Tuesday, April 14, 2015

ရေနန်းသဘင် ၊ ရွှေမန်းတွင်.. ၊ ငွေငန်းဆင်…



Sue Hnget's photo. 

တကယ်တော့ မန္တလေး သင်္ကြန် ဆိုတာ အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်၊ အနုသင်္ကြန်၊ အယဉ် သင်္ကြန် ဖြစ် ပါတယ်။ နေ့လယ်နေ့ခင်း ရေပက်ကြတယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ မနက် ကိုးနာရီ မထိုး မချင်းလည်း ဘယ်လူ မှ ရေမပက်ကြဘူး။ 

မနက်စောစော ပိုင်းမှာ က သင်္ကြန်တွင်း မို့ ဥပုသ်သီတင်းစောင့် ဖို့ ဘုရားကျောင်းကန် သွားကြတယ် မဟုတ် လား။“ဥပုသ်သည် ကို ရေမပက် နဲ့ ငရဲကြီး တတ်တယ်” ဆိုတာ သင်္ကြန် ရဲ့ သံချပ်အဖြစ် သာမက စောင့် ထိန်း ဖွယ်တစ်ရပ် ကို သတိပေးနေတဲ့ အသံ လည်းဖြစ်တယ်။

ဧပြီလရဲ့ ပူပြင်းတဲ့နေ့လယ် ခင်း မှာတော့ ရေပက် နားကြပြီး သင်္ကြန် ကားတွေဟာ မန်္တလေးတောင်၊ ရန်ကင်းတောင် ၊တောင်သမန်အင်း နဲ့ အိမ်ရှေ့မင်း ထန်းတောတွေ မှာ နားခိုကြပါတယ်။
 

ထန်းပင် ထန်း လက် ထန်းရွက်တွေ အသွယ်သွယ် နဲ့ အိမ်ရှေ့မင်းထန်းတော ရဲ့ ထန်းပင်ခြေရင်း က ရနံ့ သင်းသင်း ထန်းလက်သစ် တွေ မိုးထားတဲ့ တဲကလေးတွေ က ၀ါးကြမ်းခင်းတွေပေါ်မှာ ထန်းရည် တစ်မြူနှစ်မြူ၊ အမဲကြော်သုပ်၊ ပဲကြော်သုပ် က ပူစီနံရွက်တွေ ၀ါးရင်း တရေး တမော အိပ်ကြတာပေါ့။ 

ညနေစောင်း ပါမှ တစ်ကြိမ်ရေပက် ခံကြတယ်။ နေလေးစောင်း တာနဲ့ အားလုံးရေပက် ရပ်ကြပြီး၊ ညပိုင်းမှ ကကြ၊ ခုန်ကြ၊ သီကြ ဆိုကြ၊ တီးကြ မှုတ်ကြဖို့ ပြင်ဆင်ကြရပါပြီ။ ညမှာ ရေပက်သူဟာ မန္တလေး မှာ တကယ့် အရိုင်း အရိုင်း၊ မယဉ်ကျေး မဖွယ်ရာ သူ၊ သင်္ကြန်ဖျက် မသမာသူ အဖြစ် ရှုတ်ချခဲ့ကြတာ တစ်ချိန်က မန္တလေး သင်္ကြန် ရဲ့ အမှတ်အသားပါပဲ။

 

 Sue Hnget's photo.

