Sunday, April 5, 2015
ဝမ်းချုပ်ခြင်း ပြဿ နာ
ဒါတင် မကပါဘူး။ နေ့စဉ် ပုံမှန် စားသောက် ထားတဲ့ အစာကြွင်း အစာကျန်တွေဟာ စွန့်ထုတ်ရမယ့် အချိန် မှာ မစွန့်ထုတ်ဘဲ အူလမ်းကြောင်း ထဲမှာ အကြာကြီး ကျန်နေတာဟာ ရေရှည်မှာ ကြီးကြီးမား မားထိခိုက် လာနိုင် ပါတယ်။ 
ဒါကြောင့် ကျန်းမာရေးပညာ ပေးတွေ နဲ့ ဗဟုသုတ ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက နေပါဝင်နေတာမို့ ဒီတစ်ပတ်တော့ ဝမ်းချုပ်တဲ့ အကြောင်း ကိုလေ့လာ ကြည့်ကြရအောင်။
ဒီဆောင်းပါးလေး မှာဆွေးနွေးသွားမှာ က တော့ 'ကိုယ့်ကိုယ် ကိုယ် ဝမ်းချုပ် တတ်တယ်လို့ ဘယ်လို သတ် မှတ် လို့ရနိုင်သလဲ။ ဝမ်းချုပ် ရတဲ့ အကြောင်းရင်း တွေက ဘာတွေလဲ။ ဝမ်းချုပ် တာကိုဘယ်လိုဖြေရှင်းသင့် သလဲ'ဆိုတဲ့ မေးခွန်းတွေပါ။
ဒါပေမဲ့ ဝမ်းချုပ် တာကို စမပြောခင် မှာ ပုံမှန် ဝမ်းစွန့် ထုတ်ခြင်း လုပ်ငန်း ကို နည်းနည်းဆွေးနွေးရပါမယ်။ ပုံမှန် အားဖြင့်လည်း ဝမ်း စွန့်ထုတ်ခြင်း Defecation ဟာ ရှုပ်ထွေးတဲ့ ပဋိဇီဝ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ 
စအို ပေါက်နှင့် ကပ်လျက် အပေါ်မှာ ရှိတဲ့ အစာဟောင်းအိမ်၊ မစင်အိမ် ဟာ များသောအားဖြင့် ဝမ်းတွေ နဲ့ပြည့်နေတာ မဟုတ်ပါဘူး။ Empty ဖြစ်နေတတ်ပါတယ်။ ပါးစပ် ကနေ စတင် စားသောက်လိုက်တဲ့ အစား အသောက်တွေ ဟာ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်ဦးပိုင်း၊ အူသိမ် နှောင်းပိုင်းတို့ကို အဆင့် ဆင့်ဖြတ်ကျော် ပြီး မှ အူမကြီး ကိုရောက်ပါတယ်။ 
အဲဒီလိုရောက်လာတဲ့ အစာအကြွင်း အကျန်တွေ၊ အစာဟောင်းတွေ ကို အူမကြီး ကနေထပ် ညှစ်ချလိုက်ပြီးမှ သာ မစင်အိမ် ထဲကို နောက်ဆုံးရောက် ပါတယ်။ မစင်အိမ် ထဲမှာ မစင် ပမာဏ ဟာ တဖြည်းဖြည်း များ လာပြီး threshold အနိမ့်ဆုံး စံနှုန်းအားဖြင့် ဝမ်း ပမာဏ မီလီလီတာ ၁ဝဝ ခန့်ရောက်လောက်ပြီ ဆိုမှသာ ဝမ်း စွန့်ချင်စိတ်ဖြစ်ပါတယ်။
ဝမ်း စွန့်ချင်စိတ်ဟာ မစင်အိမ် တစ်ဝိုက် က ကြွက်သားများ ညှစ်ခြင်းနဲ့ အတူတူ မစင်ပေါက်နား မှာ ရှိတဲ့ အတွင်း မစင် တံခါးပေါက်ခေါ် Internal Anal Sphincter ဟာလည်း တံခါးဖွင့်ပေးရသလို တင်းတင်း ပိတ်ထား တာကို ဖြေလျှော့ပေးလိုက် ရာကနေ ဖြစ်ပေါ် လာပါတယ်။ 
