Wednesday, March 4, 2015

နေ၇ာမှန်




(၁) 
၁၉၉၀ ပြည့်လွန် ကာလမှ နှစ်တစ်နှစ်ဖြစ်သည်။

 "မီးဗျိုး မီး မီး" အလန့်တကြားနှင့် အော်ဟစ်သံ များ သတိပေး သံများ မီးသတ်ကား သံများ စသည့် စသည့် အသံ များသည် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံပွက်လော ရိုက်နေသည်။ 

"မလွယ်ဘူး မလွယ်ဘူး

 အေးချို မီး က တို့ဘက်ကို အတော်ရောက် လာပြီ
 နောက်ဖေးလမ်းက ကိုလှမြင့် တို့အိမ်ကို ကူးနေပြီဟ"
 "ဟင် ဟုတ်လား"

 ပြတင်းပေါက်ကနေ ကြည့်ရင်း ဦးချိုအေး ပြောသော စကားကို ဒေါ်အေးချို တစ်ယောက် အလန့်တကြား တုန့်ပြန် လိုက်သည်။ တကယ်တော့ ကိုလှမြင့်တို့အိမ်နှင့် ဒေါ်အေးချိုတို့ နောက်ဖက် က အိမ်ဆို သုံးအိမ် တိတိ သာခြားတော့သည်။ 

"ပစ္စည်းတွေမြန်မြန် သိမ်းပါဟ" 
"သိမ်းနေတာ ပဲလေ ရှင်က ဘာလုပ်နေတာလဲ လာ ဝိုင်းသယ်ချေအုံး"
 "ဟ ငါက အလကားကြည့်နေတယ် ထင်လားကွ အခြေအနေကို ကြည့်ရသေးတယ် 
အငယ်မ အံဆွဲထဲ က လက်ဝတ် လက်စားတွေ ပိုက်ဆံတွေ နဲ့ စာရွက် စာတမ်းတွေ အရင်ထည့် နော် 

ထည့် ပြီးပြီလား" 
"ဟုတ်ကဲ့အဖေ အစောကတည်း က ထည့်ထားတယ် ကျောပိုးအိတ်ထဲမှာ ပါ" 

အငယ်မ ပုံ့ပုံ့ကို လှမ်းကြည့် လိုက်တော့ ပုံ့ပုံ့က ဖောင်းကားနေသော ကျောပိုးအိတ် တစ်လုံးကို လွယ် ထား သည်။ လက်ထဲ မှာလည်း အိတ်နှစ်လုံး ကို ဆွဲထားသည်။ 


"နင့်အိတ်ထဲက ဘာတွေတုန်း 
သမီးကြိုက်တဲ့ စာအုပ်တွေနဲ့ ကျောင်းစာအုပ်တွေပါ အမေ" 
မိခင်လုပ်သူ ဒေါ်အေးချို၏ အမေးကို ပုံ့ပုံ့ ဖြေလိုက်သည်။

 "အမလေးလေး ဘာများ အဖိုးတန် တာတွေလည်း လို့ မိပုံ့ရယ် ထားခဲ့စမ်း အဲ့ဒါတွေ 
ပန်ကာရယ် မီးပူရယ် ကို မ 
ဒါတွေက မှ ရောင်းလို့ ရတာ" 

အမေ့စကား ကို မပယ်ရှားဝံ့သဖြင့် ပုံ့ပုံ့ တစ်ယောက် စာအုပ် များကို ရေချိုးခန်း ထဲသို့ပစ်ထည့်ပြီး အမေ ပြောတာတွေကို ကောက်ယူလိုက်သည်။

 "အကြီးမ ဟိုဘက် က မ စမ်း"
 ခြင်ထောင် ကို ပက်လက် လှန်ပြီး ပစ္စည်းများရွေးချယ် ထည့်နေသော အမေ က အမ ကို ခိုင်းလိုက်သည်။ 