 မြို့မ အသင်း အပါအ၀င် အလှပြ ကားကြီးတွေက စေတနာ..တဲ့၊ တေးမြလုလင်..တဲ့၊ ရှုတိုင်းယဉ်..တဲ့ ၊ တေးချစ်သူ..တဲ့၊ ဇွဲလုလင်..တဲ့၊ ဒေါင်းလုလင်..တဲ့၊ သီတာ..တဲ့၊ မင်းတဲလုလင်..တဲ့၊ ချစ်ကြည်ရေးမောင်မယ်.. တဲ့၊ 

မဏ္ဍပ်တွေ ကလည်း မေသစ်လွင်..တဲ့၊ ကေသီယာဉ်..တဲ့၊ ခေတ်ညွှန့်..တဲ့၊ ယမင်းသူဇာ..တဲ့၊ ချမ်းမြ ပျိုဖြူ..တဲ့၊ လှိုင်း..တဲ့၊ ပိတောက်ဝါ၀ါ..တဲ့၊ နန်းကေသီ..တဲ့၊ ငုရွှေဝါ..တဲ့၊ ရွှေမန်းမေ..တဲ့၊ နဂါးမယ်..တဲ့၊ နန်းရှေ့ သူဇာမေ ..တဲ့၊ မေချာတိတ်..တဲ့။
 

 ခေတ်ပြင်၊ ခေတ်သရုပ် ကို အစဉ် အဆက် ဖော်ထုတ်ခဲ့ကြတဲ့ သံချပ် အသင်းတွေ ကလည်း ဗိုလ်သခင် ဆရာ တဲ့၊ ညောင်ပင်သာက ဆိုးပေတဲ့၊ တောကမောင်ကြီး တဲ့၊ ပိတောက်ကုန်းက မျောက်ရှုံးတဲ့၊ ဒိုးဒိုးဒေါက်ဒေါက်တဲ့၊ ဒဿ         ဂီ ရိ တဲ့၊ မန်္တလေးသူရဲ့ မန်္တလေးသားတဲ့။ တစ်မြို့လုံးမှာ အကမဏ္ဍပ်၊ အလှပြ ယာဉ်၊ သံချပ် အသင်း ၁၅၀ကျော် ၂၀၀ နီးပါးနှစ်တိုင်း ရှိခဲ့ပါတယ်။


အသင်းအများစု ဟာ အဲဒီအချိန် ကာလ က ၈၄ လမ်းမကြီးပေါ် ဟံသာဝတီ သတင်းစာတိုက်ရှေ့(နောက် ရတနာပုံ သတင်းစာတိုက်ရှေ့) ဗဟို မဏ္ဍပ်ကြီး မှာ ပြိုင်ပွဲဝင်ကြ သလို၊ သက်ဆိုင်ရာ နယ်မြေ မဏ္ဍပ်တွေမှာ လည်း ပြိုင်ပွဲဝင်ကြပါတယ်။

(က)
ဒီလိုမြင်ကွင်းတွေ မှာ ကွဲပြားခြားနားနေတဲ့ မြင်ကွင်း တစ်ခု ကတော့ မြို့မငွေငန်း အလှပြယာဉ် ပါပဲ။ ၁၉၂၇-၂၈ ခုနှစ်လောက် ကတည်းက သင်္ကြန် အလှပြယာဉ်တွေ ထွက်ပြ ရာမှာ မြို့မ က ငွေငန်း ရုပ်ကို အထိမ်းအမှတ် အရုပ် အဖြစ် စတင်အသုံးပြုခဲ့တာပါ။ 


ဒီ ကတည်းက မြို့မ အလှပြယာဉ် မှာ အခြားဘာ အမှတ် အသားမှ မပါရှိခဲ့ပါဘူး။ ငွေငန်းရုပ်ပဲ ပါတယ်။ ပြီးတော့ ပန်းချီ ဆရာကြီး ဦးဘသက် တို့၊ မြို့မငြိမ်းတို့၊ ဦးရင်လေး တို့ တီထွင်ခဲ့ပြီး ဒီကနေ့ အထိ သုံးစွဲနေတဲ့ မြို့မ အမှတ်တံဆိပ် ပါမယ်။မြို့မ အမှတ်တံဆိပ် မှာလည်း မူလ သုံးစွဲ ခဲ့တဲ့ အ၀ိုင်းတံဆိပ် အပြင် နောက်ပိုင်း ပန်းချီ ဦးဘယဉ်ကလေး တို့၊ ဦးဘသိန်း(မန်္တလေး)တို့ သုံးစွဲခဲ့ကြတဲ့ လေးထောင့်တံဆိပ် လည်းရှိတယ်။ 