ဒီအခါ မှသာ ဝမ်းတွေ ဟာ မစင်အိမ်အောက် ပိုင်းကို ဆက်ဆင်း လာမှာဖြစ်ပြီး ဝမ်းသွားချင်စိတ် လည်း ပိုမိုပြင်း  ထန်လာပါတယ်။ ဒါပေမဲ့ ဒီအချိန် မှာ မစင်ပေါက် ရဲ့ အပြင် Sphincter နဲ့ မစင်အိမ် နား တစ်ဝိုက်မှာ ရှိတဲ့ ကြွက်သားတွေ ကတော့ ဝမ်းသွားချင်ပေမယ့် ဝမ်းထွက် မကျအောင် ထိန်းပေးထားပါတယ်။ 
ဝမ်း စွန့်တော့မယ် လို့ပြင်လိုက်တဲ့ အခါ အိမ်သာ ထဲရောက်တဲ့ အခါမှသာ ဝမ်းထိန်းပေးထား တဲ့ကြွက်  သားတွေ ၊ Sphincter တွေ က အလို လိုဖြေလျှော့သွားပြီး ဝမ်းစွန့်တဲ့ သူရဲ့ ညှစ်အား နဲ့ အတူတူ မစင်တွေ ကိုအပြင်ကို စွန့်ထုတ်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အဆင့်ဆင့် ရှုပ်ထွေးတဲ့ လုပ် ငန်းဆောင်တာ တစ်ခုခု၊ တစ်နေရာရာ မှာ ဖောက် လွဲ ဖောက်ပြန်ဖြစ် ဖို့ဆိုတာလည်း လွယ်ကူတာမို့ ဝမ်းချုပ် တယ် ဆိုတာဟာ လူထု ထဲမှာအဖြစ်များတဲ့ လက္ခဏာ တစ်ခုဖြစ်နေတာ မဆန်းလှပါဘူး။ 
ဒါပေမဲ့ အမှန်တ ကယ် ဝမ်းချုပ်၊ မချုပ် ဆိုတာကို သတ်မှတ်တဲ့ Rome III Criteria ကတော့ တစ်ပတ်မှာ ဝမ်းကို သုံးကြိမ်အောက် ပဲ စွန့်မယ်၊ များသော အားဖြင့် တအား ညှစ်နေရမယ်၊ ဝမ်းတုံး မာမာ စမြင်းတုံးတွေသွား မယ်၊ ဝမ်းပါပြီးရင်လည်း အားမရဘဲ ကျန်နေသလို၊ မစင်အိမ် ထဲမှာ တစ်ခုခုပိတ် နေသေး သလိုခံစားနေ ရမယ် လို့ သတ်မှတ်ထားပါတယ်။
ဒီ သတ်မှတ်ချက် အရ ဆိုရင်တော့ တစ်နေ့ ဝမ်းနှစ်ခါ မ သွားလို့ ဝမ်းချုပ်တယ် ထင်နေသူတွေ နည်နည်း စိတ် အေးမယ် ထင်ပါတယ်။ နောက်မေးခွန်းတစ်ခု ကတော့ 'ဝမ်းဘာကြောင့် ချုပ်တတ် တာလဲ'ဆိုတာပါ။
လူတစ်ယောက် ဝမ်းချုပ်ပြီ ဆိုရင် ဖြစ်နိုင်ခြေ ရှိတာကို အများကြီး ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ ဝမ်း ချုပ်ရ တဲ့ အကြောင်း မှာ စာဖတ်သူ တော်တော် များများ သိကြမှာ ကတော့ အမျှင် ဓာတ် စားတာ နည်းတာကြောင့် စားတဲ့ အစား အသောက်တွေမှာ Fibre ဓာတ်နည်းတာ ကြောင့်ဆိုတဲ့ အကြောင်းရင်းကိုပါ။ 
ဒါပေမဲ့ သတိမထား မိလောက်မှာ ကတော့ လှုပ်ရှားမှုနည်းပါးတဲ့ သူတွေမှာ ဝမ်းပိုချုပ်တယ် ဆိုတာပါပဲ။
