Wednesday, February 11, 2015

ဦးငွေ ၏ မေတ္တာ အရိပ်

 
ဦးငွေ မှာ ကွယ်လွန် သွားပြီဖြစ်သော်လည်း ၎င်း စိုက်ပျိုးခဲ့သော သစ်ပင် များက မန္တလေးမြို့ ကို အေးမြစေ လျက် ရှိသည်။ 
/ဓာတ်ပုံ - ညီညီဇော်


မန္တလေးတွင် တပို့တွဲ လပြည့်ကျော်လာ တာနဲ့ မနက်ခင်းနှင့် ညပိုင်းတွေမှာ အေးနေ ဆဲဖြစ်ပေ မယ့် နေ့ လယ် ပိုင်းတွင် အနည်းငယ် ပူချင်ချင်ဖြစ်လာသည်။ မကြာမီ တပေါင်း၊ တန်ခူးရောက်ပြီး ပူပေဦးမည်။ 

သို့သော် ဘယ်လောက်ပင် ပူသော်ငြား မြို့တွင်း လမ်းတစ်လျှောက်က အရိပ် အာဝါသကောင်းမွန် လှသည့် သစ်ပင်အိုကြီးများ ရဲ့ အရိပ်အောက် ခေတ္တ ၀င်ခိုလိုက်မည် ဆိုလျှင်တော့ အပူ ဒဏ်တွေ ခဏတာ သက်သာ သွားစေနိုင်ပါသည်။  

အရိပ်အာဝါသ ကောင်းမွန် လှသည့် သစ်ပင် များကို တစ်ချိန် က ရည်ရွယ်ချက် ရှိရှိ စိုက်သွား ခဲ့သည့် တစ်ကိုယ်တော် ပရဟိတ သမားကြီး တစ်ယောက် မန္တလေးမြို့တွင် ရှိခဲ့ဖူးပါသည်။ ထိုသူ က အခြားမဟုတ်။ မန္တလေးမြို့တွင် သစ်ပင် များကို ဆိုက်ကား တစ်စီးဖြင့် လှည့်လည် စိုက်ပျိုးခဲ့သူ ဆိုက်ကား သမားကြီး ဦးငွေ ပင် ဖြစ်ပါသည်။

ဦးငွေ သည် မန္တလေးမြို့ တွင် မွေးဖွားသူ တစ်ယောက် မဟုတ်ပါ။ မြင်းခြံ ခရိုင် ငါန်းဇွန်မြို့သား တစ်ယောက် ဖြစ် သည်။ မြို့ကလေး ကနေ တစ်ဝမ်း တစ်ခါး အတွက် မန္တလေးမြို့ပေါ် တက်ကာ အလုပ်လုပ်ခဲ့ သည်။ ဖြစ် ချင်တော့ ဦးငွေ မန္တလေးရောက်ပြီး မကြာမီ ၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာ စစ်မီးကြီးက မန္တလေးမြို့ကို မီးဟုန်း ဟုန်းတောက်စေခဲ့သည်။ မြို့ပေါ်မှာ အခြေအနေ မကောင်းတော့ ဇာတိ ငါန်းဇွန်မြို့ကလေးဆီ ဦးငွေ ပြန်ပြေး ရသည်။


 
စစ်ဘေး စစ်ဒဏ် ငြိမ်သက် သွားတော့ ဦးငွေ မန္တလေးမြို့ပေါ် ပြန်တက် သည်။ သို့သော် ဦးငွေ မြို့ပေါ်ပြန်ရောက် ချိန်မှာတော့ မန္တလေး က အရင် မန္တလေး မဟုတ်တော့။ အရှေ့မှာ ရှမ်းရိုး မတောင် တန်းကြီး က ငေါငေါကြီးပေါ်နေသည်။ 

အနောက် ကို ပြန်လှည့် လိုက်ပြန်တော့ စစ်ကိုင်း မင်းဝံတောင်တစ်ရိုး က ငေါင်စင်းစင်းကြီး မြင်နေ ရပြန် သည်။ အိုးအိမ် တိုက်တာတွေ လည်း မီးလောင်ပြာကျ သွားခဲ့ပြီ။ မန္တလေးသည် လွင်တီးခေါင် တစ်မျှ ဖြစ် သွားခဲ့ရပါပြီ။