မြို့မက တေးဂီတ မှာလည်း နုနုယဉ်ယဉ်၊ သီချင်းတွေ မှာလည်း နုနုယဉ်ယဉ် တို့ခနန်း ဆိတ်ခနန်း အနုပညာ ကို ဖန်ဆင်း တတ်သူပေ မို့ မြို့မ အလှပြယာဉ် က အသုံးပြုတဲ့ အရောင် ဒီဇိုင်းတွေကလည်း နုနုယဉ်ယဉ်ပါ။ 

အဖြူထည်ပေါ်မှာ အပြာနု ကိုပဲ ထပ်ပြီွးှသညနခွဲ ထားတဲ့ ရေလှိုင်း ဒီဇိုင်းက ရေကန်ထည် ပတ်လည် အောက်ခြေ မှာ ငန်းလေးတွေ မြူးတူး ကူးခတ်၊ အပြာရင့်ရောင် မြို့မ တံဆိပ်ဝိုင်းကြီး၊ ကား ဦး မှာ ငွေငန်းရုပ်။


ငန်းရုပ် ကလည်း အတောင်ဖြန့် ကာ ခေါင်းမော့ အားယူနေတဲ့ ငန်းရုပ် ကို အများဆုံး သုံးတယ်။နောက်ထပ် တစ်မျိုးက အတောင် ကို အားကုန်ဖြန့်ပြီး လည်တံ ဆန့်တန်းနေတဲ့ “လိုက်ငန်း” ရုပ်လည်း သုံးတတ်တယ်။ မြို့မက ဒီငန်းနှစ်မျိုး ပဲသုံးတယ်။ ကားဦး မှာ တစ်ကောင်လည်း သုံးရင်သုံးတယ်။


 ကားထိပ်ဘေး တစ်ဖက် တစ်ချက် တစ်ကောင်စီ၊ နှစ်ကောင် သုံးရင် သုံးတယ်။ နှစ်ကောင် သုံးရင် ငန်းရုပ် က သေးပါတယ်။မြို့မ အလှပြယာဉ် ဒီဇိုင်း ဟာ ရိုးရိုးလေး နဲ့ယဉ်တယ်။ စွဲတယ်။ ဒီလို ပုံမှန် ဒီဇိုင်းကိုပဲ သုံးပေ မယ့် တစ်နှစ်နဲ့ တစ်နှစ် အရောင်အသွေး နဲ့ ရေလှိုင်း ဒီဇိုင်းနဲ့ ကားအပြင်အဆင် မထပ်စေရပါဘူး။ 

အဖြူခံ အပြာနု၊ အဖြူခံ အစိမ်းနု၊ အပြာနုခံ မိုးပြာလွင်၊ အစိမ်းနုခံ ဖက်ဖူးစိမ်းငုဝါ၊ ရေလှိုင်းဒီဇိုင်း...။
ဒါကြောင့် မြို့မငွေငန်း အလှပြယာဉ်ဟာ အမှတ်တံဆိပ် အမျိုးမျိုး၊ စာလုံး စာတန်း အမျိုးမျိုး၊ အပြောက် အမွှမ်း အမျိုးမျိုးနဲ့ အလှပြယာဉ်တွေကြားထဲမှာ တစ်မူထူးနေတယ်။ 


သင်္ကြန်ရဲ့ “သန္တရသ” ကို အပြည့်အ၀ပေးတယ်။ မန်္တလေး သင်္ကြန် သက်တမ်း တစ်လျောက်လုံး မှာ ဘယ်သော အခါမှ ပြိုင်ပွဲဝင်တဲ့ အသင်း မဟုတ်လေတော့ ယာဉ်အပြင် အဆင် သာမက သင်္ကြန်တေးသွား စာသားတွေ ကလည်း အများသိကြတဲ့ အတိုင်း အနုပညာမြောက်ခဲ့ တာပဲ မဟုတ်ပါလား။
 