သားအမိနှစ်ယောက် "တစ် နှစ် သုံး" ဟုပြိုင်တူအော်ပြီး မလိုက်ပေမဲ့နှစ်ယောက် အိပ် ခြင်ထောင် ထုပ်ကြီး က တုတ်တုတ်ပင် မလှုပ် "

ကိုချိုအေး ရှင်ဘာလုပ်နေလဲ လာမလေ"
 "အေးအေး လာပြီ" ခြင်ထောင်ထုပ်ကြီး ကို သားအမိ သားအဖ သုံးယောက် ဆွဲရင်း မရင်း အိမ်ပြင် သို့ရောက်အောင် သယ်ထုတ် လာသည်။

 "သော့ခတ်ခဲ့ ပုံ့ပုံ့" အဖေ့ စကားကြောင့် ပုံ့ပုံ့ အိမ် ကို ကမန်း ကတမ်း သော့ခတ် လိုက်သည်။ 

လမ်းပေါ်တွင် လည်း လူများအားလုံး ပြေးကြ လွှားကြဖြင့် ယောက်ရက် ခတ်နေသည်။

 "တောက် အရေးထဲ ဆိုကွာ မင်း သား တစ်ကောင် ဘယ်ရောက်နေလဲ မသိဘူး" 
"မီး ကူသတ်နေတယ်လေ"
 "ဘာ အဲ့ဒီ လတ်ယား လတ်ယား လူငယ် အဖွဲ့ထဲ ဝင်ပြီး ကိုယ့် အိမ်ကိစ္စ ထက် သူများ အိမ် မီးလောင်တာ အရေးကြီးနေတယ် ဒီကောင်ကွာ အိမ်နဲ့ဒီလောက် ကပ်နေပြီ ကို ပြန်မလာဘူး" 

လူတွေ ကို တိုးရင်း ကျော်ဖြတ်ရင်းနှင့် လမ်းမကြီး တစ်ဖက်ရောက်သည် အထိ ဖြတ်ကူးကာ မီးလွတ်လောက်သောနေရာ တွင် ပစ္စည်းများကို ချပြီး ဦးချိုအေး က

 "နင်တို့ ညီအမ ဒီမှာစောင့်နေ သေသေ ချာချာ ကိုင်ပြီးစောင့်နော် မီးလောင်တယ် ဆိုရင် လုတဲ့ ယက်တဲ့ သူတွေ သိပ်ပေါ တယ် ကြားလား ပေး သော့"

 သော့ လှမ်းပေးရင်းဖြင့် အော အဲ့ဒါကြောင့် ဒီလောက် သုတ်သုတ်ပြာပြာနိုင်နေ တဲ့ အချိန် မှာ အိမ်တံခါးကို ပိတ်ခိုင်း တာကိုး လို့ပုံ့ပုံ့ တွေးမိလိုက်သည်။ 

"အော လူကြီးတွေ အသက်ကြီး သွားတာ အလကား မဟုတ်ပါလား အတွေ့အကြုံလည်း တိုးလာ တာ ကိုး" 

(၂) 
ပုံ့ပုံ့ နှင့် အကြီးမ တို့ ပိတ်ခြင်ထောင်ကြီး ကို တတ်နို င် သလောက် တစ်ယောက် တစ်ဖက် စုကိုင်ထား လိုက် သည်။ တောက်လျှောက် ဆွဲလိုက် မလိုက်နှင့် မို့ ခြင်ထောင်ကြီး ၏ တချို့ နေရာ များမှာ ပေါက်ပြဲနေပြီ ဖြစ်သည်။

 ဘေးဘီ ကို ကြည့်လိုက်တော့ အိမ်နီး နားချင်း များနှင့် ရပ်ကွက်သူ ရပ်ကွက်သား အတော်များ များမှာ ကိုယ် တို့လို ပင် လမ်းဘေး ပလက်ဖောင်းပေါ်ရောက်နေကြသည်။ 

