Saturday, February 28, 2015

ပညာရေး လှိုင်းထန် ထစေ

  






National Network for Education Reform (NNER)နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှား မှု ဦးဆောင် ကော်မတီ တို့ မှ ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်း တို့ လက်မှတ်ရေးထိုး တင်သွင်း ထားသည့် အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ရှုထောင့် အမျိုးမျိုး မှ သုံးသပ်ရေးသား သည့် ဆောင်းပါးများ အနက် သတင်းနှင့် စာနယ်ဇင်း လုပ် ငန်း ၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော ဆောင်းပါးများ ကို ရွေး ချယ်ဖော်ပြ ပေးသွားမည်ဖြစ် ပါသည်။

 ဆောင်းပါး တွင် ဖော်ပြ ထားသည့် သုံးသပ်ချက် များ သည် ဆောင်းပါး ရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက် များ သာဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ၏ အယူ အဆ မဟုတ်ပါ။ အမျိုးသား ပညာရေး ဥပဒေကို စိတ် ဝင်စားသူများအနေဖြင့် လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့် ကိုက်ညီ ပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် လှိုင်း သုံးလှိုင်းဖြင့် နိုင်ငံကို ကြိုးစားပြောင်းကြည့် သည်။ ပြည် တွင်းပြည် ပက ထောက်ခံမှု တချို့ရသော်လည်း ပြည်သူ အများစု လိုအင်ကား ကြီးနေဆဲဖြစ်သည်။ နှစ်ပေါင်း များစွာ က အပျက်အစီး၊ အကျ အပေါက် များကို ငါးနှစ် နှင့်လုပ်မရ ပြင်မရသည် ကတော့ သေချာသည်။ 

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ အတွင်း အမျိုးသားပညာရေး ဥပဒေ အကြောင်းပြု ကျောင်းသား သပိတ်သည် ကြီး ထွား ခဲ့ သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ အတွက် ခံတုံး တစ်တုံး ဖြစ်လာ သည်။ ကျောင်းသား သပိတ်များ ၏ အစ တိုင်း ပြည် ၏ ပညာရေးမှာ နှစ်ပေါင်းများစွာကြာ ကတည်းက ကောင်းစေရန် ကြိုးစားရင်း၊ စမ်းသပ် ရင်း ၊ ပြင်ဆင်ရင်း နှင့် ပင် ကျဆုံး ခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အမျိုးသား ပညာရေးဥပဒေ ကို အတည်ပြုခဲ့သည်။


 
၂ဝ၁၄ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၄၁ (၃ဝ-၉-၂ဝ၁၄)ဖြင့် ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။ တက္က သိုလ်ကျောင်းသား များ လို လားသည့် ဥပဒေမျိုး မဟုတ်သဖြင့် ကျောင်းသား များက ပြင်ဆင်ပေးရန် ပြော သည်။ နောက်တော့ သပိတ်မှောက် သည်။

 ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် ပြဋ္ဌာန်း လိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရေး အတွက် ညှိနှိုင်း ပါရန် အစိုးရကို ရက်ပေါင်း ၆ဝ အချိန်ပေးသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ သည် တုတ် တုတ် မျှ မလှုပ် ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် နိုင်ငံလုံး ချီ ကျောင်းသား သပိတ်ကို မန္တလေး မှ ရန်ကုန် သို့ လမ်းလျှောက် ချီတက်ခြင်းဖြင့် စတင်လိုက်သည်။ 

မန္တလေး တာထွက် သပိတ်သည် လမ်းမှ မြို့ရွာ များ သို့ ဝင်သည်၊ တရားဟောသည်။ အစိုးရ ဘက်က တား သည်၊ ဆီးသည်၊ သတိပေးသည်။ သို့တိုင်ကား ကျောင်း သားများက ရှေ့သို့ ဆက်လက်ချီတက်ကြ သည် ။ ကျောင်းသားများ ကို မိဘပြည်သူများ က ထောက်ခံ ကြသည်။ အစိုးရနှင့် နီးသူများက ကျောင်းသားများကို တားဆီး သလို သတိပေးကြသည်။ သပိတ် ကို ဆက် မသွားကြ ပါရန် ဆိုင်ရာမြို့ အလိုက် တားဆီးနိုင်ပါရန် ကြိုးစားကြည့်ကြသည်။ 

အစိုးရလျှော့ လိုက်ပြီ။ သမ္မတ ဦးသိန်းစိန် အစိုးရသည် ၂ဝ၁ဝ အထွေထွေရွေးကောက် ပွဲမှ လာသော အစိုးရဖြစ် သည်။ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဟု ပြည်တွင်းပြည်ပ အကဲခတ် များက သုံးသပ်ကြသော် လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ် မှ ပေါ်ပေါက် ခဲ့သော အစိုးရကား သေချာသည်။ 