“လယ်ကွင်းတွေဖြတ်၊ ရိုးပြတ်တွေကျော်”
“ပင်နယံ စက်သွား အင်အားစု စည်းညီ”
“ဦးကြီး လယ်သမား စပါးထွက် အား ပိုရမည်”
“သန်းခေါင်စာရင်းနှစ် တို့ အားသစ်စေမည်” စတဲ့ စတဲ့ ခေတ်အလိုက် ပေါ်ပေါက်ခဲ့တဲ့ ပြိုင်ပွဲဝင် သီချင်းတွေ ကြား ထဲမှာ.....
 


“မူယာကြော့ ကိုယ်ဟန်ချီ ရွှေရည်ငွေရည် မြမျက်ကျောက်ပုလဲသွင် တူညီ”
“ယိမ်းနွဲ့တယ်၊ ယဉ်ကျေးစွာမြူးက လို့ရယ်၊ နန်းအလှမယ်တင့် မောဟန်ကြွယ်”
“ပင်ယံဟိုဆီ ဇမေ်္ဗ်ာရည်လူးခဲ့ပြီ၊ ပွင့်ငုံဖူးတင့်ထူးဝေေ၀စီ” စတဲ့သီချင်းလေးတွေနဲ့အတူ ငြိမ့်ငြောင်းတဲ့ ဂီတအလှ ကို မန်္တလေး သင်္ကြန်မှာ အပြည့်အ၀ပေးနိုင် ခဲ့တဲ့ ငွေငန်း အလှပြယာဉ် မဟုတ်ပါလား။
 

ဒါကြောင့် မန်္တလေးသင်္ကြန် မှာက မြို့မငွေငန်းယာဉ် မပါရင် သင်္ကြန်အရာ မမြောက်ခဲ့ ဘူးဆိုတာ မန်္တလေး ပရိသတ် သာမက မန်္တလေးသင်္ကြန် ကို ဆင်နွှဲဖူးတဲ့၊ မန်္တလေးသင်္ကြန်ကို ချစ်တဲ့ အားလုံးသော ပရိသတ်က ညှိနှိုင်း စရာမလိုဘဲ သဘောတူ ခဲ့ကြတာ မဟုတ်ပါလား။


သင်္ကြန်နား နီးရင်ပဲ ၂၅လမ်း၊ ဓားတန်းဝင်းရှေ့ ယောင်ပေယောင်ပေ လျှောက်သွားရင်း မြို့မက သင်္ကြန် သီချင်း တီးလုံးတိုက်နေ ရင် ပိုပျော်လာတယ်။ သင်္ကြန်နား နီးလို့ ရက်ပိုင်း အလိုမှာ ဓားတန်းဝင်း အသင်း တိုက်ရှေ့ လော်ရီကားကြီး တစ်စင်း ထိုးပြီး ငွေငန်း အလှ ပြယာဉ် ရေကန်ထည် စရိုက်နေရင် သွားကြည့် ရတာ အမော။


မြို့မ အသင်းသား ပန်းချီဆရာ ကိုအုန်းဖေ က ဒီနှစ်မြို့မ အလှပြယာဉ် ကို ဘယ်လိုရေလှိုင်း ဒီဇိုင်း နဲ့ အစိမ်းနု လား၊ အပြာနု လား ဆိုတာ ခန့်မှန်းရ တာလည်း အမော။
 