အိမ်ထဲ မှာ အမြဲနေသည့် အမေကြီး ဒေါ်မြလည်း သူ့မြေးတွေနှင့် အတူ ကိုယ်တို့ နားမှာ ရောက်နေသည်။ ညီအမနှစ်ယောက် စလုံး မီးလောင်နေရာ သို့ကြည့်လိုက်သည်။ မီးတောက်များ ကို မမြင်ရတော့သော်လည်း မီးခိုးတွေ ကတော့ အလုံးလိုက် တက်နေသည်။

 လေတွေ က ဘယ်က ဘယ်လို ရောက်လာမှန်း မသိ တရကြမ်း တိုက်ခတ်နေပြီး ပြာမှုန့်များ မှာ လမ်းတစ် ဖက် ရှိ အိမ်များ သို့ပင် လွင့်စင်နေသည်။ မီးသတ်ကားများ ကတော့ တစ်စီးပြီး တစ်စီး ဝင်လိုက်ထွက် လိုက်နှင့်။

 "မီးထိန်းနိုင်ပြီဟေ့ မီးညွန့်ကျိုးသွားပြီဟေ့" ရပ်ကွက်ထဲ မှ မီးကူငြှိမ်းပေးနေသော လူတစ်ယောက် ၏ ဝမ်း သာ အားရ အော်ဟစ်သံနှင့် အတူ အမေ လမ်းကူး လာသည် ကို ပါတွေ့လိုက်ရသည်။ 

အနီးရောက် သည်နှင့် ဒေါ်အေးချို  က

 "ဘုရား သကြားမ တာဘဲဟေ့ ငါတို့ အိမ် မလောင်ဘူး ဟ
 အမလေးပျော် လိုက်တာ
 ဘေးက ဦးခင်လေး တို့ အိမ်ကတော့ တစ်ခြမ်း ကုန် တာပဲ 
တစ်အိမ်လုံး ကတော့ ဖျက်ရ မှာပါ 
အမလေးလေး ဘုရားကယ်လို့ ဟေးဟေး" 

ပတ်ဝန်းကျင် ကို အားမနာပဲ စည်းလွတ် ဝါးလွတ် ပျော်နေသော အမေ့ ကို ပုံ့ပုံ့ လက်တို့လိုက်သည်။ "အမေတိုးတိုး" 
အကြီး မကြီး ကတော့ ဘယ်သူတွေများ သတိထားမိ သွားလဲ ဆိုပြီး ဘေးဘီကို ကြည့် လိုက်သည်။ အားလုံးက ကိုယ့် အာရုံနှင့် ကိုယ် ကျွက်ကျွက် ညံနေကြပေမဲ့ တစ်ချို့ ကတော့ မဲ့ကာ လှည့်ကြည့်သည်။ တချို့ကတော့ တစ်အိမ်လုံးပါသွား သည်မို့ ငိုနေကြသည်။ တချို့ အိမ် တစ်ခါးပိတ်ပြီးအလုပ်သွားနေကြရ သူများ ကတော့ ခုမှ ပြန်ရောက်လာသူများ ပင်ရှိသည်။ 

ကိုယ့် အိမ်မပါ မှ ဟင်းချကြ။ အိမ်ပါသွားသူက ငိုကြနှင့်။
 နောက်တော့ ရပ်ကွက်ရုံး က စာရင်းထွက်လာသည်။
 စုစုပေါင်း အိမ် အလုံး သုံးဆယ်လောင်သည်။ 
လူ ၁၅၀ ကျော်လောက် ကတော့ ဘုန်းကြီးကျောင်း မှာ ကယ်ဆယ်ရေး စခန်း ဖွင့်ပြီး ထားသည်။ 

အိမ်က မလောင်ဘူး ဆိုပေမဲ့ နံရံ တစ်ဖက် ကတော့ မဲနက်သွားသည်။ ဒါပေမဲ့ကိစ္စမရှိပါ။ ခြင်ထောင်ကြီးဖြင့် သယ်စဉ် က အချို့တဝက် ကွဲအက် ပိန်ချိုင့် ကုန်ပေမဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိ။ 