ဒါကြောင့် Immobility ဟာ ပုံမှန် ဝမ်းသွားနည်းတဲ့ သူတွေ၊ ဝမ်းချုပ်တဲ့ သူတွေ မှာထည့်စဉ်းစား သင့်တဲ့ အချက် ပါ။ လှုပ်ရှားမှု နည်းပါး တဲ့အလုပ် ကို လုပ်နေရသူတွေ ဆိုရင် ကိုယ်လက် လှုပ် ရှားလေ့ကျင့်ခန်း ကို နေ့စဉ် အသားပေး သင့်ပါတယ်။ 
ကိုယ်ဝန်သည်တွေမှာ လည်း ကိုယ်ဝန် ရင့်လို့ ခန္ဓာကိုယ် ပြောင်းလဲ လာတာနဲ့ အတူ ဝမ်းချုပ်လာ တတ်ပါ တယ်။ တခြားဝမ်းချုပ် ရတဲ့ အကြောင်းရင်းတွေ မှာ တော့ သိုင်းရွိုက်ဟော်မုန်းဓာတ် နည်းခြင်း (Hypothyroidism)၊ ဆီးချိုရောဂါ (Diabetes)နဲ့ ကယ်လ်ဆီ ယမ်ဓာတ် များနေခြင်း (Hypercalcemia) များဖြစ်တတ် ပါတယ်။ 
အာရုံကြော ထိခိုက် ထားတဲ့ သူများ Spinal Cord ထိခိုက် ထားတဲ့ သူများမှာ  လည်း ဝမ်းမသွားနိုင်တာ မျိုးဖြစ် တတ်ပြီး ပါကင်ဆန်ရောဂါ (Parkin Son's disease) ရောဂါ လို ဦးနှောက် ကို ဒိုပမင်းဓာတ်လှုံ့ဆော်ပေးမှု ပုံ မှန် မဟုတ်တဲ့ရောဂါမျိုးတွေ မှာလည်း ဝမ်းချုပ် တာဟာ တခြား အာရုံကြောလက္ခဏာတွေ နဲ့ အတူ ပူးတွဲဖြစ် တတ် ပါတယ်။
ဝမ်းချုပ်တာဟာ၊ ဝမ်းသွား နည်းသွားတာဟာ တစ်ခါတလေ ကျရင်တော့ သုံးစွဲနေတဲ့ဆေးဝါး များကြောင့် လည်း ဖြစ်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး အနေ နဲ့ ဆေးရုံတွေမှာ သုံးလေ့ရှိတဲ့ Opioid အမျိုးအ စားဆေးများ၊ ကယ်လ်ဆီယမ်ဓာတ် ကိုပြောင်းလဲစေနိုင်သည့် Calcium-Channel Blocker ဆေးများနှင့် သံဓာတ် ပါသော Iron များကိုသောက်သုံးနေရသူတွေ မှာလည်း အူတွေရဲ့လှုပ်ရှားမှု ကို နှေးကွေးစေတာ ကနေ တစ်ဆင့် ဝမ်းချုပ်စေနိုင်ပါတယ်။
တစ်ခါတစ်ရံ မှာတော့ အူလမ်းကြောင်းနဲ့ ပတ် သက်ပြီး ဝမ်းချုပ်နေတာ လည်းဖြစ်နိုင်ပါတယ်။ ဥပမာ အားဖြင့် အူ လမ်းကြောင်းပိတ်တာ (Intestinal Obstruction)၊ အူလမ်းကြောင်း ပိတ်တာနဲ့ ဆင်ဆင် တူတဲ့ Pseudo-obstruction အခြေအနေ တစ်ခုခုမှာ လည်း ဝမ်းသွားတာ နည်းတာ၊ ချုပ်တာ မျိုးဖြစ်တတ်ပါတယ်။ 
ဒါ့ အပြင်ဖြစ်တတ် တာတွေကတော့ အူလမ်းကြောင်း နဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေပါ။ အူမကြီး ကနေ မစင်အိမ် အထိ လမ်းကြောင်း တစ်လျှောက် တစ်နေရာ ရာမှာ ကင်ဆာ အလုံး၊ အကျိတ်၊ အနာတစ်ခု ခုဖြစ်နေ မယ် ဆိုရင်တော့ ဝမ်းချုပ် တာနဲ့ လက္ခဏာပြတတ် သလို ဝမ်းသွားမှု မမှန်ဖြစ်ပြီး ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် ဖြစ်နေတာ၊ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွား တာနဲ့ ဝမ်းသွားပြီးလျှင် သွေး ထွက် တာမျိုးလည်း ဖြစ် တတ်ပါတယ်။ 