မြို့ အပြန်မှာ မိန်းမ ရလာခဲ့သည့် ဦးငွေ တစ်ယောက် မိန်းမ နဲ့ ကလေးတွေ အတွက် ဆိုက်ကားနင်းရင်း မြို့ ပတ် ရသည်။ အဲသလို မြို့ပတ်ရင်း ဦးငွေ တစ်ယောက် အပူဒဏ် ကို အပြင်းအထန် ခံစားရသည်။ မောလို့ ပန်းလို့ မှ ခိုနား စရာ နေရာ မရှိတဲ့ အခြေအနေတွေ မန္တလေးမြို့ပေါ်မှာ ကြုံတွေ့လာရသည်။  

ဒါကြောင့် လွင်တီးခေါင်ပြင် မန္တလေးမှာ သစ်ပင်တွေ စိုက်ချင်စိတ် တဖွားဖွားပေါ်လာ ခဲ့ရသည်။ ထို့နောက် မှာတော့ ဦးငွေ မြို့ အနှံ့လှည့်ကာ သစ်ပင် စိုက်ဖို့ စီစဉ်ပါတော့သည်။ သစ်ပင် စိုက်မည် ဆိုသော်လည်း ထို အချိန်က ယခု ကဲ့သို့ ပျိုးခြံ အရောင်းခြံတွေ ကောင်းကောင်းရှိသေးသည် မဟုတ်။ ရှိလည်း ဦးငွေလို အခြေခံ လူတန်းစား ဆိုက်ကား သမားတစ်ယောက် ၀ယ်ယူ စိုက်ပျိုးနိုင်မည်လည်း မဟုတ်။

 ဒါတွေကြောင့် ဦးငွေ သစ်ပင်တွေ ရှိတဲ့ဘက် လိုက်ကာ မျိုးစေ့တွေ ကိုယ်တိုင် လိုက်ကောက်သည်။ သူတို့နေ ထိုင်သည့် တောင်ကြယ်ခတ်ဝင်း ထဲက ရေတွင်းလေးနား မှာ သစ်ပင်လေးတွေ ကို ပျိုးယူ ခဲ့သည်။

မနက်လေး နာရီလောက် အိပ်ရာက ထသည်။ အသံ အကျယ်ကြီးဖြင့် ဘုရား ၀တ်ပြုပြီး ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် နဲ့ ၀င်းတံခါးစောင့်နတ်တွေက အစ မေတ္တာပို့သည်။ ပြီးနောက် သူ့ကိုယ်ပိုင် ဆိုက် ကားပေါ် ရေ ပုံးတွေတင်သည်။ တံမြက်စည်းတွေ၊ ဓားတွေ တင်သည်။ ပေါက်ပြား၊ တူရွင်းတွေ လည်း ပါသည်။

 ပြီးနောက် ပျိုးပင်လေးတွေ ကို ဆိုက်ကားပေါ် တင်ကာ မြို့အနှံ့ လှည့်ကာ သစ်ပင်စိုက်တော့သည်။
ဦးငွေ က စိုက်ပြီးသည့် သစ်ပင်ကို ၀ါးခြံလေး ခတ်ပေးသည်။ တိရစ္ဆာန်တွေ ဖျက်ဆီး မသွားနိုင်အောင် ဆူးကိုင်းလေးတွေ ကပ်ထားသည်။ ပြီးနောက် မြေအိုးလေးတွေ ကို သံမှိုသေးသေးဖြင့်ဖောက် ကာ ရေ အပြည့်ဖြည့်ပြီး သစ်ပင်ရေ ရအောင် စီမံခဲ့သည်။ 

စိုက်ပျိုးပြီး သစ်ပင်များကို လည်း နေ့စဉ် နီးစပ်ရာချောင်းနှင့် ရေတွင်း များဆီက ရေကို သယ်ယူ ကာ ရေ လိုက်လောင်းသည်။ ပါလာ သည့် တံမြက် စည်းဖြင့် လမ်းပေါ် က သစ်ရွက်တွေ လိုက်လံ လှည်းကျင်းသည်။ လမ်းပေါ်ရောက်လာ သည့် ကိုင်းဖျားကိုင်းနားတွေကို လည်း လမ်းသွား လမ်းလာကားတွေ နဲ့ လွတ်အောင် အမြဲခုတ်ပေးတတ်သည်။ 