"အေးချို အေးချို"
 "ဘာတုန်းတော့"
 "မီးလောင်သွားတဲ့အိမ်တွေ ကို အိမ်ဆောက် ပစ္စည်းတွေ ဝေမှာတဲ့။ 
အဲ့ဒါ စာရင်းတွေ ကောက်နေတယ်။"
 "ဟင် ဝေလည်း နည်းနည်း ပါးပါးပေါ့ရှင် ဒါမျိုးကြားဖူးပေါင်"
 "မဟုတ်ဘူး ဟ ရုံးက စာရေး ကိုယ်တိုင်ပြောတာ ကွ 

သွပ်က အချပ် သုံးဆယ်စီ သစ်တွေ နဲ့ အိမ် အသုံး အဆောင်တွေလည်း ပါဦးမှာကွ" 
"ဟင် ဒါဆို မနည်းဘူးပဲ"

 ဒေါ်အေးချို  တစ်ယောက် သူ့ယောက်ျား စကား အဆုံး မှာ မီးမလောင် သွားသည် ကိုဘဲ စိတ်မကောင်း သလို လို မီးလောင်တဲ့ အိမ်တွေ ရတာကိုပဲ မနာလို သလိုလို ဖြစ်သွားသည်။ အဖေနှင့် အမေ ပြောနေသည့် စကားများ က ဆန်းသည် မို့ ပုံ့ပုံ့ တစ်ယောက် နားစွင့်နေ လိုက်သည်။ 

အဖေနှင့် အမေပါ စကားတစ်ခု ခု ပြောရင်း ဤကဲ့သို့ငြိမ်သွား လျှင် အကြံကြီးကြီး ထုတ်နေ တာ သေ ချာပြီ ဖြစ်သည်။

 အမေ က "ဘယ်လိုဖြစ်ဖြစ် ကျွန်မတို့ အိမ်လည်း နံရံလောင် တာပဲလေ"
 "အေးလေ"
 "အုတ်တွေ ဆို အပူ ထိပြီး ကျွတ်လို့"
 "ဟုတ်ပ" 
"နောက်လည်းပြင်ရအုံးမှာ တော့"
 "အေး အဲ့ဒါလည်း ကုန်ဦးမှာ"
 "သွားစာရင်းသွားပေးချေ" 
"အေး ငါ ရပ်ကွက်ရုံး သွားဦးမယ်" 

လင်မယားနှစ်ယောက် အပြန်အလှန် စကားပြော အပြီးမှာ ဦးချိုအေး တစ်ယောက် ထိုင်ရာ မှ ထလိုက်သည်။ ပုံ့ပုံ့ နားထောင်နေရာ မှ 

"စာရင်းမပေး ပါနဲ့ဖေကြီးရာ သမီးတို့အိမ်လည်း ဘာမှ ဖြစ်တာမှ မဟုတ်ဘဲ အဲ့ဒါကို လည်း လူတိုင်း သိတယ် ရှက်စရာကြီး"

 "ပါးစပ်ပိတ်ထားစမ်း" ဦးချိုအေးက တစ်ချက် အော်လိုက်သည်။ ဒေါ်အေးချို က "နင် ဘာနားလည်လဲ ဒါခိုးတာ လည်းမဟုတ်ဘူး ဘာမှ ရှက်စရာ မလိုဘူး ငါတို့ နင့်အဖေတို့ ရစရာ ရှိရင် ဒီလို တစ်ခု မကျန်ယူတတ် ခဲ့လို့ ဒီလိုမြို့ထဲ နဲ့နီးနီး နေရာကောင်းကောင်း ရပ်ကွက်လေးမှာ အိမ်ပိုင် နဲ့နေနိုင်တာ။ 

ညီးကများ အဖေ အမေ ကိုပြန်ပြီး ရှက်စရာလေး ဘာလေးပြောနေသေးတယ်။ သွား ဦးချိုအေး ဒီမသိတတ် တဲ့ဟာမ ကို ပြောမနေနဲ့။ ဝ မရှိပဲ ဝိလုပ် ချင်တဲ့ဟာမ လူလေး က လက်တောက်လောက် နဲ့ သူက အမေ လား ငါက အမေလား မသိ" 