“ရက် ပေါင်း ၆ဝ ကို နည်း လမ်းဟောင်းဖြင့် စဉ်းစားရင်း လျစ်လျူ    ရှုခဲ့သော သမ္မတ ဦးသိန်းစိန် အစိုးရသည် ရန်ကုန် ဝင်လာမည့် သပိတ် စစ်ကြောင်းများ အရေးကို သေသေချာချာ တွက်စစ်ပုံရသည်။ စေ့စပ်ညှိနှိုင်းရေး စကားပြောသည်၊ စကားပြောသလို ညှိနှိုင်းရေးကိုလည်း လက်တွေ့လုပ်သည်။

ဇန်နဝါရီလ ၂၈ ရက် တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် သပိတ်မှောက် ကျောင်းသားခေါင်း ဆောင် များ ဆွေးနွေးကြပြီး အမျိုးသား ပညာရေး ဥပဒေကို အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်(NNER) နှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဖေဖော်ဝါရီလ ၁ ရက် တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြ သည်။

 လေးပွင့်ဆိုင် များ အလျှော့ အတင်းနှင့်သွားရင်း နောက်ဆုံး တွင် ကျောင်းသားများ လိုလားချက် ကို အစိုးရ သည် လိုက်လျော ခဲ့သည်။ အစိုးရက တစ်ခုသာ အရေး ဆိုသည်။ ကျောင်းသား စစ်ကြောင်းများ ရန်ကုန်ကို မဝင် နှင့်။ ကျောင်းသားများ ကား အစိုးရကို မယုံကြည်ပုံ ရသည်၊ 

ထို့ကြောင့် ထုံ့ပိုင်း ထုံ့ပိုင်းနှင့် ဆက်လက် ချီတက်ပြီးမှ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေ မူကြမ်း ထွက်ပြီး ချိန်တွင် သပိတ် ကို ဖေဖော်ဝါရီလ ၂၈ ရက် အထိ (လက်ရှိ) ရပ်ထားမည်ဟု ဆိုခဲ့သည်။

ဥပဒေမူကြမ်း အပေါ် သဘောထား
ဒီမိုကရေစီ သို့ သွားနေသည့်ခေတ် တွင် ကျောင်းသား များက ဒီမိုကရေစီ ပညာရေးကို တောင်းသည်။ ဒီမိုကရေစီ ပညာရေး မှာ သီးခြား ပညာရေး တစ်ခုလား ဟု မိတ်ဆွေ တစ်ဦးက ကျွန်တော့်ကို မေးဖူးသည်။ ဒီမိုကရေစီ ပညာရေး မှာ ဒီမိုကရေစီ သဘော သဘာဝ အတိုင်း လွတ်လပ်မှု ကို အခြေ တည်ထားသော ပညာရေး ကို ဆိုလိုကြောင်း ကျွန်တော်ရှင်းရဖူးသည်။ 

အစိုးရသတင်းစာ များတွင် ပညာရေးမူကြမ်း ကို ထည့်သော အခါ ဖတ်သူ များက ဝေဖန်ကြသည်။ ကြိုက် သူ လည်းရှိသည်၊ မကြိုက် သူ လည်းရှိသည်။ ကောင်းလှချည် လားဟု ပြောသူများ ရှိသလို လွန်လွန်းလှ ချည် လား ဟု ဝေဖန်သူ လည်းရှိသည်။ 

အစိုးရ သတင်းစာ က ဖိတ်ခေါ်ထား သဖြင့် လက်သံပြောင် သူတို့က အမျိုးသားပညာရေး ဥပဒေ ကို ပြင် ဆင် သည့် ဥပဒေကြမ်း မှ အစ အန များကို အပ်နဲ့ ဆွသည်၊ အထ အနကောက်ကြ သည်။ ဟိုလိုဆို လျှင် မခက် လား၊ သည်လို ဆိုလျှင် လွယ်ပါ့ လားဟု ဆိုကြသည်။

 နှစ်ပေါင်း များစွာ အချုပ် အကိုင်နှင့် နေထိုင် လာကြ သဖြင့် တက္ကသိုလ်ကျောင်း သား များက လွတ်လွတ် လပ်လပ် တောင်းဆို လိုက်သည့် အခါ လွတ်လပ် လှချည် လား၊ ကောင်းပါ့ မလားဟု ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ အပါအဝင် အစိုးရ က စိတ်ပူပန်သည်။ 

