Wednesday, April 29, 2015

Iron Cross တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အမှတ်တရ { Iron Cross" ကို ပြုစု ပျိုးထောင်ပေးခဲ့သော " ဆရာစောဘွဲ့မှူး " }

Lay Phyu Crazy's photo.
IC Founder ကြီး “စောဘွဲ့မှူး” ကို အဖွဲ့သားများနှင့် တွေ့ရစဉ်။

 ကိုဘွဲ့အကြောင်း က ကျွန်တော့် အတွက်တော့ ရေးစရာတွေ အများကြီး ပါပဲ။ ဒီလို စာတစ်ပုဒ် နဲ့ သူ့ အကြောင်း ပေါ် လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှ ပါဘူး။ ဒါပေမယ့် တတ်နိုင် သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်း အချို့ကို ပရိသတ်တွေ လည်း သိရအောင် ပြောပြပါ့မယ်။

သူဟာ ကျွန်တော့် ရဲ့ သင်ဆရာ၊ မြင်ဆရာ တစ်ယောက်ပါ။ ပထမဆုံး သူနဲ့ စတွေ့တာကတော့ ကျွန်တော် ဆေး တက္ကသိုလ် ပထမနှစ် ပြီးခါနီး ၁၉၈၅ ခုနှစ်လောက်မှာပေါ့။

ကျွန်တော် က ဂစ်တာ ကို ရှစ်တန်း လောက် ကတည်း က တီးခဲ့တော့ စနစ် တကျ မ ဟုတ်ပေမဲ့ တော်တော်လေး တီး တတ်နေပါပြီ။ ဆေးကျောင်းမှာဆို လည်း ကျွန်တော်တို့အဖွဲ့ လက်သံတွေ ချည်းပဲ ဆိုပါတော့။ ဆေးကျောင်း မှာ ကျောင်းပြီးသွားတဲ့ ဆရာဝန်ပေါက်စတွေကို ဂုဏ်ပြုတဲ့ Convocation Dinner ကို တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပါတယ်။ 

ပထမနှစ်ကျောင်းသား Fresher တယောက်ဖြစ်တဲ့ ကျွန်တော် ဟာ အရမ်း ကို ပါဝင် တီးခတ်ဖျော်ဖြေ ချင်ခဲ့ ပါတယ်။ ဒါပေမယ့် ထုံးစံ အရ နောက်ဆုံးနှစ်ကျောင်းသားတွေ ရဲ့ တီးဝိုင်း ကပဲ တီးခတ်ခွင့် ရတော့ သိပ်ပါ ချင်တဲ့ ကျွန်တော်တို့ အတန်းက ကျောင်းသားတွေ တီးလို့ မရလည်း ဆိုမယ်ကွာ ဆိုပြီး စာရင်းသွင်းကြ ပါတယ်။ 

ဒါပေမယ့် ဆိုမယ့်သူ များလွန်းတော့ ဖျော်ဖြေချိန် နဲ့ လူဦးရေ မလောက် မင ဖြစ်ကြတော့ အသံစစ် ပွဲ (Audition) ကျင်းပပြီး လူရွေးချယ် ဖို့ စီစဉ်ရပါတယ်။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ဆိုမယ့် သူတွေက သတ်မှတ် အရေ အတွက်ထက် များနေကြမို့ နှစ်တိုင်း လူရွေးချယ်ပွဲ ကျင်းပနေကြပါ။


 
အဲဒီ အချိန်မှာ အသံ စစ်ဖို့ Professional အနုပညာရှင်တွေ ဖိတ်တဲ့ အခါမှာ ကျွန်တော်တို့ ကျောင်းက တတိယနှစ် တက်နေတဲ့ ကိုဝင်းစည်သူ (အခု Medi Myanmar ပိုင်ရှင်) က သူ့ရဲ့ ဆရာဖြစ်တဲ့ စောဘွဲ့မှူး ကို ဖိတ်ခေါ်ပေးခဲ့ပါတယ်။ 

ကိုဝင်းစည်သူ က အဲဒီနှစ် ဖျော်ဖြေမယ့် တီးဝိုင်း မှာ Keyboardist ပါ။ အရမ်းလည်း တော်ပါတယ်။ ကျွန်တော့် အနေနဲ့ ကိုဘွဲ့ ကို နာမည်ကြီး Guitarist တယောက် အဖြစ် သိရှိထား ခဲ့တော့ ကျွန်တော်တို့ Keyboard သမား ရဲ့ ဆရာလို့ သိရ ချိန်မှာ စိတ်ထဲ နည်းနည်းတော့ အံ့သြမိပါတယ်။ (Emperor Band က “Leonard မောင်မောင်လွင်” ဟာလည်း ကိုဘွဲ့ ရဲ့ တပည့် အရင်းပါ။)