ပုံ့ပုံ့ အပြောကို ရပ်ပြီး စားပွဲ မှာ တိတ်တိတ်ပြန် ထိုင်လိုက်သည်။ ဒီတစ်နေ့လုံးတော့ နားပူတော့မယ် ထင် ပါရဲ့ ငါကလည်း ငါပဲ ရှည်ကို ရှည်တယ် ဟုတွေး လိုက်မိသည်။ 

(၃) 
"ကိုသိန်းမောင် ကလည်း ဗျာ ဟဲဟဲ"
 "ဘယ်ဖြစ်မလဲ ကိုချိုအေး ရဲ့ ကျွန်တော်တို့ က စာရင်း နဲ့ဇယား နဲ့လုပ်ရတာ ဗျ" 
"ဟာဗျာ ကို သိန်းမောင်ရယ် မီးဘေးသင့် အိမ်ထောင်စု စာရင်းထဲ ထည့်ပေးရတာ ဘဲဗျာ မခက်ပါဘူး ခင်ဗျားပြီး ရင် အားလုံးပြီးတာ သိပါတယ် ဗျာ ကျုပ်တို့အိမ်လည်း နံရံကြီး တစ်ခုလုံးမဲသွားတာ ခင်ဗျားမြင် ရဲ့သားနဲ့" 

ရပ်ကွက်ထဲ က လက်ဖက်ရည် ဆိုင်တစ်ဆိုင် ၏ ချောင်ကျကျ စားပွဲ မှာ ဖြစ်သည်။ မီး ဘေးသင့် အိမ်ထောင်စု များကို ပစ္စည်းဝေပေးရန် စာရင်းကောက်နေသော ရပ်ကွက်ရုံး စာရေး ဦးသိန်းမောင် ကို ဦးချိုအေး တစ်ယောက် လက်ဖက်ရည် တိုက်ရင်း စာရင်းထဲတွင် သူ့အိမ်ကိုပါ ထည့်ပေးရန် တောင်းဆိုနေခြင်းဖြစ် သည်။ 

သိန်းမောင် က လူကောက် တစ်ယောက် ပိုက်ဆံ ရဖို့ဆို အခွင့်သာ ပါက ရပ်ကွက်ရုံး ကိုပင် သူ့အိမ် ဟု ပြောရောင်း မည့် ကောင်မျိုးမှန်း ဦးချိုအေး သိသည်။ မက်လုံးလေးတော့ ပေးလိုက်အုံး မှ လို့တွေးပြီး "ဒီတိုင်း ချည်းဘဲ ထည့်ခိုင်း တာတော့ ဘယ်ဟုတ်ပ မလဲ ကိုသိန်းမောင်ရယ် ကျွန်တော် က သိတတ်ပါတယ်ဗျ အနာဂတ် ရပ်ကွက်ဥက္ကဌ ကြီး ရဲ့ သွပ် ဆယ်ချပ်ဖိုး ဆို မနည်းပါဘူးနော့"

 "ဟူး ဦးချိုအေး ရာ အားနာရမယ့် မိတ်ဆွေတွေ မို့နော် ကျွန်တော် က ဘောင်ကျော်ပြီး လုပ်ရမှာဗျ  အန္တရာယ် ရှိတယ်" 
"ဟာဗျာ ဘာမှ မဖြစ်လောက် ပါဘူးဗျ ဟဲဟဲ"

 ဦးချိုအေး တစ်ယောက် လေလေး တချွန်ချွန်ဖြင့် အိမ်ထဲ ကို ဝင်လာသည် ကို တွေ့သည်နှင့် ဒေါ်အေးချို ရဲ့ မျက်နှာ လည်း ချိုမြ သွားသည်။ 