ဘာပဲပြောပြော အဲလိုမြို့ချစ်၊ တိုင်းချစ် “မြို့မ” မှာ ရုပ်ရှင်မင်းသား ၀င်းဦး က ဆယ်စုနှစ် တစ်နှစ်စွန်း မှု ပါဝင် ဆင်နွှဲခဲ့လေတော့ မန်္တလေး သင်္ကြန်နဲ့ မြို့မ ဆိုတာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ ရဲ့ နှလုံးသားထဲ ထိ စွဲမြဲ မှတ်မိနေပါတော့တယ်။

၈၄ လမ်း ချစ်ပန်းနွယ် မဏ္ဍပ်ကနေ တောင်ဖက် ကိုလာ။ နာရီစင်ရောက်တော့ အရှေ့ချိုးလာ တဲ့ ငွေငန်းမြို့မ အလှပြယာဉ် ကို မီးဆိုင်း မီးလုံးဝေေ၀ ဆာဆာ နဲ့ ၈၂လမ်း၊ ဘဏ်(၁)ရှေ့ ကုန်းအမြင့်ဆီ ကရှေ့ပြေးကား အစင်း ၂၀လောက်၊နောက်မှာ လည်း ဘေးမှာလည်း ပရိသတ် အပြည့်ကားတွေ နဲ့ငွေငန်း အလှပြယာဉ်ကြီး ကို လှမ်းမြင်လိုက် ရရင်ပဲ ဒီနှစ် မန်္တလေးသင်္ကြန် ဆိုတာ အတော်ပြည့်စုံသွားပါပြီ။ 



 Sue Hnget's photo.


(ခ)
၁၉၃၀ ၀န်းကျင် ကတည်းက မန်္တလေးသင်္ကြန် မှာ အစဉ်အလာ မပျက်၊ငွေငန်း အလှပြယာဉ်ကြီး နဲ့ ရသမြောက် သင်္ကြန်သီချင်းတွေ တစ်နှစ် ၁၀ ပုဒ်ဝန်းကျင်ရေးစပ် သီဆို တီးမှုတ်ပြီး ဆင်နွှဲခဲ့ကြ တာ နှစ်စဉ် မပျက်ပါပဲ....။


ဒီသီချင်းတွေထဲ ကပဲ အခု မြန်မာ သင်္ကြန် သီချင်း အဖြစ် တင်ကျန်ရစ်ခဲ့တာ က အများ စုပါ။ ထို့အတူ ဒီကနေ့ အထိ သင်္ကြန် တီးလုံး သင်္ကြန်ဒိုးချက် အဖြစ် ကျန်ရစ် ခဲ့တဲ့ “ဗေပို့တူးပို့တူးပို့တူး....” ဆိုတဲ့ “တူးပို့၊တူးပို့” ဒိုးသံ ဟာ ၁၉၃၀ ကာလ ၀န်းကျင်မှာ မြို့မ ဒိုးဆရာသံဖြူတန်း ဦးလှဒင် နဲ့ မြို့မငြိမ်းတို့ စပြီး တီထွင် ခဲ့ကြတာပါ။

ဒီ ဒိုးသံ ကလည်း ရှေး ကတည်းကလှေပြိုင်ပွဲတွေ မှာ လှေလှော်သားတွေ ကို အချက်ပေးတော့ စည်တို နဲ့ လင်ကွင်း ကို တီးကြပါတယ်။ စည်တို ကို ၃ချက်တီး..၊ လင်ကွင်း၂ချက်တီး.....။““တူး....တူး.... တူး.... ချပ်.....ချပ်”ဆိုတဲ သံစဉ်က ပွားယူ ချဲ့ထွင်တဲ့ သဘောပါ။
 

Sue Hnget's photo.


