်ကြောင်း ပြောပြီးတော့ ဆရာမကြီး ပြန်သွားတယ် ။ 

ဆရာမကြီး ပြန်သွားတော့ အိမ်ဘေး က ကွပ်ပစ်ပေါ်မှာ အဖေ ထိုင်လိုက် ၊ လှဲချလိုက် နဲ့ နဖူးပေါ် လက် တင်ပြီး အကြာကြီး စဉ်းစားနေတာ ကို တွေ့ရတယ်။ ကျွန်တော် လေးတန်း တတ်မယ့်နှစ်မှာ အထက် တန်းကျောင်း ရှိတဲ့ တစ်ဖက် ကမ်း က တောမကျ မြို့မကျ ရွာကြီး ကို အဖေ တို့ပြောင်းတယ် ။ 

အဲဒီ အချိန်က အမေ့ မှာ အမွှာ ညီမလေး နှစ်ယောက် ကို မီးဖွားပြီး စ အချိန် ။ အဖေက ပြည်သူ့ စစ်ထဲ ကိုဝင် တယ်။ အမေ ကတော့ သဘော မကျဘူး ။ အဖေ ကလည်း ဒီနည်းလမ်း တစ်ခုပဲ ရှိကြောင်း အမေ့ ကို ဖြောင်း ဖျတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ပြည်သူ့စစ် မိသားစုတွေနေ တဲ့ ၀င်းကြီး တစ်ခုထဲ ကို မျက်စိသူငယ် နားသူငယ် နဲ့ ရောက်သွားကြတယ်။ 

အဖေ က လက်သမား လည်း လုပ်တတ်တော့ မကြာခင် အိမ်ကလေး တစ်လုံး ဖြစ်သွားတယ်။ ၀င်ဝင်ချင်း ဆိုတော့ ဟိုလူ ကခိုင်း ၊ ဒီလူ က ပါဝါပြ နဲ့ အဖေလည်း သီးခံ ရတယ်။ ကျွန်တော်တို့ ကတော့ သူငယ်ချင်း အသစ်တွေ နဲ့ ကျောင်းအသစ် မှာ တတ်နေရ လို့ ပျော်နေပြီ ။

တစ်နေ့ အရင်ဝင် ထားတဲ့ ပြည်သူ့စစ် တစ်ယောက် က အဖေ့ ကို ဟိန်းလားဟောက်လား လုပ်တာ မခံနိုင် လို့ အဖေ ဓါးမြောင် ထုတ်ပြီး တစ်ပြိုင်နက် ထဲ အဲဒီ လူပေါ် ခုန်အုပ် လိုက်တယ် ။ ဒါပေမယ့် သားသမီးတွေ မျက်နှာ နဲ့ အဖေ့ဒေါသတွေကို ပြန်လျော့ လိုက်ကြောင်း အမေ့ ကို ပြောပြနေတာ ကျွန်တော်ကြား လိုက်တယ်။

 နှစ်ပေါင်း များစွာ အလုပ်ကြမ်း နဲ့ ပေါ်တာ လိုက်ခဲ့တဲ့ ဒါဏ်တွေကြောင့် ကျွန်တော် ရှစ်တန်းနှစ် အစလောက် မှာ အဖေ့ ကို ဆရာဝန် က နှလုံးရောဂါ လို့ အမည်တပ်လိုက်တယ် ။ ဆေးလိပ် ကိုလည်း အမေ တားနေ တဲ့ကြား ထဲက အဖေ မဖြတ်နိုင်ခဲ့ဘူး ။  အရက် ကတော့ အဖေ မသောက်ဘူး ။ 

အလုပ်မှာ စိတ်တို စရာတွေကြုံရင် အဖေ အမောဖောက် လာတာတွေ စိပ် လာတယ်။ တစ်ခါ တစ်လေ ဂိတ် ကလူတွေ အသိလာပေးတဲ့ အချိန်ဆို အဖေ ဆေးရုံပေါ်ကို ရောက်နေပြီ။ ကုတင်ပေါ်မှာ အသက် ကို လုရှူနေပြီး ဗိုက် က ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတဲ့ အဖေ့ကို ကျွန်တော် မကြည့်ရက် ခဲ့ဘူး ။

အဲဒီ အချိန် က အောက်ဆီဂျင် ဗူးလည်း မရှိဘူး ။ ဆရာဝန်တောင် နှစ်နဲ့ ချီပြီး မရှိ တဲ့ အချိန်တွေ ရှိခဲ့တယ်။ သူနာပြု  ဆရာမ  တစ်ချို့  ကတော့ လုပ်စရာ  ရှိတာကို ဆက်လုပ်နေကြတယ်။ အမေ ကတော့ ဘေးကနေ ရပ်ကြည့်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ဘူး ။ ဒီလို နဲ့ အဖေ ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။ 

အဖေ ဆေးရုံ သုံးခါလောက် တက် ရတော့ ပြည်သူ့စစ်ခေါင်းဆောင် က တပ်နဲ့ တွဲပြီး နယ်မြေ ကင်းလှည့် တဲ့ နေရာတွေ မှာ အဖေ့ ကို မထည့်တော့ ဘဲ ဂိတ် မှာ အထိုင်နေရ တဲ့ နေရာ မှာပဲ ချထားတော့တယ်။ ကျွန်တော်တို့ လည်း အရွယ်ရောက်နေပြီ ဆိုတော့ ရေထမ်း တာ ၊ ကုန်ထမ်း တာတို့ လုပ်ပြီး တစ်ဖက်က ၀င်ငွေရှာရတယ်။ 