တစ်ဖက် တွင်လည်း စစ်အုပ်ချုပ်ပုံခေတ် မဟုတ်သဖြင့် ကျောင်းသား တွေကို သတိနှင့် ဆက်ဆံပုံ ရသည်။ အစိုးရ သက်တမ်းမှာ တစ်နှစ်သာ ကျန်တော့ပေရာ အထွက်ကောင်းဖို့ အရေး ကလည်း ကြီးနေပါသည်။ ဤ သို့ဖြင့် အစိုးရ သည် သတင်းစာ မှ တစ်ဆင့် ဥပဒေ မူကြမ်း အပြစ် အနာအဆာ တို့ကို ပြည်သူ အများ စာဖတ် သူအား ကြည့်စေရှုစေခြင်း ဖြစ်သည်။

ပညာရေး လှိုင်းထန် ပါစေ သမ္မတ ဦးသိန်းစိန် အစိုးရ က လှိုင်း ဆိုသော စကားလုံး ကို ကြိုက်သည် ဟု ယူဆ မိသဖြင့် ကျွန်တော် လည်း အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ် စခန်းဖြင့် အရ လှမ်းနေခြင်းကို ပညာရေး လှိုင်း ထန်ခြင်း ဟု ဆိုချင်သည်။ 

လှိုင်း သဘာဝ က အားကြီး သည်၊ တစ်ဖက် တွင် အန္တရာယ်လည်း ရှိသည်။ ကောင်း သည့် ဘက်ကမ်း သို့ ရိုက် တင်နိုင် သလို ဆိုးသည့်ချောက်ထဲ သို့ လည်း ဆွဲခေါ်ချသွားနိုင်သည်။ မည်သို့ဖြစ်စေ ပညာရေး လှိုင်း တံပိုး ကိုတော့ အရှိန် အဟုန်ဖြင့် သည်တစ်ကြိမ် သွားစေချင်သည်။

တက္ကသိုလ်ကျောင်းသား များနှင့် ကျောင်းသား သပိတ် ခေါင်းဆောင် များ၏ စေတနာ မှာ မြန်မာ့ ပညာရေး ကို ကောင်းစေ ချင်သည်။ ဗဟို အချုပ်အကိုင် များသည်ကို မကြိုက်၊ နှစ်ပေါင်းများစွာ က အတွေးအခေါ်များ အတိုင်း မပြင် မပြောင်း သည် ကိုလည်း မနှစ်သက်၊ လွတ်လပ်သည့် ခေတ် တစ်ခေတ် ကို သွားလိုက် ချင်သည့် ဆန္ဒ ၄င်း တို့တွင် ရှိသည်။ 

ပညာရေး လှိုင်းကြီးကြီး တစ်ချီတော့ စီးကြည့် ချင်ကြခြင်းဖြစ်သည်။ ဥပဒေကြမ်း တွင် လွတ်လပ်စွာ ပညာ သင်ကြားခွင့် (ဘာသာရပ်နှင့် ကျောင်းရွေးချယ်ခွင့်) ကိုတောင်းသည်။ ဤ သို့ တောင်း ဆိုခြင်းမှာ မမှားပါ၊ သို့သော် မြန်မာ့ ပညာရေးနှင့် ကိုက်ညီ ရန် ခပ်ကြမ်းကြမ်း တစ်ကွေ့ ကိုဖြင့် ဖြတ်ကျော် ကြရမည်ဖြစ်သည်။ 

မူလ ဥပဒေ က အခမဲ့ မသင်မနေရ ကို မူလတန်းက စပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး ဟု ဆိုသည် ကို ပြင်ဆင် သည့် မူကြမ်း တွင် အခမဲ့ မသင် မနေရ အလယ်တန်း ပညာရေး ကို ဆောင်ရွက်မည် (ပုဒ်မ ၁၇) ဟု တိတိ ကျကျ ပြောသည် မှာကောင်းသည်။

အစိုးရ သတင်းစာ တွင် ဆောင်းပါးရှင် တချို့ လိုရာ ဆွဲကောက်ယူ သုံးသပ်ကြ သလို ဘာသာခြားကျောင်း များ ပေါ်ပေါက်လာမည့် အရေးမှာလည်း ဥပဒေမူကြမ်း ပုဒ်မ ၄ (ဍ) တွင် ရှင်းရှင်း လင်းလင်း ထည့်သွင်းထား သည် ကို တွေ့ရသည်။

 ''ပညာရေး သည် ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း တို့၏ လွှမ်းမိုးမှု မှ ကင်းလွတ်ရမည်။ လွတ် လပ်စွာ ကိုးကွယ်ခွင့်၊ နိုင်ငံရေး ယုံကြည် ခွင့်နှင့် လူ့ ဂုဏ်သိက္ခာ ကို တန်ဖိုးထားမည်'' ဟု ရေးထား သည်။