ဒါပေမယ့် နောက်ပိုင်း သူ့ရဲ့တပည့်တွေ ကို ဂီတလောက ရဲ့ နယ်ပယ် အသီးသီး မှာ အောင်မြင်ကျော်ကြား သူတွေ အဖြစ် သိလာတဲ့ အချိန်မှာ သူဟာ ဂီတနဲ့ ပတ်သက် လာရင် အကုန် ကျွမ်းကျင်နှံ့စပ်ပြီး “ဆရာတဆူ” ဖြစ်ကြောင်း ကောင်းကောင်းကြီး သိခဲ့ရပါတယ်။

အဲဒီ ဆေးကျောင်းပွဲ အတွက် သီချင်း တိုက်ကြတဲ့ အခါမှာ လိုအပ် တာတွေကို သင်ကြား၊ ညွှန်ပြပေးဖို့ သူက သီချင်းတိုက် ရက်တိုင်း လာပေးပါတယ်။ နောက်ဆုံးနှစ် ကျောင်းသားတွေ က ကျွန်တော် တီးတတ် တာကို သိတော့ နေရာပေးတဲ့ အနေနဲ့ အချို့သီချင်းတွေ ကို ပါဝင် တီးခတ်စေခဲ့ ရင်း နဲ့ သူကလည်း လိုအပ်ချက်တွေ ကို ပြောပြရင်း နဲ့ မထင်မှတ်ဘဲ သူ့ရဲ့ တပည့် ဖြစ်ခဲ့ပါတယ်။

ငွေရေးကြေးရေး အကြောင်း လုံးဝ မပြော ဘဲနဲ့ စေတနာ အပြည့်နဲ့ သင်ကြားပေးခဲ့ တာပါ။ ဒါကြောင့်လည်း သူ့ကို ချစ်ကြပြီး အောင်မြင်ကျော်ကြား တဲ့ တပည့်တွေ အများကြီး မွေးထုတ်ပေးနိုင် ခဲ့တဲ့ ဆရာ တယောက် ဖြစ် ခဲ့တာ နေမှာပါ။ 

 နောက်ပိုင်း ကျွန်တော်တို့ သူငယ်ချင်းတွေ ပြင်ပ မှာ ဖွဲ့ထားတဲ့ တီးဝိုင်း အတွက် သင်ကြားပြသ ပေးတာ အပြင် ကျွန်တော်တို့ အဖွဲ့ အတွက် တေးသီချင်းတွေကို ပါ သူရေးပေးခဲ့ ပါတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့ သူဟာ နေ့ရော၊ ညပါ တွေ့ကြရင်း အလွန် ရင်းနှီး ခင်မင်တဲ့ ဆရာ တပည့် ဘ၀ကို မမျှော်လင့် ဘဲ ရောက်ရှိ ခဲ့ပါတယ်။

သူ့အကြောင်းပြောရရင် မပါ မဖြစ်တာ ကတော့ သူ အစားအသောက် အလွန် ခုံမင်တဲ့ အကြောင်းက ထိပ် ဆုံး ကပါ။ ကျွန်တော် နဲ့ စတွေ့ချိန် မှာ သူဟာ အရင်က “ဆိုးသွမ်း မူးယစ် ခဲ့တဲ့ စောဘွဲ့မှူး” မဟုတ်တော့ ဘဲ သူ ကိုးကွယ် တဲ့ “ခရစ်ယာန် ဘာသာဝင်ကောင်း တယောက်” ဖြစ်နေပါပြီ။ 

မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် အားလုံး ကို စွန့်လွှတ် ခဲ့ပြီး ပါပြီ။ သူ ကွယ်လွန်ချိန် အထိ လုံးဝ စွန့် လွှတ်နိုင် ခဲ့ တာပါ။ ဒါတွေ ရဲ့ နေရာမှာ အစားအသောက် နဲ့ များ အစားထိုး သလား မပြောတတ်ပါဘူး။ သူမတူအောင် စားရင်း နဲ့ အ၀လွန်တဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။

