Monday, February 2, 2015

ချစ်ခြင်း ရဲ့အနံ့ အသက်




တိုက်ခန်း ရဲ့ပထမထပ် မှာ ဇနီးမောင်နှံနှစ်ဦးနေပါတယ်။ သူတို့ ရဲ့နေ့စဉ် ဘဝ က စည်းကမ်း တကျပါပဲ။ မနက် ဆိုရင် ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်တယ်၊ ညနေ ဆိုရင် ပန်းခြံသွား လမ်းလျှောက်လေ့ ရှိတယ်။ ဘဝ ကို ရိုးရိုးရှင်းရှင်း သူတို့ဖြတ်ကျော်ကြတယ်။ 

တိုက်ခန်း က လမ်းဖက်ကို မျက်နှာမူ ထားတော့ သူတို့ က ဝရံတာ တံခါး ကို အမြဲ ဖွင့်ထားပြီး အဲဒီမှာ ထိုင် ရင်း စာအုပ် ဖတ်တယ်၊ ရေနွေးကြမ်းသောက်တယ်၊ ဒါမှ မဟုတ် လမ်းသွား လမ်းလာတွေ ကို ကြည့်ပါတယ်။
သူတို့ ရဲ့တိုက်ခန်း ထဲကနေ ဟင်းနံ့တွေ မွှေးမွှေးကြိုင်ကြိုင် ပျံ့လွှင့် လာပြီ ဆိုရင် ဒါဟာ သူတို့ ရဲ့သား အိမ်ပြန် လာပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ 

သူတို့ ရဲ့သား က ကျောင်းပြီး တာနဲ့ တခြားမြို့ မှာ အလုပ် သွားလုပ်နေတာဖြစ်ပြီး အိမ်ပြန် ခဲပါတယ်။ ကြာကြာနေလို့ တစ်ခါ သားပြန် လာပြီ ဆိုရင် သူတို့ ဇနီးမောင်နှံ အလုပ် များတော့ တာပဲ။



 နေ့တိုင်း ဈေးပြေးလိုက် ချက်ပြုတ်လိုက် နဲ့ အကောင်းဆုံး အရသာ အရှိဆုံး အစားအစာတွေ ကို သား အတွက်ပဲ သူတို့ဖြစ်စေချင်ခဲ့တယ်။

 အဲဒီလို အချိန်မျိုး ဆိုရင် တိုက်ခန်း ထဲကနေ မွှေးကြိုင်တဲ့ အနံ့တွေ လွှင့်ထွက် လာတတ် ပါတယ်။ သူတို့ တိုက် ခန်းရှေ့ဖြတ်ရင် ကျွန်မ က “ဒီကနေ့ ကတော့ ငါးဟင်း ထင်ပါရဲ့.. အဝေး ကနေတောင် အနံ့ ရတယ်”လို့ သူ တို့ ကို စနောက်တတ်တယ်။ အဲဒီ အခါ ကျရင် အိမ်ရှင်မ က “ဟုတ်တယ်.. လာစား ပါဦးလား.. ငါးတွေက လတ် လတ်ဆတ်ဆတ် ပဲ”လို့ ဆိုတယ်။ 

ရက်သိပ် မကြာခင် သားပြန် သွားတော့ တိုက်ခန်း ထဲကနေ မွှေးကြိုင်တဲ့ ဟင်းနံ့ ကို မရ တတ်တော့ဘူး။ တိုက်ခန်း က နဂို အတိုင်း တိတ်ဆိတ်ငြိမ်သက် သွားပြန်ပါတယ်။ အရင် လိုပဲ ဇနီးမောင်နှံနှစ်ဦး က ရိုးရှင်း တဲ့နေ့ရက် ကို အေးဆေး တည်ငြိမ်ဖြတ်ကျော်ကြပြန်ပါတယ်။

ချစ်ခြင်းမေတ္တာ က အနံ့အသက် ရှိပါတယ်။ ဟင်းကောင်း ထမင်းကောင်းတွေ နေရာ အနှံ့ စားနိုင်ပေမယ့် မိဘ ကိုယ်တိုင်ချက်ကျွေး တဲ့ ထမင်းဟင်း က သာပြီး အရသာ ရှိပါတယ်။

ကျွန်မ ရဲ့မိတ်ဆွေ တစ်ဦးက ဆေးလိပ် မကြိုက်ပါဘူး။ ဒါပေမယ့် ရွာက နေအိမ် ဆီပြန်တဲ့ အခါ ဈေးပေါ တဲ့ဆေးပေါ့လိပ်နံ့ ကို ရတိုင်း ဖခင်ဖြစ်သူ ကို သတိရမိတယ် လို့ ဆိုတယ်။

သူ ငယ်ငယ်တုန်း က အိမ်မှာ စားဝတ်နေရေး ကျပ်တည်း ခဲ့တယ်။ သူကျောင်းနေရဖို့ ကိုပဲ ဦးစားပေးတော့ အိမ် အတွက် အသုံးစရိတ် ကို ချွေတာ ခဲ့ကြတယ်။ သူကျောင်း လခပြန် ယူတိုင်း မိဘနှစ်ပါးခေါင်းခဲ ခဲ့ရတယ်။ ဒါပေမယ့် သူ့ကို ပညာပဲ သင်ယူစေခဲ့တယ်။ မီးရောင် မှိန်မှိန်အောက် မှာ ဖခင် က ဆေးပေါ့လိပ် ကိုဖွာရှိုက် ရင်း သက်ပြင်းတွေ အထပ်ထပ် ချခဲ့တယ်။

“အဖေ.. ဆေးလိပ်တွေ သိပ် မသောက် ပါနဲ့လား.. ကျန်းမာရေး ထိခိုက်နိုင်တယ်။ အိမ်မှာ ဒီလောက် ကျပ် တည်းနေတာ ကျွန်တော်ကျောင်း မနေတော့ဘူး”လို့ သူပြောတိုင်း ဖခင်က “ဆေးလိပ်သောက်တာ က သား ကို ခြင်မောင်းပေးဖို့ပါ။

ဒီ အတွက် ပူပင်သောက မရောက် ပါနဲ့။ စာကို ပဲ ကောင်းကောင်း သင်ယူပါ။ ဘဝ ဆိုတာ ဒီလိုပါပဲ … ဖြတ်ကျော် လို့ မရတဲ့ အခက်အခဲ ဆိုတာ မရှိပါဘူး”
ဖခင် က ဘဝ ကို ပေါ့ပေါ့ ပါးပါးပုံဖော် ခဲ့ပေမယ့် သူ့ခေါင်းအုံး က မျက်ရည်တွေနဲ့ ရွဲစိုခဲ့ ပါတယ်။

ခက်ခဲ တဲ့နေ့ရက်တွေ ကို ဖခင် က သူ့ ပခုံးနဲ့ ကြံ့ကြံ့ခံ ထမ်းခဲ့ ပါတယ်။ ဆင်းရဲ ဒုက္ခနဲ့ ရင်ဆိုင် ရပေမယ့် လည်း တစ်ချက် မှ မညည်းတွား ခဲ့ဘူး။ ဘဝအမော ကို ဆေးလိပ်သောက်တာနဲ့ ပဲ ဖြေဖျောက်ခဲ့တယ်။ ဖခင် ရဲ့ကိုယ်ပေါ် မှာ ဆေးလိပ် နံ့ပြင်းပြင်းတွေ သာ စွဲကျန်ရစ်ခဲ့တယ်။ 

အဝေးကနေတောင် အဲဒီ အနံ့ ကို ရတတ်တယ်။ ဆေးလိပ်နံ့ ကို သူ မနှစ်သက်ပေမယ့် ဖခင် ကွယ်လွန်ပြီးချိန် ကျမှ အဲဒီ အနံ့အသက် က သူ့ ရင်ဘတ် နက်နက် တစ်နေရာ မှာ ရှိနေခဲ့တယ် ဆိုတာကို သူ တအံ့တသြ သိ လိုက် ရတယ်။

တစ်ခါ က ခရီးဝေး သွားဖို့ ကျွန်မ ရထား စီးဖြစ်ခဲ့တယ်။ ကျွန်မ ရဲ့မျက်နှာချင်းဆိုင် မှာ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦး ထိုင်ပါတယ်။ သူတို့ က ပလတ်စတစ် အထုပ်တစ်ထုပ် ကို မလွှတ်တမ်း တင်းတင်းပွေ့ ထားပါတယ်။ 

သူတို့ရဲ့မသကာင်္တဲ့ အပြုအမူ ကို ရထား ရဲ က သတိထားမိ သွားလို့ အထုပ် ကိုဖြည်ခိုင်း ခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦး လုံး က အထုပ်ပေး မဖြည်ခဲ့ လို့ ရဲ က ပို သံသယဝင်ပြီး အတင်းဖြည်ခိုင်းတော့ မှ အထုပ် ထဲ ကနေ ချဉ်စူးစူး အနံ့ တစ်မျိုး ထွက်လာခဲ့ ပါတယ်။ 

တကယ်တော့ အထုပ် ထဲမှာ ထည့်ထား တာက မုန်ညင်းချဉ်တွေ ပါ။ သူတို့ က မြို့တက်ပြီး သားဆီ အလည် အပတ် သွားတာပါ။ သားက အိမ်က လုပ်တဲ့ မုန်ညင်းချဉ် ကို ကြိုက်နှစ်သက် လို့ သား အတွက် ယူသွားပေး တာဖြစ်ပါတယ်။ 

အနံ့ ထွက်မှာ စိုးလို့ သူတို့ က အထပ်ထပ် ထုပ်ပြီး ရင်ခွင်ထဲ ထည့်ထား တာ ဖြစ်ပါတယ်။ အခုအချိန် မှာ အဲဒီ ခရီးလမ်း က ရူခင်းတွေ ကို ကျွန်မ မမှတ် မိတော့ပေမယ့် မုန်ညင်းချဉ် ထုပ် ကို တင်းတင်းပွေ့ဖက် ထားတဲ့ သူတို့ ဇနီးမောင်နှံကိုတော့ ကျွန်မ အမှတ်ရနေခဲ့ ပါတယ်။ 

အဲဒီ ချဉ်စူးစူး အနံ့ မှာ ချစ်ခြင်းမေတ္တာ အနံ့ အသက်တွေ ပါနေခဲ့လို့ ဖြစ်ပါတယ်။

ဘဝ ကို နှလုံးသားနဲ့ ရင်းပြီး ခံစားကြည့် ရင် နေရာတိုင်း မှာ ချစ်ခြင်း ရဲ့အနံ့အသက် ကို ရှာဖွေတွေ့ရှိ ခံစား မိနိုင် ပါတယ်။ အဲဒီ အနံ့အသက် က နှစ်လ ရာသီတွေ ထဲမှာ လွှင့်ပြန့်မွှေးကြိုင်နေ ပြီး အေးစက် ညိုမှိုင်း တဲ့ လူ့ဘဝ ကို နွေးထွေး ထုံသင်းစေပါတယ်။


မူရင်းရေးသားသူ– Dài lián huá
မူရင်းလင့် — http://www.85nian.net/qinggan/8384.html

နိုင်းနိုင်းစနေ(Jan. 18. 2015)
From...  http://www.searchmyanmar.com/link/frame/cid/46753


No comments:

Post a Comment