သစ်ပင် အကိုင်းကြီး မျိုးဆို ခုတ်ပြီး အလကား လွှင့်မပစ်တတ်။ သစ်ပင်အောက်တွင် လမ်းသွား လမ်းလာများ ထိုင်ရအောင် ခုံတန်းလေးတွေ လုပ်ပေးထားပြန်သည်။ ဒါတင်ပဲလားမကသေး။ သူစိုက် ထားတဲ့ သစ် ပင်အောက် မှာ သူရိုက်ပေးတဲ့ ခုံပေါ်ထိုင် ရင်း အမောပြေသောက်ရန် အတွက် ရေအိုးစင်လေးများလည်း တည်ပေးထားတတ်ပြန်ပါသေးသည်။
 
ဦးငွေ က သူတင် သစ်ပင်စိုက်ရုံ နဲ့ အားမရ။ သူမွေး ထားသည့် သားသမီးခုနစ်ယောက် ကိုလည်း သူ့လို သစ်ပင် စိုက်ဖြစ်အောင် ၀ါသနာ မျိုးစေ့တွေ ချပေးသည်။ သားသမီးတစ်ယောက်ယောက် ၏ မွေးနေ့မျိုး ဆို ဦးငွေ က သစ်ပင်လေး တစ်ပင် လိုက်စိုက်ပေးကာ မွေးနေ့ လက်ဆောင် ပေးတတ်သည်။ 

အဲဒီလိုနေ့မျိုး ဆို ရှိတဲ့ သားသမီး အကုန် ဆိုက်ကားပေါ်တင်သည်။ ရှေ့ကဘောင်တန်းပေါ် မှာ တစ်ယောက် ၊ နောက်က ကယ်ရီယာပေါ်မှာ တစ်ယောက်၊ ဘေးက ဆိုက်ကားပေါ် သစ်ပင်စိုက် ပစ္စည်းတွေကြား နှစ်ယောက် ၊ သုံးယောက် ပြုံတင်ကာ လူပဒေသာ ပင်ဖြင့် သစ်ပင်စိုက် ထွက်သည်။ 

ဆိုက်ကားနဲ့ မဆံ့တော့ တဲ့ ကလေးတွေ ကျတော့ စက်ဘီးလေးတွေ စီးကာ လိုက်ခိုင်းသည်။ ကလေးတွေက သစ်ပင်စိုက် ဖို့ မြေကျင်း တူးပေးရတာမျိုး၊ ရေဆွဲပေးရတာ မျိုး ကူညီစေခဲ့သည်။ နောက်ပြီး သစ်ပင်သစ်ကိုင်း ချိုင်မည် ဆိုလျှင် လမ်းသွားလမ်းလာ များ ထိခိုက်မှု မရှိစေဖို့ ၀ါးလုံး တစ်လုံးပေါ် ပုဆိုးတစ်ထည် ချည်နှောင် ကာ သားသမီးတွေကို ကိုင်ဆောင် ထားခိုင်းခဲ့သည်ဟု ဦးငွေ သားသမီးများက ဆိုပါသည်။

ဦးငွေ က သားသမီး တင်လား ဆိုတော့မဟုတ်။ ဦးငွေ သားသမီးခုနစ်ယောက် ရှိသည့် အနက် အိမ်ထောင် ကျပြီး သားသမီးများ ၏ သမက်များ၊ ချွေးမများ ကိုလည်း သားသမီးများ ကဲ့သို့ပင် မွေးနေ့မွေးရက် များ၌ သစ် ပင်လေးတွေ စိုက်ပေးတတ်ပြန်ပါသေးသည်။ 

သစ်ပင်များစွာ ပျိုးနေရသည်မို့ သစ်ပင်ပျိုးလို့ ရသည့် အိုး အကွဲလေးတွေ ဘူးခွံ အဟောင်းလေးတွေ ဆိုလျှင် သားသမီးများရော သား၊ သမက်၊ ချွေးမ များကိုပါ အချိန်မရွေး နေရာမရွေး သွားကောက် ခိုင်းတတ်သည်။ ငယ်တဲ့ ကလေးတွေ ကတော့ အိုးစုတ် ခွက်စုတ်တွေ လိုက်ကောက် ရတာ ရှက်တော့ ဦးငွေက တစ်ခွန်းပဲပြောသည်။