အပြစ်အနာအဆာ ဆို ပြင်ပါ၊ ဥပဒေ ကို ရာခိုင်နှုန်းပြည့်ကောင်းအောင် ပြင် ဆင်ကြိုးစား ရေး ထားသော် လည်း အပြစ် အနာအဆာ ပါနိုင်ကောင်း သည်။ ပိုကောင်းအောင် ဝိုင်းဝန်းပြင်ကြရုံသာ ရှိသည်။ အစိုး ရပြင်ပြင် ၊ လွှတ်တော်ပြင်ပြင်၊ NNER ပြင်ပြင်၊ ကျောင်းသားပြင်ပြင် ကောင်းအောင်ပြင်ဖို့ လိုရင်း ဖြစ်သည်။

ယခုတော့ လေးပွင့်ဆိုင် သဘော တူညီချက် ဖြင့် ပြင်ထား သဖြင့် အားရ လှသည်။ အထူး အားဖြင့် တိုင်းပြည်ကောင်းမည့် ပညာရေးကောင်းစေသည့် လုပ်ရပ်မျိုး ကို ပြည်သူ များက ကြိုဆိုကြမည်ချည်း ဖြစ် သည်။ 

သမ္မတ ဦးသိန်းစိန် အစိုးရ သည် လက်ကျန် သက်တမ်း အတွင်း လုပ်စရာတွေ က များလွန်းလှသည်။ ငြိမ်းချမ်းရေး စခန်း လှမ်းနေဆဲ၊ ၂ဝဝ၈ အခြေခံ ဥပဒေပြင်ဆင်ရေး အကွေ့ ဝေ့နေဆဲ၊ နိုင်ငံ့ စီးပွားရေး အရွေ့ရွှေ့နေဆဲ စသည်ဖြင့် ''ဆဲ'' အခြေအနေ များတွင် ထပ်ပိုး တက်နေ သည့် ပြဿ  နာများ ကလည်း နေ့ စဉ်နှင့် အမျှ ရှိနေသေး သည်။ 

သို့မို့ကြောင့် ကျောင်းသား များနှင့် အစိုးရကြား ပြေလည် သွားလျှင် သမိုင်းကြောင်းကောင်းသွားနိုင် သည်။ အရှေ့ က အဆက် ဆက်သော အစိုးရ များသည် ကျောင်းသားများ ကို ဖိနှိပ် ခဲ့သည်ချည်း သာဖြစ် သည်။ ကျောင်းသားများ သည် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် တိုင်းပြည် အတွက်၊ အနာဂတ် အတွက် လုပ်ဆောင်နေကြ ခြင်းဖြစ်သည်။ 

ငယ်သူများ က ဦးဆောင် လုပ်ကိုင်နေကြ သဖြင့် အမှားအယွင်း ရှိနိုင်ကောင်းသည်။ အမှားရှိက အမှန်ရှိရာ သည်။ တိုင်းနိုင်ငံနှင့် ရပ်ရွာ လူထုကောင်းဖို့ ပြင်စရာ ရှိလျှင် ပြင်ရ မည်သာဖြစ်သည်။ ကျောင်းသား သပိတ် သည် လုံးလုံးပြီးသေးသည် မဟုတ်ပါ၊ ခေတ္တ ရပ်ရင်း အခြေ အနေစောင့်ကြည့်နေဆဲသာဖြစ်သည်။

ဥပဒေကြမ်း ပါ စိုးရိမ်စရာ များ ရှိက လေးပွင့်ဆိုင် ခြင်းဖြင့် လည်းကောင်း၊ လွှတ်တော်တွင်း တွင် လည်း ကောင်း ရှင်းနိုင်ကောင်း သည်။ တိုင်းပြည်ကောင်း ဖို့ ဆောင်ရွက် သူတိုင်းက တိုင်းပြည်နှင့် လူထုကို မျက်နှာ မူလိုက် က အပြစ် အားလုံးသည် ကင်းစင်ပျောက်မည်သာ ဖြစ်သည်။

 ပညာရေး လှိုင်းတံပိုး တို့ မြိုင်ဆိုင် ထပါစေ၊ တိုင်းပြည်ကောင်းစေဖို့ စေတနာပဲ့ ထိန်းဖြင့် ဥာဏ်ပညာ လှေ ကိုလှော် ခတ်ရင်း လေး ဖက်လေးတန် က အပြစ် အနာအဆာများနှင့် အခက်အခဲအားလုံးကို ကျော်ဖြတ်ဖို့ အချိန်တန်ပါကြောင်း ပြောလိုသည်။

(ပြည်တွင်းပြည်ပ သတင်းဌာန များတွင် ၁၅ နှစ် ကျော် လုပ်သက်ရှိ သူ သတင်း မီဒီယာ သမား မျိုးသာထက် သည် ယခုအခါ   DVB ..    DEBATE ရုပ်သံ အစီအစဉ် တွင် တင်ဆက်သူဖြစ်သည်)

 မျိုးသာထက်
From   ...   MOI Webportal Myanmar

No comments:

Post a Comment