ဒါပေမဲ့လည်း ဒီလက္ခဏာတွေ ဟာ အ လုံးအကျိတ် ရဲ့နေရာပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ကင်ဆာကျိတ်တွေကြောင့် လည်း အူပိတ် သွားတဲ့ အထိဖြစ်တတ်ပါတယ်။
 နောက်ထပ်ဖြစ်တတ် တာကတော့ စအို တစ် ဝိုက်မှာ အနာ ရှိလို့၊ ကွဲထား တာရှိလို့ အလိုလို ဝမ်းချုပ် တတ် တာမျိုးပါ။ ဥပမာ အားဖြင့် စအို ကွဲတယ်လို့ခေါ် တတ်ကြတဲ့ Anal Fissure လို အခြေအနေ မျိုးမှာဆိုရင် လူနာ ဟာ ဝမ်းသွားတိုင်း နာကျင်မှု ရှိတတ်လို့ ဝမ်းသွား ရမှာကို စိုးရွံ့လာလို့ ပဲဖြစ်ဖြစ်၊ နာတဲ့  အတွက်ကြောင့် စအို ပေါက်က ကြွက်သား Sphincter တွေက အလိုလို ကျုံ့ ပေးထား တာကြောင့်ဖြစ်ဖြစ်လည်း ဝမ်းချုပ်တာ သံသ ရာ လည်နေတတ်ပါတယ်။ 
စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ဟာလည်း ဝမ်း ပုံမှန် သွားဖို့ အတွက် အရေးကြီးပါတယ်။ စိတ်ဓာတ်ကျ ရောဂါ Depression ရှိနေတဲ့ သူတွေမှာလည်း ဝမ်းချုပ် တတ်သလို အစားအသောက်တွေ ပျက်ပြီး အဆမတန် ပိန်ချုံးနေစေ တတ်တဲ့ Anorexia Nervosa လိုရောဂါ မျိုးတွေမှာလည်း ဝမ်းချုပ်တာကို လက္ခဏာ တစ်ခု အ နေ နဲ့ တွေ့ရတတ်ပါတယ်။
နောက်ဆုံးဆွေးနွေးရမှာ ကတော့ 'ဝမ်းချုပ် တာကို ဘယ်လိုဖြေရှင်းသင့် သလဲ'ဆိုတဲ့ မေးခွန်းပါပဲ။
ဝမ်းချုပ် တာဟာ ကုသရ ခက်ခဲ တဲ့ Condition တစ်ခု လို့ စာများ က ဖော်ပြကြပါတယ်။ မှန်လည်း မှန်ကန်ပါ တယ်။
ဝမ်းချုပ် တယ်၊ မချုပ်ဘူး ဆိုတာကလည်း တစ် ယောက် နဲ့ တစ်ယောက် သတ်မှတ် ရပုံချင်း မတူညီနိုင်ပါ ဘူး။
စားတဲ့ အစားအသောက် အပါအဝင် တခြား အကြောင်း အမျိုးမျိုးကြောင့် ဝမ်းစွန့်တဲ့ ပမာဏ၊ အကြိမ်အရေအ တွက် ဆိုတာလည်း မတူညီ တတ်ကြပါဘူး။ 
လူနေမှု Lifestyle ကိုပြောင်းလဲဖြစ်ဖို့ ဆိုတာလည်း အချိန်ကြာ တာကြောင့် ဝမ်း ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာလည်း စိတ်ရှည် ရှည်နဲ့ ပြုပြင်ပြောင်းလဲ ကုသရပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲ ကုကု ကိုယ့်ဘက် ကတော့ အန္တရာယ် မဖြစ် အောင် ကာကွယ်တတ်ဖို့လိုအပ်ပါတယ်။