အိမ်ထဲ အဝင်ကိုပင် မစောင့်တော့ ပဲ ဖိနပ်ချွတ် မှာပင် ကပ်၍မေးလိုက်သည်။ 

"ဘယ်လိုလဲ"
 "သွပ်ဆယ်ချပ် နဲ့ တည့် သွားတယ်ကွ" 
"အမလေးတော် ဘယ့်နှယ် ဆယ်ချပ်တောင် ပြောရတာလဲ ဘယ်လို သွပ်မျိုးပေးမယ်မှန်း မသိ ဟို တစ်ခေါက် ကလည်း ခြံလေး တစ်ပေလောက် ရှေ့တိုးခတ် ပါတယ် ဒင်းနဲ့တင်ပြီး မလားမှတ်တယ် စည်ပင်က ဝင် လာပြီး ဖျက်ခိုင်းတာပဲ မဟုတ်လား ဒီကောင် ကတော့ တကယ့် ကို စားဖားပဲ သူ့အကြောင်း တိုင်လိုက် ရ ရင်တော့ ဘာမှတ် ဟွန်း" 


"အမလေးလေး မလုပ်လိုက် ပါနဲ့အုံး မယ်မင်းကြီး မရယ် ဒီကိစ္စလေး ပြတ်ပါစေဦး" ပုံ့ပုံ့တစ်ယောက် သက်ပြင်း သာ ချလိုက်မိတော့သည်။ ကိုကို က အခု အလုပ်သွားနေသည်။ ပြန်လာရင်တော့ ပြောပြရမည်။ ကိုကိုပြောရင် ရကောင်း ပါရဲ့ဟုလည်းတွေးမိသည်။ 

မကြီး ကတော့ ဘာမှ သိပုံ မပေါ် နောက်ဖေးမှာ ဟင်းချက် ရင်း အလုပ်ရှုပ်နေသည်။ သူ့သွားပြောလဲ ဘာမှ ထူးမှာ မဟုတ်။ "လူကြီးတွေ လုပ်တာအေ နင် ဘာနားလည် လို့လည်း အေးအေးနေစမ်းပါ" လို့သာပြောမည် ဖြစ်သည်။ 

မကြီးသည် ဆယ်တန်း နှစ်ခါကျ သဖြင့် ကျောင်းဆက် မတက်တော့ပေ။ အစကတည်း က ကျောင်းစာ မှာ လည်း ဥာဏ်ရည် နည်းပြီး အေးချမ်းသည့် အပြင် မိဘ စကားနားထောင်သော သမီးကြီး ဖြစ်သည့် အတွက် အဖေ တို့အမေ တို့ လုပ်သမျှ ကို ဘာမှဝင်ပြောလေ့မရှိ။ 

အဖေ ကတော့ ယခင်က အစိုးရ ဝန်ထမ်းဖြစ်သည်။ သို့သော် ရုံးတွင် ငွေကြေး အရှုပ်အရှင်း တစ်ခုဖြစ်ပြီး မယူ မနေရ အငြိမ်းစားပေး ခံရခြင်းဖြစ်သည်။ ထိုအချိန်က ဆိုရင် ရပ်ကွက် ထဲမှာရော ကျောင်းမှ သူငယ်ချင်း များပါ ထိုကိစ္စ ကို သိကြသဖြင့် ကျောင်းသွားရင် ပင် မျက်နှာ မဖော်ဝံ့။ 

လူပြော သူပြော ရပ်ပြီး အခြေအနေ တည်ငြိမ်သည် အထိ သည်းခံနိုင် ရန် အတော်ကြိုးစားခဲ့ရသည်။ ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက် ဆိုပေမဲ့ ထို ၇ရက် ကတော့ ပုံ့ပုံ့ အတွက် ငရဲပင်။ အကြည့်များကို ရင်မဆိုင်ရဲ။ ကိုယ့် ကို ကြည့်ရင် ပင် ငါ့ကို သူခိုး သမီး ဆိုပြီးကြည့်နေတာ ဟုထင်မိသည်။ 

