Monday, February 2, 2015

ပြန်လည်ပြင်ဆင် ရန် လိုအပ်သော . . .

 




တရုတ် လုပ်ငန်း စု COSCO က လေလံ ရရှိထားသော ဂရိနိုင်ငံ ၏ အကြီးဆုံး ဆိပ်ကမ်း Piraeus ကို ပုဂ္ဂလိ က ပိုင်ပြုလုပ်မှု အား ရပ်တန့် သွားမည်ဖြစ်ကြောင်း ဂရိအစိုးရသစ် က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြား ခဲ့သည်။ 

ယင်း ဆိပ်ကမ်း သည် ဥရောပတိုက် ၏ အလုပ် အများဆုံး ဆိပ်ကမ်းများ ထဲတွင် ပါဝင်ပြီး ဥရောပနှင့် အာရှ ဆက်သွယ် ရာ၌ အဓိက ကျသော ဆိပ်ကမ်း လည်းဖြစ်သည်။ ယင်း ဆိပ်ကမ်း ၏ ရှယ်ယာ ၆၇ ရာခိုင်နှုန်း ကို ရောင်းချ ရန် ယခင် ဂရိ အစိုးရ က စီစဉ် ထားခဲ့ပြီး မတ်လ တွင် နောက်ဆုံး ထား၍ တင်ဒါခေါ်ယူ ထားခဲ့သည်။ 

COSCO သည် Piraeus ဆိပ်ကမ်း ကို ဝယ်ယူခွင့် ရနိုင်သည့် ကုမ္ပဏီ အဖြစ် ယခင် ဂရိအစိုးရ က သတ်မှတ် ခဲ့ပြီး တင်ဒါခေါ်ယူမှု တွင် နောက်ဆုံး ဆန်ခါတင် စာရင်း၌ ထည့်သွင်း ထားသည်။ 



တရုတ် လုပ်ငန်းစု COSCO သည် Piraeus ရှိ အဓိ က ကုန်တင် ဆိပ်ကမ်းနှစ်ခု ကို တိုးချဲ့ရေး အတွက် ၃၅ နှစ် လုပ်ကိုင် ခွင့် ရရှိထားပြီးဖြစ်သည်။ ဇန်နဝါ ရီ ၂၅ ရက် က အနိုင် ရရှိခဲ့ပြီးနောက် အာဏာရ လာခဲ့သော ဆီပရက် ၏ ဆီရီဇာပါတီ သည် ယခင် အစိုးရ က အကောင်အထည်ဖော် ခဲ့သော ပြုပြင်ပြောင်း လဲမှုများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။
 
သီရိလင်္ကာ အစိုးရ အဖွဲ့သစ် ကလည်း ၎င်းတို့ဒေသတွင်း ၌ တရုတ် တို့ ခိုင်ခိုင် မာမာ ခြေကုပ် ရရှိသွားစေ မည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တန် ဆိပ်ကမ်း စီမံကိန်း ကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း မကြာသေး မီက ကြေညာခဲ့သည်။ 

သီရိလင်္ကာ သည် China Communications Construction Company နှင့် သဘော တူညီထားချက် ကို ပြန် လည် ပြင် ဆင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ 

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်း က မက္ကဆီ ကို အစိုးရသည် တရုတ်နှင့် သဘောတူညီ ထား သည့် ဒေါ် လာ ၃ ဒသမ ၇၅ ဘီလျံတန် အမြန် ရထားလမ်း စီမံကိန်း ကို ဖျက်သိမ်းခဲ့သည်။

 မြန်မာနိုင်ငံ တွင်လည်း တရုတ် တို့၏ ရင်းနှီးမြှုပ်နှံမှု များကို ဆန့်ကျင်မှု များ မြင့်တက် လာပြီး မြေသိမ်း ယာ သိမ်း ကိစ္စ များနှင့် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးနိုင်ခြေရှိမှု များ အတွက် ဆန္ဒပြမှု များဖြစ်ပေါ်ခဲ့သည်။ 

တရုတ် တို့၏ ကြေးနီ တူးဖော်ရေး စီမံကိန်း ကို ဆန့်ကျင် ဆန္ဒပြသည့် လက်ပံတောင်းတောင်ဒေသ ဒေသခံ များကို ရဲတပ်ဖွဲ့ က ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရသည်။ 

၂ဝ၁၂ ခုနှစ် ကလည်း တရုတ်တို့နှင့် သဘောတူ ထားသော ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် မြစ်ဆုံ ဆည် စီမံကိန်း ကို ဆန့်ကျင် ဆန္ဒပြမှုများကြောင့် သမ္မတဦးသိန်းစိန် က ယင်း စီမံကိန်း ကို ရပ်ဆိုင်း လိုက်ရာ တရုတ် တို့ကို အကြီး အကျယ် ဒေါသထွက်စေခဲ့သည်။

ကမ္ဘာ့ စီးပွားရေး ကို လွှမ်းမိုး ချုပ်ကိုင်နိုင်ရန် တရုတ်တို့ က လောဘ တကြီး အရှိန်မြှင့် ကြိုးပမ်း လုပ်ဆောင် လာချိန် တွင် ကမ္ဘာ့နိုင်ငံ အချို့သည် တရုတ် တို့၏ လွှမ်းမိုးမှု ကို ဆန့်ကျင် လာကြကြောင်း တွေ့ရှိရသည်။ 

မကြာမီ ဆယ်စုနှစ် အတွင်း တရုတ် သည် အမေရိကန် ကို ကျော်လွန် ကာ ကမ္ဘာ့စီးပွားရေး အင်အားအကြီး ဆုံးနိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ခန့်မှန်း ထားသည်။ 

တရုတ် သည် အထူး သဖြင့် အာရှ-ပစိဖိတ်ဒေသ တွင်း၌ စီးပွားရေး အရသာ မဟုတ်ဘဲ နိုင်ငံရေး အရ၊ မဟာဗျူဟာ အရ၊ စစ်ရေး အရပါ လွှမ်းမိုး ချုပ်ကိုင်နိုင်ရန် ကြိုးပမ်း လာပြီး ဒေသတွင်းနိုင်ငံ များစွာ တို့နှင့် နယ်မြေ အငြင်း ပွားမှုများ လည်း ဖြစ်ပေါ်နေသည်။ 

“မျက်ဖြူ     ဆိုက်လေ ဆရာကြိုက်လေ” ဟု သဘော ထား ကာ တရုတ်သည် နိုင်ငံအချို့ ၏ ပျော့ကွက်ကို ရှာလျက် အသာစီး မှ ထိုးဖောက် ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံ ၏ ပျော့ကွက် များကို အခွင့်ကောင်း ယူကာ အသာစီးရယူ ချုပ်ဆို ထားသည့် သဘောတူညီချက် များအား ပြန်လည် သုံးသပ်လျက် ပြင်ဆင် ရန် ကြိုးပမ်းသင့် ပါကြောင်း...





၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ ၏ အယ်ဒီတာ့ အာဘော်

The Daily Eleven သတင်းစာ က ရေးသားအပ်ပါသည်။
From....    Eleven Media Group



No comments:

Post a Comment