၁) နေ့စဉ် ရေ ကို များများနှင့် ပုံမှန်သောက်တတ်အောင် လေ့ကျင့်ပါ။ အနည်းဆုံး ရေဓာတ် တစ်နေ့နှစ်လီ တာ လောက်တော့ ကြိုးစားပြီး ဝင်အောင်သောက်သင့် ပါတယ်။ ရေသောက်နည်းလွန်း တာဟာလည်း ဝမ်းချုပ် ရတဲ့အ ကြောင်းအရင်း တစ်ခုမှာ အဓိက ပါပါတယ်။ 
အမျှင်များ များ ပါတဲ့ အသီးအရွက်၊ အသီးအနှံတွေ ကို ဂရုတစိုက် ပိုမို စားသုံးပြီး အသားများ စားသုံးတာ ကို လျှော့ချတာ ဟာလည်း ရေရှည် မှာ ဝမ်းချုပ် တာကို သက်သာလာ စေနိုင်မှာပါ။
၂) ဝမ်းသွားချင်မှုကို လှုံ့ဆော်ပေးသော Stimulant Laxatives အုပ်စုဝင်ဖြစ်တဲ့ ဝမ်းချူဘောလုံး Enema သို့မဟုတ် သောက်ဆေးများ သုံးစွဲခြင်းဟာလည်း ယာ ယီ အားဖြင့် ဝမ်းချုပ် တာကိုသက်သာစေပါတယ်။ ဒီနည်း ဟာ ပုံမှန် ဝမ်းမချုပ်တတ် တဲ့ သူတွေ အတွက်သာ ပိုသင့် တော်ပါတယ်။ 
အူ အတွင်းနံရံတွေကို အရမ်းလှုံ့ဆော် ပေးပြီး မစင် ကိုပါ စိုစွတ်စေတာ မို့ သုံးသုံးချင်း ဗိုက်ချက် ချင်းနာပြီး ဝမ်းသွားပါတယ်။ ဒါပေမဲ့ ဒီဆေးတွေသုံး လို့ ဝမ်းသွားတယ် ဆိုပြီး မကြာခဏ သုံးနေမယ် ဆိုရင်တော့ နောက် ပိုင်း မှာ ဒီဆေးပါမှသာ ဝမ်းသွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်တာ မို့ သတိထားစရာဖြစ် ပါတယ်။
၃) ဝမ်းချုပ်ရာ မှာ နောက်ထပ်သောက်လေ့ ရှိတဲ့ဆေး အုပ်စု ကတော့ Osmotic နဲ့ Hypersomolar Laxatives တွေပါ။ မက်ဂနီဆီယမ် ပါဝင်တဲ့ Milk of Magnesia (M.O.M) နဲ့ လက်ကျူးလို့စ် (Lactulose) စတဲ့ဆေးတွေ ဟာ အူနံရံတွေ ကနေရေကို စုပ်ယူပြီး မစင် ကို စွတ်စို စေတာမို့ ဝမ်းသွားရတာကို လွယ် ကူစေပါတယ်။ 
ဒါပေမဲ့ ဒီဆေးတွေ ဟာ ဘေးထွက် ဆိုးကျိုးအနေ နဲ့ ဗိုက်လေ ပွခြင်း၊ ဝမ်းဗိုက် မအီ မသာဖြစ်တတ်တဲ့ လက္ခဏာ သဘာဝ တော့ ရှိတတ်ပါတယ်။ ဒီ အတွက်တော့ ရေများများ သောက်ပေးသင့်ပါတယ်။
၎) ဝမ်းချုပ် ရာမှာ နောက်ထပ် သုံးနိုင်တဲ့ဆေးအုပ်စု တစ် မျိုးကတော့ Emollient Laxatives ခေါ်တဲ့ Stool-softeners (ဝမ်းပျော့ဆေး) များပါ။ Docusate ခေါ် တဲ့ compound တစ်မျိုး ပါဝင်ပြီး မစင်ကို စွတ်စိုပြီး အူ လမ်းကြောင်း တစ်လျှောက်ရွေ့လျားမှု လွယ်ကူချော မွေ့စေပါတယ်။ 