အဲဒီ အချိန် အဖေ့  ရဲ့ ကျန်းမာရေး က အတော်ကို ယိုင်နဲ့နေပြီ။ ကျွန်တော်တို့ အလုပ် လုပ်လို့ရတဲ့ ပိုက်ဆံ တစ်ချို့ ကို ကြည့်ပြီး အဖေ က ငါ မင်းတို့ ပိုက်ဆံတွေ ကို စားမပျော်ပါ ဘူးကွာ ဆိုပြီး မကြာမကြာ ပြောရှာ တယ်။ နောက်ပြီး စာကြိုး   စားဖို့လည်း တတွတ်တွတ် ပြောရှာတယ်။ 

အဖေ့ ကို ပြန်လုပ်ကျွေးနိုင် လို့ ကျွန်တော် တို့ က ၀မ်းသာပေမယ့် အဖေ ကတော့ ကုလားထိုင် မှာ ထိုင်ပြီး အဝေးကြီး ကို ငေးကြည့်နေတယ်။ ကျွန်တော် တို့တွေ ပညာ တစ်ပိုင်း တစ်စနဲ့ ကျောင်းထွက် သွားမှာ အင်မတန် စိတ်ပူကြောင်း အမေ့ကို မကြာမကြာ ပြောရှာတယ်။ တစ်နေ့ အပေါ် အကျီ င်္ကို ပုခုံးပေါ်တင် ၊ လက် ကလည်း ခါးကို အားပြုရင်း နဲ့ ဂိတ်ကနေ အဖေပြန်လာတယ် ။

အဲဒီ အချိန် ကျွန်တော် က ကိုးတန်း ၊ အစ်ကိုကြီး က ဆယ်တန်း တတ်နေတယ် ။  ညီမတွေ ကတော့ အတန်းငယ်သေးတယ်။ တီဗွီ ကနေ မြန်မာ့ ခရီးသွားနှစ် ၁၉၉၆ ဆိုပြီး မကြာ မကြာ ကြော်ငြာနေတာ အမှတ် ရသေးတယ်။ ကုလားထိုင် မှာ ထိုင်ပြီးတော့ အဖေ အမောတွေ ဖောက်လာတယ်။ သွားသွား လာလာ လည်း မလုပ်နိုင်တော့ဘူး ။ 

အမေ ကတော့ တတ်သလောက် မှတ်သလောက် ပြုစု ပါတယ်။ ဆေးရုံ ကလည်း အိမ်နဲ့ နီးတော့ အခြေ အနေ ဆိုး လာရင် ဆေးရုံကို တင်လိုက်၊ နည်းနည်း သက်သာလာရင် ပြန်ဆင်း လိုက်နဲ့ တဖြည်းဖြည်း အမေ အိပ်ရာထဲ လဲတဲ့ အထိ ဖြစ်သွားတယ်။ မထနိုင်တော့ဘူး ။ ဒီလို နဲ့ မှတ်မှတ်ရရ ၁၉၉၆ သင်္ကြန်နှစ်ဆန်း ၂ ရက် ညနေ ၆ နာရီခွဲမှာ အဖေ ဆုံးတယ်။ 

အဖေ ဆုံးတော့ အမေ မျက်ရည် မဆည်နိုင်ဘူး ။ အစ်ကိုကြီး လည်း မျက်ရည် ကျ ၊ ညီမတွေ လည်း ငို ။ ကျွန်တော် ကတော့ မငို မိဘူး ။ ငိုချင်ပေမယ့် ငို မထွက်ဘူး ။ အဖေ့ ရဲ့ စွမ်းနိုင် သလောက် နဲ့ တွန်းတင် ခဲ့တဲ့ ကျွန်တော် တို့ မိသားစုတွေ ရဲ့ ဘ၀တွေ ကို ဒီထက်ကောင်းမွန်အောင် လုပ်ရမယ် ဆိုတဲ့ အသိတွေ အဖေ့ရဲ့ အသက်မဲ့နေတဲ့ ရုပ် ကလပ် ကိုကြည့်ပြီး ကျွန်တော့စိတ်ထဲ ဖြစ်ပေါ်လာတယ်။

 နောက်နေ့ ကျတော့ နီးစပ်တဲ့ သူတွေ ၊ ရွာက ဆွေမျိုးတွေ ရောက်လာကြတယ်။ အမေ့ကို အသက် ငယ်သေးတော့ ခလေးတွေ ရှေ့ရေးကိုကြည့်ပြီး သင့်တော်တဲ့ အချိန်မှာ အိမ်ထောင် ထပ်ပြုသင့်ကြောင်း တိုက်တွန်းကြပေမယ့် အမေ လက်မခံ ခဲ့ဘူး ။ 

အဲဒီ အချိန် အမေ့ အသက် က ၃၇ နှစ် ။ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက် ကို အားပြုပြီး ရှေ့ဆက်ဖို့ အမေ စဉ်းစား ထားပုံ ရပါတယ်။ ဒါတွေ ဟာ အဖေ နဲ့ ပတ်သတ်တဲ့ ကျွန်တော့ ရဲ့ အမှတ်တရ များပဲလို့ ဆိုချင်ပါတယ်။


 ငြိမ်းသွင်စိုး
From... လူဗိုလ်ဟူသည်



1 comment: