Friday, February 13, 2015

ငွေ ၄ သောင်း သွင်းပြီး လူတိုင်း လစဉ်ကျပ် ၁၂ သိန်း ရမည့် စီမံချက် သမ၀ါယမ ဥပဒေ စည်းကမ်း များအား ချိုးဖောက် ဟုဆို





 
ငွေလေးသောင်းကျပ် သွင်းပြီး လူတိုင်း လစဉ် ၁၂ သိန်း ရမည့်စီမံချက် အကောင် အထည် ဖော်နေသည့် Myanma Shwe Yaung Co;op Ltd သည် သမ၀ါယမ ဦးစီးဌာန ၌ မှတ်ပုံတင် ထားသည့် သမ၀ါယမ အသင်း တခုဖြစ်ပြီး သမ၀ါယမ အသင်း ၏ စည်းကမ်း များကို ချိုးဖောက်ကာ မမှန် မကန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်တင် က News Watch သို့ ပြောကြားသည်။


၎င်းက“သမ၀ါယမ ဥပဒေ အရ ဆင့်ပွား လုပ်ကိုင်ခွင့် ဆိုတာမရှိဘူး။ အသင်းသား အဖြစ် ကြိုက်ရင် ထည့် ၀င်ခွင့် ရှိတယ်။ အသင်းဝင်ကြေး ဆိုတာလည်း မရှိရဘူး။ အသင်းသား ၀င်ခွင့် ကလည်း နယ်နိမိတ်ကျော်ပြီး ၀င်ခွင့် မရှိဘူး။ ဒီဟာက လိမ်ဆင်တွေပါ။ အရင်ကလည်း ဒါမျိုးတွေပေါ်ခဲ့ဖူး တာပဲ”ဟု ပြောကြားသည်။



News Watch ဂျာနယ် အတွဲ (၉)၊ အမှတ်(၃၇) တွင် ငွေလေးသောင်း သွင်းရုံဖြင့် လစဉ်ငွေကျပ် ၁၂ သိန်း ရ မည့် ကုမ္ပဏီ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဟု ဖော်ပြခဲ့ရာ အဆိုပါ စီမံချက်အား အကောင် အထည်ဖော် ခဲ့သူများ က သတင်း မှားယွင်းနေ၍ လာရောက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ 
News Watch မှ သွားရောက်ဖြေရှင်း ခဲ့ရာတွင် သတင်းပါ အချက်အလက် များ မှားယွင်းကြောင်း ၎င်းတို့  မှ ပြောကြား ရာ၌ Myanma Shwe Yaung Co;op Ltd သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနတွင် မှတ်ပုံ တင်ထားခြင်း မဟုတ်ဘဲ သမ၀ါယမ တွင် မှတ်ပုံတင်ထားကြောင်း၊ 
ပရဟိတ လုပ်ငန်း ဖြစ်သောကြောင့် ရရှိမည့် အကျိုးအမြတ် များအား ထွန်းမေတ္တာဖောင်ဒေးရှင်း သို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ ထွန်းမေတ္တာ ဖောင်ဒေးရှင်းသည် ပြည်ထဲရေး လက်အောက်တွင် မှတ်ပုံတင် ထားကြောင်း ၊ ယင်းကြောင့် မှတ်ပုံတင်ထားခြင်း မရှိဆိုသည်မှာ မဟုတ် မှန်ကြောင်း ၎င်းတို့မှ ရှင်းလင်း ခဲ့သည်။
News Watch မှ ယင်း စီမံချက်အား နိုင်ငံတော်သို့ တရားဝင် ခွင့်ပြုချက်တောင်းခံပြီးမှ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ သမ၀ါယမတွင် အစုဖွဲ့လုပ်ငန်း လုပ်ကိုင်မည် ဟု မှတ်ပုံတင် ထားကြောင်း သာ ပြန် လည်ဖြေကြားခဲ့သည်။

Myanma Shwe Yaung Co;Op Ltd သည် သမ၀ါယမ၀န်ကြီးဌာန ၌ မှတ်ပုံတင် ထားသည်ဆိုခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမ ဦးစီးဌာန သို့ သွားရောက် စုံစမ်းရာ သမ၀ါယမ စည်းမျဉ်းများ ကို ကျော် လွန်လုပ်ကိုင်နေ ၍ ဌာန နာမည်ထိခိုက်စေကြောင်း၊ သတင်း မီဒီယာများမှ ဖော်ထုတ်ပေးပါက အထက် အဆင့်ဆင့်သို့ တင်ပြကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 
၎င်းတို့ မှတ်ပုံတင်ခဲ့ရာ၌ အင်္ဂလိပ်စာလုံးဖြင့် မှတ်ပုံတင်ထားခြင်း မဟုတ်ဘဲ မြန်မာရွှေရောင် ကျောက် စိမ်းကျောက်မျက် ရောင်း ၀ယ်ရေးလုပ်ငန်းဖြစ်ပြီး ရုံးခန်းတည်နေရာသည် စမ်းချောင်းမြို့နယ်တွင် တည်ရှိ သည် ဟု မှတ်တမ်းများအရ သိရှိရသည်။

လက်ရှိ ၁၂ သိန်း စီမံချက် ရုံးခန်း တည်နေရာ သည် တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း အမှတ် ၁၄၊ ဒုတိယထပ်တွင် တည်ရှိပြီး နယ်မြေကျော် ၍ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သမ၀ါယမ စည်း ကမ်းနှင့် ကိုက်ညီမှု မရှိဟု ဆိုသည်။ 
ယင်းအပြင် သမ၀ါယမ စည်းမျဉ်းဥပဒေဖြစ်သည့် မည်သူ မဆို အသင်းဝင် လိုလျှင် အခမဲ့ ၀င်ခွင့်ပြုထားသော် လည်း ၁၂ သိန်း ပရောဂျက် ၌ အသင်းဝင်ကြေး ၃၀၀၀ ကျပ် လစဉ်ကြေးကျပ် ၃၅၀၀၀ ပေးဆောင်ရခြင်း များ သည် သမ၀ါယမစနစ် အပေါ် အလွဲသုံးစား လုပ်ရာ ရောက်သည်ဟု ဆိုသည်။

အဆိုပါ ပရောဂျက် သည် တရားဝင် မီဒီယာ များတွင် ကြော်ငြာခြင်း မရှိဘဲ လမ်းဘေး ဓာတ်တိုင်များနှင့် အင်တာနက်စာ မျက်နှာ များတွင် ကြော်ငြာရခြင်း မှာ လူအများ စိတ်ဝင်စားမှု ရှိလာပြီး ရုံးသို့တိုက် ရိုက် ရောက် ရှိလာ သူများအား စနစ်တကျ ရှင်း ပြနိုင်စေရန် ရည်ရွယ်ကြောင်း ၎င်းပရောဂျက် တာဝန်ရှိသူ များက ပြော ကြားခဲ့သည်။


ဆင်းရဲသားပျောက်ရေး ပရောဂျက် ဟု ဆိုကာ အခြေခံ လူတန်းစား များအား ပစ်မှတ် ထား၍ စည်းရုံးသည့် ၎င်း ပရောဂျက်သည် ပရဟိတခေါင်းစဉ်ဖြင့် အလုပ် လုပ်မည် ဆိုသော်လည်း သက်ဆိုင်ရာနိုင်ငံတော် အဆင့် သို့ တရားဝင် လုပ်ငန်း စီမံချက် စနစ်တကျ ရှင်းလင်းခွင့်တောင်း ခဲ့ခြင်း မရှိသည့်အပြင် အများပြည်သူ များထံ သို့လည်း ပွင့်လင်းမြင်သာ စွာ ကြေညာခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။


News Watch အနေနှင့် အမှန် တကယ် ဆင်းရဲသားပပျောက်ရေး အတွက် အာမခံနိုင်သည့် လုပ်ငန်းဖြစ်ပါက အများပြည်သူ သိရှိစေရန် ထုတ်ဖော်ရေးသားပေး ရမည့် တာဝန် ရှိကြောင်းနှင့် ရိုးသားမှု မရှိသည် များ ၊ ပြည်သူလူထု အလိမ် ခံရမည့် အခြေအနေများ ရှိလာပါက တတ်နိုင် သမျှ ဖော်ထုတ်ရေးသား သွားမည်ဟု ကတိပြုခဲ့သည်။

 


ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 https://www.facebook.com/NewsWatchJournal
 

No comments:

Post a Comment