 ‘‘ကုသိုလ်တွေ ရတာ။ ခိုး စားတာမဟုတ်ဘူး’’ တဲ့။

ဦးငွေက ၈၄ လမ်း မီးပွိုင့်နားလောက်ကနေ ဟိုး အနောက်ဘက် ဂေါဝိန် နဲ့ သင်္ဘောကျင်းတွေ ဘက်ထိ သစ်ပင်တွေ စိုက်သည်။ အဲသည်နေရာတွင် သာမက ဘုရားကြီးနား၊ အမှတ်(၆)ကားဂိတ်၊ ကျုံးတောင် ဘက် တစ်လျှောက်၊ ရွှေကျီးမြင်ဘုရား၊ ပေါက်မြိုင်၊ ဖာသာလဖုန်းကျောင်း အစရှိသည့် နေရာတွင်မှာလည်း သစ်ပင်တွေ စိုက်ခဲ့ပါသည်။ 

ဦးငွေ က အရိပ်အာဝါသကောင်းမွန်စေမည့် သစ်ပင်တွေ  ဦးစားပေးစိုက်သည်။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေ ဖြစ်သည်။ ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် အစရှိသည့် အမျိုးအစားစုံ သစ်ပင်တွေလည်း စိုက်ခဲ့ပါသည်။
 
ဦးငွေ က သူစိုက် ခဲ့တဲ့ သစ်ပင်လေးတွေ နည်းနည်းကြီးလာ၊ မာလာပြီ ဆိုလျှင် သံပြား ကလေးပေါ် သဘောင်္ဆေးဖြင့် အပင် နံပါတ်မှတ်၊ စာအချို့ရေးထိုး ကာ အမှတ်သညာပြု လိုက် တပ်တတ်သည်။ ထို သံပြားလေးပေါ်တွင် အပင်နံပါတ်နှင့် အတူ ‘‘လူထုကြီး အရိပ်ခိုဖို့ စိုက်ထားသော သစ်ပင်ပေါင်း(……) ဦးငွေကောင်းမှု၊ နတ်လူ သာဓုခေါ်စေသော်၊ သာဓု၊ သာဓု၊ သာဓု’’ ဟူ၍ဖြစ်သည်။

 ဦးငွေသည် သစ်ပင် ၅၀၀ အား သံပြား ရိုက်နိုင် ခဲ့ပြီး စိုက်ပျိုးခဲ့သော သစ်ပင်ပေါင်းမှာ တစ်ထောင်ခန့် ရှိခဲ့ သည်ဟု ဦးငွေ၏ သားသမီးများကပြောသည်။

ဦးငွေ သစ်ပင်စိုက်သည် ကို သိသူ တချို့က ဦးငွေကို ငွေစကြေးစ အနည်းငယ်ပေးပြီ ဆိုလျှင် ဦးငွေက သစ်ပင် စိုက်ရာတွင် အသုံးပြုမည့် အကြောင်း ပြန်ပြောတတ်သည်။ တကယ်လည်း ဦးငွေက ပေးသွား သည့် ငွေကြေး ကို အိမ်စား အိုးထဲ မထည့်တတ်။ သစ်ပင် စိုက်ဖို့ လိုအပ်တဲ့ ရေအိုး၊ ရေပုံး၊ ပျိုးအိုးလေးတွေ ၀ယ်ခဲ့ပါသည်။

အဲသလို သစ်ပင်တွေ စိုက်၊ ပရဟိတတွေ လုပ်ခဲ့သည့် ဦးငွေ တစ်ယောက် သူ့သစ်ပင်တွေ အတွက် စိတ် ထိခိုက်ခဲ့ ရသည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။ မြို့လမ်းချဲ့ ဖို့အတွက် အတော်အတန်ကြီးနေပြီဖြစ်သည့် သစ် ပင်တွေ ခုတ်သွားသည့် အခါမျိုးဖြစ်သည်။ 

သို့သော် အများကောင်းဖို့ အတွက်ဆိုတော့ ဘာမျှ မတတ်နိုင်သည်မို့ ဦးငွေ စိတ်သာ မကောင်းပေမယ့် သစ်ပင် အစိုက်တော့မပျက်။ အသက်(၇၀)ကျော်သည် အထိ သစ်ပင်တွေ သူ့ကိုယ်ပိုင် ဆိုက်ကားဖြင့် လိုက်လံ စိုက်နေခဲ့တုန်း ဖြစ်သည်ဟု ဦးငွေ သားသမီးများက ဆိုသည်။