ထိုအချိန် ကတည်းက "ငါ့အလှည့် ကျရင် ဘယ်တော့ မှ မတရားတဲ့ နည်းနဲ့ ပိုက်ဆံမရှာဘူး။ ငါလုပ်တဲ့ အလုပ်ရော ငါရှာ တဲ့ငွေရော သန့်ရှင်းရမယ်။ ငါ့မိဘ ကို ပြန်လုပ်ကျွေးခွင့် ရရင် သန့်စင်တဲ့ငွေနဲ့ ပဲ လုပ်ကျွေးမယ်လို့ ဆုံးဖြတ်ထားမိခဲ့သည်။ 

ထို အဖေ့ ၏ဖြစ်ရပ်ကြောင့် ကိုကို့ မှာလည်း သိပ်ကို ထိခိုက်ခဲ့ရသည်။ ကိုကို ဘွဲ့ရပြီး ပထမဆုံးလျှောက်တဲ့ အလုပ်မှာ ဖြစ်ချင်တော့ အဖေ့ ရဲ့ အသိမိတ်ဆွေဟောင်း ၏ ကုမ္ပဏီ ဖြစ်သည်။ "မင်းကော မင်းအဖေနဲ့ တူလားကွ" ဆိုတဲ့ ခနဲ့တဲ့တဲ့စကားကြောင့် အင်တာဗျူးဖြေနေရာ မှ ထထွက်လာခဲ့သည်တဲ့။ 

အဲ့ဒီအချိန် တုန်းက ကိုကို နှင့် အဖေ အကြီး အကျယ် စကားများကြသည်။ အဖေ က "ငါရှာတာ စားပြီး ငါ့ကို မင်းက ရှက်တယ်ပေါ့" ဟု ပြောသလို ကိုကို ကလည်း "လူတွေကြားမှာ ကျွန်တော်တို့ဘယ်လို မျက်နှာ မျိုး နဲ့ နေနေ ရလဲ သိရဲ့လား" ဟု ပြောသည်။ ထိုအချိန် က အမေလည်း ငိုသည်။ အဖေလည်း ငိုနေသည်။ ကိုကိုလည်းငိုနေသည်။ မကြီးလည်း ငိုနေသည်။ ပုံ့ပုံ့လည်းငိုနေခဲ့ ရသည်။ 

ကိုကိုပြန်လာတော့ ကိုကို့ကို တိုးတိုး တိတ်တိတ် လေးပြောပြလိုက်သည်။ ကိုကို က အဝတ်လဲနေရာမှ သက်ပြင်း တစ်ခုကိုသာ လေးလေး ပင်ပင် ချလိုက်ပြီး "ထားလိုက်ပါ ညီမလေးရာ။ ကိုကိုလည်း ထားလိုက် မှာ။ နောက်ကို ကိုတို့တွေ ပိုက်ဆံ များများ ရှာနိုင်တော့မှ အဖေ တို့အမေ တို့ ဒီလိုတွေ မလုပ်တော့အောင် ဖျောင်း ဖျ ကြမယ်လေ။ 

အဖေတို့ ဒီလို လုပ်တာ ငါတို့အတွက်လည်း ပါတယ်။ ထားလိုက်ပါ ပုံ့ လေးရယ်။" ကိုကိုက ပုံ့ပုံ့ ခေါင်းကို ပုတ်ပြီးနှစ် သိမ့်လိုက် သည်။ 

(၄) . 
"ဘာ ဘယ်လို မီးသင့် တဲ့ အိမ်တွေ အကုန် မူလနေရာမှာ ပြန် မရဘူး မြို့သစ် ကို ပြောင်းရမယ်" 

တစ်ရပ်ကွက် လုံး အုံးအုံး ကျက်ကျက် ပြောနေသော အကြောင်း အရာများကြောင့် ဒေါ်အေးချို ရင်တွေ တုန်လှ သည်။ 