““တူး....တူး.... တူး.... ချပ်.....ချပ်”
“ဗေပို့....တူးပို့....တူးပို့....တူး.....”
အခုတော့ နှစ်ပေါင်း ၈၀ ၀န်းကျင် ရှိခဲ့တဲ့ “တူးပို့၊တူးပို့” ဟာ သင်္ကြန်ရဲ့သင်္ကေတ အဖြစ် အမွေတစ်ခု ရရှိခဲ့ ပါပြီ။အမျိုးသား အမွေ အနှစ်လို့ပြောလို့ရပါတယ်။



မြို့မငွေငန်း အလှပြယာဉ် က မန်္တလေး  ၁၉၃၀ ၀န်းကျင် မှသည် နှစ်စဉ် ဆင်နွှဲခဲ့တာ ဒုတိယ ကမ်္ဘာစစ်ကြီး မှာပဲ ၄နှစ်လောက် နားလိမ့်မယ်။ စစ်ကြီး အပြီး ၁၉၄၇ ခုနှစ်မှာ မန်္တလေး သင်္ကြန်ကို အားကောင်းမောင်းသန်ပြန် အသက်သွင်းတယ်။ 


အဲဒီနှစ် မှာ မြို့မ က အခုထိ သင်္ကြန် ရဲ့အမှတ် လက်္ခဏာဖြစ်နေတဲ့ “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို စတင် သီဆို တီးမှုတ်ခဲ့တယ်။ ခေတ် အဆက်ဆက် သတင်းစာတွေ မဂ်္ဂဇင်းတွေ ၊ရှေးမီနောက်မီ စာပေအနုပညာ ဆိုင်ရာ ပုဂ်္ဂိုလ်ကြီးတွေ မှတ်တမ်း မှတ်ရာ အရ ဒီ သီချင်း ကို ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၀နှစ် ၀န်းကျင်က မှ ၁၉၅၀ က သီချင်း သုံးပုဒ် ဆက်စပ်ပြီး ဒီ သီချင်းပေါ်ပေါက်ခဲ့ သလို ပြော ဆိုရေးသားမှုတွေ ရှိခဲ့ပါတယ်။  ဒီအချက်အလက် က မခိုင်မာ ပါဘူး။ ၁၉၄၇  ခုနှစ် ကတည်းက သင်္ကြန် အတွက် မြို့မငွေငန်း အလှပြယာဉ် သီဆို တီးမှုတ်ဖို့ ဒီ သီချင်း ကိုရေးစပ်ခဲ့တဲ့ မှတ်တမ်း သတင်းစာ လည်း အထင်အရှားရှိပါတယ်။ 

ဘာပဲပြောပြော ဒီ“ရွှေမန်းတောင်ရိပ်ခို”သီချင်း ကလည်း အမျိုးသားအဆင့် အမွေအနှစ်ပါ။ ၀ါသနာ တူ အရပ်သားတွေ စုစည်းပြီး အတ်္တမပါ၊ငွေကြေး မပါ၊စီးပွားရေး မပါ၊ ကြော်ငြာ မပါ၊စပွန်ဆာ မပါဘဲ လွတ်လပ် ပွင့်လင်း စွာ အနုပညာ ကွန့်မြူး ခဲ့ကြတာက သင်္ကြန်မှာ အလွှာစုံ အများပြည်သူ ပျော်ရွှင် ချမ်းမြေ့စေကြ ဖို့ စေတနာ တစ်ခုတည်း ပါ...။

“ဒီနေရာမှာ သတိထား မိတာက.... “အပျော်တမ်း” အမည် ခံခဲ့တဲ့ အရပ်သားတွေ ဆီက ကွန့်မြူး ခဲ့တဲ့ အနုပညာ ဆိုတာပါပဲ...။
 


တစ်နှစ်ရွှေဥ တစ်လုံး အု ခဲ့တဲ့ငွေငန်း လို့ ပြောရမှာပါပဲ။
 

အခုတော့....
ဒီ ၀န်းကျင်....၊ ဒီ အသံ....၊ဒီ သင်္ကြန်တွေကြား မှာ
ငွေငန်း က ငွေ့ငွေ့ မျှသာ အသက်ရှင်နေဆဲ။



Sue Hnget
ဆူးငှက်

No comments:

Post a Comment