Thursday, February 19, 2015

ဆိတ်နှစ် သို့ အဝင်



ယခုနှစ်၂၀၁၅ ခုနှစ် ဟာ တရုတ် လူမျိုးတွေ အတွက် ဆိတ်နှစ် (Year of the Goat) ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ရက်နေ့ မှာ တရုတ်နှစ်သစ် ကူးနေ့ ကျရောက်တော့မှာ ဖြစ်ပါတယ်။

၁၉၈၉၊ ၁၉၀၇၊ ၁၉၁၉၊ ၁၉၃၁၊ ၁၉၄၃၊ ၁၉၅၅၊ ၁၉၆၇၊ ၁၉၇၉၊ ၁၉၉၁၊ ၂၀ဝ၃၊ ၂၀၁၅၊ ၂၀၂၇ အစရှိ တဲ့နှစ်တွေ မှာ မွေးဖွား သူတွေ ဟာ ဆိတ်နှစ်ဖွားတွေ ဖြစ်ကြပါတယ်။ ဆိတ်နှစ်ဖွား သားသမီးတွေ ဟာ မိဘတွေ ကို လေးစား ကြည်ညို  ချစ်ခင်သူတွေ ဖြစ်တာကြောင့် စံပြသားကောင်း သမီးကောင်းတွေ ဖြစ်လေ့ ရှိတယ်လို့ တရုတ် ရိုးရာ ဗေဒင် အဟောတွေ ကို ဖတ်ရှုဖူး ပါတယ်။


 


 


 ဆိတ်နှစ်ဖွားတွေ ဟာ အနုပညာ မှာပါရမီ ဓာတ်ခံ ရှိ တတ်ကြပြီး ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သရုပ်ဆောင် စတဲ့ ပညာရပ်တွေ မှာ ပေါက်ရောက် အောင်မြင်တတ် သူများ ဖြစ်ကြတယ် လို့ သိရှိရ ပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပဖို့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ရှိတဲ့ တရုတ်လူမျိုးတွေ က ဒီလိုအချိန် ကာလ ကတည်းက စလို့ နှစ်ကူးပွဲတော် အတွက် နှစ်သစ်ကူး အလှဆင် ပစ္စည်းတွေဖြစ်တဲ့ အနီ ရဲရဲ တရုတ် မီးပုံး လုံးလုံးကြီးတွေ၊ ဆိတ်နှစ်ဖြစ်တဲ့ အတွက် ဆိတ်ရုပ်ပုံ ပါတဲ့ စတစ်ကာတွေ၊ ဆိတ်ရုပ်တွေ နဲ့ နှစ်ကူး ကို ကြိုဆို ဆင်နွှဲဖို့အသင့်ပြင်နေကြပါပြီ။





အရောင်နီနီ အမ်ပေါင်းအိတ်လေးတွေ နဲ့ အနီရောင် ကို အခြေခံပြီး ပုံစံ အမျိုးမျိုး ဒီဇိုင်း ထွင် ပုံဖော်ထားတဲ့ တရုတ်ရိုးရာနှစ်ကူး အလှဆင် ပစ္စည်းမျိုးစုံ၊ တရုတ် အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဗြောက်အိုး၊ မီးရှူး မီးပန်းတွေနဲ့ တရုတ် ရိုးရာ စားစရာ မုန့်အမျိုးမျိုး စတာတွေ ကို နိုင်ငံ အသီးသီးမှာ ရှိတဲ့ တရုတ်တန်း လို နေရာ မျိုးမှာ ပွဲဈေးကြီး သဖွယ် ရောင်းချနေတာကို တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်လည်း တရုတ်တန်း နဲ့ တရုတ် လူမျိုးတွေ အနေများတဲ့ ရပ်ကွက်၊ ဈေး၊ နေအိမ်၊ ဆိုင် အစ ရှိတဲ့ နေရာတွေမှာ နှစ်ကူးပွဲတော် ကို ကြိုဆို ဆင်နွှဲတဲ့ အနေ နဲ့ အနီရောင် မီးပုံးကြီးတွေကို အိမ်ရှေ့ ဆိုင်ရှေ့တွေ မှာ အလှဆင် ချိတ်ဆွဲထားတာကို တွေ့မြင်ရပါတယ်။ 

ဒါ့အပြင် တရုတ်နှစ်သစ်ကူး ပွဲတွေ မှာ မပါ မဖြစ်တဲ့ ဗုံသံ၊ လင်းကွင်းသံ ညံညံနဲ့ တရုတ်ရိုးရာ နဂါး အကတွေ ကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်ကြရဦးမှာပါ။




အခုဆိုရင် ရန်ကုန်မြို့ ရဲ့ တရုတ်တန်း ရှိရာ လမ်းမတော်၊ လသာမြို့နယ် တဝိုက်မှာ တရုတ်နှစ်ကူးပွဲတော် အကြိုနှစ်သစ်ကူး အလှဆင် ပစ္စည်းတွေနဲ့ တရုတ်ရိုးရာ မုန့်မျိုးစုံ ကို ဈေးရောင်းပွဲတော်ကြီး လို စည်ကား သိုက်မြိုက်စွာ ခင်းကျင်း ရောင်းချနေတာကို တွေ့မြင်နေရပါပြီ။ 

အရွယ်အစားစုံ တွေ့မြင်နေရ တဲ့ မီးပုံးနီတွေ ကိုတော့ တရုတ်လူမျိုးတွေ က လာဘ် လာဘပေါများအောင် လာဘ်ခေါ်ဆုတောင်းတဲ့ အနေနဲ့ ချိတ်ဆွဲကြတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နှစ်ကူးပွဲတော် ကာလတွင်းမှာ ဆိုရင် တရုတ် လူမျိုးတွေက ကိုယ်နေထိုင်ရာ ဝန်းကျင် ဒေသမှာရှိတဲ့ တရုတ် ဘုံကျောင်း၊ ဝတ်ပြု ဘုရားကျောင်းတွေမှာ သွားရောက် ဝတ်ပြုပူဇော်ဆုတောင်းလေ့ရှိကြတယ် လို့ သိရပါတယ်။

နှစ်သစ်ကူးနေ့မှာ ဆိုရင်လည်း မိသားစုဝင်၊ ဆွေမျိုး၊ မောင်နှမ၊ လုပ်ငန်းခွင် ထဲက လုပ်ဖော် ကိုင်ဖက် စတဲ့ ကိုယ့် ချစ်သူ၊ ခင်သူတွေ ကို အမ်ပေါင်းအိတ် နဲ့ မုန့်ဖိုးပေးလေ့ ရှိပါတယ်။ အဲဒီနေ့မှာ ဆိုရင် မိတ်ဆွေတွေ ၊ ဆွေမျိုး မိတ်သဟာတွေ၊ ဘိုးဘွား၊ မိသားစုဝင်တွေ နဲ့ အတူ တရုတ် ရိုးရာစားသောက်ဖွယ်ရာတွေ နဲ့ တရုတ် ရိုးရာ မုန့် အမျိုးမျိုး ကို ချက်ပြုတ် စားသောက်ပြီး နှစ်ကူး ကာလ ကို ကြိုဆိုလေ့ ရှိကြပါတယ်။




ဒီတပတ် မှာတော့ The Irrawaddy ရဲ့ ခေတ်ရေစီး ကဏ္ဍ ကနေ ရန်ကုန်မြို့ရဲ့ တရုတ်တန်းမှာ ရှိတဲ့ လမ်းမတော်၊ လသာမြို့နယ် တဝိုက် မြင်ကွင်းတွေ ကို မှတ်တမ်းတင် ဖော်ပြလိုက်တာပါ။


 
 


သီဟတိုး 
“အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၇ မှ ကူးယူဖော်ပြသည်”

    
From... http://www.searchmyanmar.com/link/frame/cid/47403


 

No comments:

Post a Comment