အရမ်း အားစိုက် မညှစ်ရဘဲ ဝမ်းသွားစေ တာမို့ လိပ်ခေါင်း ရှိသူတွေ၊ ကလေးမွေးပြီး ခါစ ကိုယ် ဝန်ဆောင်တွေ နဲ့ ခွဲစိတ် ကုသမှု ခံယူ ထားသူတွေ အတွက် လည်း သင့်တော်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်ကြား ချက်နဲ့ သာ အဓိက သုံးစွဲသင့်ပါတယ်။
၅) ကိုယ့်ကိုယ် ကိုယ်ရောဂါကြီးကြီးမားမား (Underlying disease) တစ်ခုခု ရှိနေလို့ ဝမ်းချုပ်တတ်တယ် ထင်နေ မယ်။ စိတ်ပူနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ မရှေးမနှောင်း သွားရောက် စစ်ဆေးသင့် ပါတယ်။ စစ်လည်း စစ်ဆေးသင့် တယ်လို့ စာရေးသူ ထင်ပါတယ်။ 
ဝမ်းချုပ်တာ ကို ကိုယ့် ဘာသာပဲ တောက်လျှောက် ရမ်းကုကြည့်နေ လို့တော့ အမြဲ မသင့်တော်တတ် ပါဘူး။ အနည်းဆုံး တစ်ခေါက်၊ နှစ်ခေါက်လောက်တော့ Underlying ရောဂါ ရှိ၊ မရှိ သွားရောက် စစ်ဆေးသင့် ပါ တယ်။
ကုသပေးတဲ့ ဆရာဝန် က လိုအပ်လျှင် လိုအပ် သလို သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း၊ မှန်ပြောင်းကြည့်ခြင်းနဲ့ ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း တို့က တစ်ဆင့် ကိုယ့်ကိုယ် ကိုယ် စိတ်ချ၊ လက်ချယုံကြည် မှုရယူနိုင်ပါတယ်။ 
လိုအပ်လျှင် လည်း ကုသမှု ကိုဆော လျင်စွာ ခံယူနိုင်တာမို့ ကာကွယ်ခြင်းသည် ကုသခြင်း ထက်ကောင်း ၏ ဆိုတဲ့ဆောင်ပုဒ် အတိုင်း ရှိပြီး ရောဂါ ပိုမဆိုးအောင်၊ မဖြစ်သေးတဲ့ရောဂါ မဖြစ်ရအောင် ကာ ကွယ်ကြပါလို့ တိုက်တွန်းရင်း ဒီ တစ်ပတ်ဆောင်းပါး ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ။
- နေခြည် (ဆေး-၁)
References;
Blahd, W. (2014). Safely Using Laxatives for Con Stipation.Available at http://www.webmd.com/digestive-disorders/laxatives-for-con Stipation-using-them-safely? page=2
Walkeretal. (2014). Davidson’s Principles & Practice of Medicine.22ndedn. China: Elsevier.
Davey, P. (2014). Medicine at a Glance. 4thedn. Wiley Blackwell.
Kumar and Clarks. (2012). Clinical Medicine. 8thedn. Span: Elsevier.
‪#‎TheFlowerNews‬
 Yangon Media Group
No comments:
Post a Comment