ကျွန်တော် ဟာလည်း ငယ်ငယ် ကတည်းက ၀ခဲ့သူဖြစ်ပြီး အစား အသောက် ကြိုက်တာတွေ လည်း အတူ တူဖြစ်နေတော့ ဆရာ တပည့်နှစ်ယောက် အတွဲ ညီခဲ့ ကြပါတယ်။ မနက် အစောကြီး ကျွန်တော့် ရဲ့ မိဘတွေ အိမ်ဖြစ်တဲ့ မောင်ထော်လေးလမ်း ကို သူစီးနေကျ လေးဘီး ကားလေးနဲ့ ရောက်လာ တတ်ပါတယ်။
 (သေသည် အထိလည်း ကိုယ်ပိုင် ကား မရှိခဲ့ ပါဘူး။)

 ပြီးရင် အောက်ကနေ တပြွတ်ပြွတ် နဲ့ ကျွန်တော့် ကို ခေါ်တတ် ပါတယ်။ ထွက်ကြည့်ရင် “ကိုကို.. ၀က်သား သွား စားကြ ရအောင်” ဆိုပြီး ပြောပါတယ်။ ၀က်သား ကိုတော့ အလွန် ကြိုက်တတ်ခဲ့သူ ပါ။ ပြီးရင် ဆရာ တပည့် နှစ်ယောက် (၁၉) လမ်း ဘက် က ၀က်သားနဲ့ ကြာဇံ ကို မနက်စာ တ၀ကြီး အုပ်ကြပါတယ်။ 

ဒါပေမယ့် ကျွန်တော် က နှစ်ပန်းကန်လောက် ဆို ဆက် မစားနိုင်တော့ပါဘူး။ သူ ကတော့ (ပိုတယ် မထင်ကြ ပါနဲ့) (၇) ပွဲ၊ (၈) ပွဲ က အသာလေး ပါပဲ။ တခါ တလေ စားပြီး ခေါင်းထဲ က မူးလို့  မထနိုင်ဘဲ ဆိုင်မှာ ဆက် ထိုင်နေကြ ရပါတယ်။

တခါ ကလည်း သူနေတဲ့ (၃၇) လမ်း အိမ်အောက် မှာ ဖွင့်တဲ့ အုန်းနို့ခေါက်ဆွဲ ဆိုင်မှာ (၇) ပွဲလောက် စားပြီး မထနိုင်တော့ ပါဘူး။ ကျွန်တော့် ကို ဖုန်းဆက်ခေါ်လို့ သွားပြီး စားထား တဲ့ ခေါက်ဆွဲ ဖိုးတွေရှင်း (စားထားတဲ့ ပန်းကန်တွေ ထပ်ထား တာမှ အများကြီး ပါပဲ)၊ သူ့ကို မနိုင်မနင်း တွဲခေါ်ရင်း သူ့အိမ် ပထမထပ် ကို ပို့ခဲ့ရ ပါတယ်။ အဲဒီလောက် အထိ စားတာပါ။ 

ကျွန်တော် လိုက် မစားဖြစ်တဲ့ အခါမျိုးမှာ စားနေရင်း လက်လွန် သွားလို့ ပိုက်ဆံ မလောက်တော့ရင် လည်း ကျွန်တော့် ကို လှမ်းခေါ် ပြီး ပိုက်ဆံ လာရှင်းခိုင်းတတ် ပါတယ်၊

နောက်တခု ကတော့ အပူအပင် မရှိတာပဲဖြစ်ပါတယ်။ ကျွန်တော် တို့ တီးဝိုင်း ခတွေ ရလို့ ပိုက်ဆံရှင်းရင် ရတဲ့ ပိုက်ဆံ ကို လက်ထဲ မှာ ဆုတ်ကိုင်ပြီး (ပိုက်ဆံအိတ် မကိုင်တတ် ပါဘူး) သူ့မိသားစု ကို ကားငှားပြီး သူ့ဆီ လာခိုင်းပါတယ်။ (မိသားစု ကို ချစ်မြတ်နိုးတဲ့နေရာ မှာ လည်း စံပြပါပဲ။)

 ရောက်လာရင် သူ့ဇနီး မဖောဝါး နဲ့ ကလေး ဗုစုခရုတွေ ကို ခေါ်ပြီး ၀က်သား သွားစား၊ Video အခွေ ၀င်ငှား၊ အိမ်ပြန်ပြီး မိသားစုနဲ့ တနေကုန် Video ကြည့်ပါတော့တယ်။ နောက်နေ့ အတွက် ပူပင်ခြင်း သောကတွေ သူ့ဆီမှာ ဘယ်သော အခါမှ မတွေ့ခဲ့ရပါဘူး၊