ဦးငွေက မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်သိန်းငွေနှင့် သားသမီးများ၊ သမက်နှင့် ချွေးမ များကိုခေါ်ကာ သူ ကွယ် လွန်လျှင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်သို့ လှူချင်သည့် အကြောင်း ခွင့်တောင်း လာခဲ့သည်။ မိသားစုက သူ့ ဆန္ဒအတိုင်း အလွယ်တကူ ခွင့်ပြုရုံ သာမက ဇနီးဖြစ်သူ ဒေါ်သိန်းငွေကပင် ဦးငွေနှင့် အတူ ဆေးတက္ကသိုလ် သို့ ခန္ဓာကိုယ်လှူဒါန်း ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ဦးငွေတို့ လင်မယား ဘုန်းကြီး ငါးပါးပင့်ကာ သရဏံဂုံ တင်ပြီး ခန္ဓာကိုယ် လှူဒါန်းခဲ့ပါတော့သည်။



 


မန္တလေးမြို့တွင် သစ်ပင်ပေါင်း ထောင်ချီ စိုက်ခဲ့ဖူးသည့် ဦးငွေ ကတော့ ၁၉၉၀ ပြည့်နှစ်တွင် အသက်(၇၆)နှစ် အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။

ဦးငွေက ၁၂၇၆ ခု ဖွားမို့ ယခုနှစ်တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီ ဖြစ်သည်။ ဦးငွေ ကွယ်လွန် သွားပေမယ့် ဦးငွေ အမှတ်တရ သစ်ပင် စိုက်ပျိုးပွဲတွေကို နှစ်စဉ် ဦးငွေမွေးနေ့ရောက်တိုင်း ဦးငွေ ကဲ့သို့ပင် စက်တပ်ယာဉ် မသုံးဘဲ ဆိုက်ကားတွေ ကိုယ်စီဖြင့် သစ်ပင် စိုက်ပွဲတွေ ကျင်းပလာသည်မှာ လေးကြိမ် တိုင်ခဲ့ပြီဖြစ်သည်။

ကွယ်လွန် သွားပြီဖြစ်သည့် မန္တလေး က သတင်းစာဆရာ၊ စာရေးဆရာ မကြီး အမေလူထု ဒေါ်အမာ ကတော့ ဦးငွေ ကို ‘‘လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး’’ ဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုခဲ့ဖူးပြီး အဆို ပါဆောင်းပါး ပါသည့် မန္တလေးသူ မန္တလေးများ စာအုပ် အမှာတွင် ဤသို့ မှတ်ချက်ပြုခဲ့ဖူးသည်။

‘‘အလှူ  ဆိုတာ ငွေကြေးဓန ရှိကြမှ လုပ်နိုင်တယ် လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကား သမားကြီး ဦးငွေ ကတော့ ငွေကြေး မရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတွေ ရှိပါတယ်။ ဒါကြောင့် သူက ပူအိုက် တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ် အာဝါသတွေပေးမယ့် သစ်ပင်တွေကို စိုက်ပြီး လှူခဲ့တယ်။ 

တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တ၀ါ အပေါင်း ဆင်းရဲကြောင်းတဲ့။ ဟစ်တလာ တို့ ဘုန်းမီးနေလ ထွန်း ပတော့ ဥရောပ တစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေ  ဒုက္ခရောက်ခဲ့ရတယ်။ 

လူ့လောက ဆိုတာ ဒီလို ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင် ရင် ပေါ်ပေါက် လာတာပဲ။ ဦးငွေလို ဘယ်လောက် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက် ခွန်အား မဲ့မဲ့ မေတ္တာစေတနာကောင်းမွန်ဖြူစင် ရင် လူတွေ အများကြီးကို ချမ်းသာ သုခ ရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလို သူတော်စင်ကြီး အကြောင်းကို လည်း ရေးသားမော်ကွန်း တင်ခဲ့တာပါ’’ ဟု ပြောကြား ခဲ့ပါသည်။


မန္တလေး မှာတော့ နွေက တစ်စတစ်စ ပူပြင်းလို့ လာပါပြီ။ ဦးငွေ မရှိတော့ပေမယ့် ဦးငွေ စိုက်ထားသည့် သစ်ပင်တွေ ကတော့ မန္တလေးမြို့ ကို အရိပ်အာဝါသကောင်းစွာပေးကာ အေးမြနေဆဲ။



 ညီညီဇော်
From...  http://www.searchmyanmar.com/link/frame/cid/47142


No comments:

Post a Comment