"အမလေး မြို့သစ် က မြို့ထဲ မပြောနဲ့ ဒီနဲ့တောင် အတော်ဝေး ဆိုပဲ" ဒူးများပင် မခိုင်ချင်တော့။ "လမ်းလည်း မရှိ မီးလည်း မရသေး ဗွက်က မိုးတွင်း ဆို ဒူးတောင်မြှုပ် သတဲ့ ဘုရားဘုရား" ဘယ်လိုပဲ အကြံတွေထုတ်ပြီး ကြိုးစားကြိုးစား မပြေးသော် ကန်ရာ ရှိ မီးသင့်သောနေရာမှာ အိမ်ပြန်ဆောက်ခွင့် မပြုတဲ့။ စာရင်းရှိ အိမ်ထောင် စု များ ပြောင်းကိုပြောင်းရမည်ဖြစ်သည်။ 

ပုံ့ပုံ့တစ်ယောက် ကျောင်းကပြန်လာ အိမ်စာ လုပ်ပြီး အုတ်ခဲနှစ်လုံး စီ တန်းစီ ခင်းထားတဲ့ လမ်းလေး မှ လမ်းထိပ် ရှိ ကွင်းလည်ခေါင်တွင် ထီးထီးကြီး ရှိနေသော ကုက္ကိုပင်ကြီးအောက် သွားပြီး ကိုကိုပြန်အလာ ကို စောင့်နေ လိုက်သည်။ 

အဝေးမှ ပြန်လာသော ကိုကို့ကို တွေ့တာနဲ့ "ကိုကိုရေ ကိုကို" ဟု အော်ခေါ်ရင်းပြေး သွားလိုက်သည်။ "ဘာလို့လာစောင့်နေတာလဲ ဟ လူပြတ်တယ် ကွ"
 "အို မကြောက်ပါဘူး" ကိုကို က သူ့ညီမငယ်လေး ပုံ့ပုံ့ကို သေသေချာချာကြည့်ပြီး

 "ငါ့ညီမ လည်း မဲလုံးလေးဖြစ်နေပြီ" "ကိုကို က မီးသွေးတုံးကြီးဖြစ်နေပြီ" မောင်နှမနှစ်ယောက် ရယ်မော လိုက်ကြသည်။

 "ကိုကို ပြန်လာ ရတာ ဝေးတော့ မပင်ပန်း ဘူးလားဟင်"
 "နည်းနည်းပါကွာ"
 "အရင် အိမ်ကို မလွမ်းဘူးလား " 
"နည်းနည်းမှ မလွမ်းဘူး" 
"ဘာလို့" 
"ဒီအိမ်က မှ တကယ့် ကို ထိုက်ထိုက် တန်တန် ရထားတဲ့အိမ်လေ နောက်ပြီး အဖေ နဲ့အမေလည်း ဒီကိစ္စမှာ အတော့် ကို သင်ခန်းစာ ရသွားပြီ ခုဆို တရားနာ တရားအား ထုတ်နေတာပဲ ကြည့်လေ ပုံ့ လေးက လွမ်းလို့လား"
 "ဟင့်အင်း ပုံ့လည်း ဒီက သူငယ်ချင်း အသစ်တွေ နဲ့ပျော်တယ် အဖေ တို့ကို ကြည့် ပြီးလည်း ပျော် တယ်။"

 မောင်နှမနှစ်ယောက် စကားတပြောပြောနှင့် လျှောက်လာရင်း ရေလှည်း တွန်း၍လာနေသော လူကြီးကို နှုတ်ဆက် လိုက်သည်။

 "ဦးသိန်းမောင်ကြီး နေကောင်းတယ်နော်" တကယ်တော့ ရပ်ကွက် စာရေးကြီးလည်း မီးလောင်ပြင်နှင့် ကျော ချင်း ကပ်နေသော သူ့အိမ် ကို စာရင်းတွင် ထည့်မိ၍ ထိုမြို့သစ်သို့ ပြောင်းလာ ရခြင်းဖြစ်ပေတော့သည်။

 ပြီးပါပြီ
 ပြည့်ပြည့်
From... လူဗိုလ်ဟူသည်



No comments:

Post a Comment