သူ့ အကြောင်းပြောရင် “ချစ်စမ်းမောင်” အကြောင်း လည်း ချန်ထားလို့ မရပါဘူး။ သူဟာ ချစ်စမ်းမောင် ကို သူ့ သားသမီး အရင်းနဲ့ မခြား သံယောဇဉ် တွယ်ပြီး ပညာ အမွေတွေ ပေးခဲ့တာ ပါ။ အောင်မြင်မှု လမ်းကြောင်းပေါ် ကိုလည်း သူကိုယ်တိုင် ပဲ ဆွဲတင်ပေးခဲ့ သူပါ။ သူက ချစ်စမ်းမောင် ကို “ဖိုးခွားလေး” လို့ ခေါ် ပါ တယ်။ 

ကျွန်တော်တို့ ကျန် အဖွဲ့သားတွေ က ညီလေး အရွယ်မို့ “ညီလေး” လို့ခေါ်ကြရင်း က ဂီတလောက ထဲ မှာတော့ “ကိုညီလေး” လို့ သူ့ကို ခေါ်ကြပါတယ်။

အဲဒီ ဖိုးခွားလေး ကို အိမ်မှာ သင်၊ Studio မှာ သင်၊ ခွေတွေ မှာ ၀င်တီးခိုင်းရုံတင် မကဘဲ ကျွန်တော့်အိမ် ကို ခေါ်လာပြီး Guitar Lesson ခွေတွေ ကို ပြလေ့ ရှိပါတယ်။ (အဲဒီခေတ် က အောက်စက် လို့ ခေါ်တဲ့ Video Deck က အိမ်တိုင်း မှာ မရှိသေးပါဘူး။) ပြီးရင် စင်ပေါ်တင်ပြီး ပွဲထုတ်ပေးပါတယ်။

နာမည် ရမယ့် တီးလုံးတွေ ကို သူ မတီး ဘဲနဲ့ ချစ်စမ်းမောင် ကို ပေးတီးပါတယ်။
ဘာတဲ့ ….. “အသက် (၁၇ )နှစ် ပဲ ရှိသေးတဲ့ မြန်မာပြည် ရဲ့ အသက် အငယ်ဆုံး Guitar သူရဲကောင်းလေး ချစ်စမ်းမောင် ဖြစ်ပါတယ် ခင်ဗျား…..”ဆိုတာ သူကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။ 

ဒီလို ဆရာမျိုး လောကကြီး မှာ ဘယ်နှစ်ယောက် ရှိနိုင်မလဲလို့ တွေးကြည့်မိ ပါသေးတယ်၊
နောက် ကျွန်တော် တို့ Symphony တီးဝိုင်း၊ နောင် Iron Cross ဆိုပြီး ဖြစ်လာတဲ့ အချိန် အထိ ကျွန်တော်တို့ကို ဘယ်သူ မှ မသိလို့ “စောဘွဲ့မှူး ဦးစီးသော” ဆိုပြီး အမည်ပေး ကြော်ငြာ ခဲ့ရပါတယ်။ 

ဒါကို သူက နောက်ပိုင်း ကျွန်တော် တို့ နာမည်ကြီး လာပြီး နောက်ပြောင် စကားနိုင် လုကြတဲ့ အခါမှာ “မင်း တို့ ကို အခုမှ လူသိတာ၊ အရင် ကတော့ ‘စောဘွဲ့မှူး ဦးစီးသော’ ဆိုပြီး လုပ်ခဲ့ ရတဲ့ကောင်တွေ” ဆိုပြီး အနိုင် ယူတတ်ပါတယ်။

ရီစရာ အလွန် ပြောတတ် သလို Own Tune တွေလည်း ပြောတတ် ပါတယ်။ Own Tune တွေ တကယ် အရေးကောင်း သလို မဟုတ်တာ ကို ဟုတ်အောင် ဇာတ်လမ်း စဉ်ပြီး Own Tune လုပ်တတ် ပါတယ်။ ရီစရာ အကြောင်း တခုကို ရခိုင် က လာတဲ့ သူနဲ့တွေ့ရင် ရခိုင်မှာ တုန်းက ဆိုပြီး Own တတ်သလို၊ ကချင်ပြည်နယ် က လာတဲ့ သူနဲ့တွေ့ရင် တခါက မြစ်ကြီးနားမှာ ဆိုပြီး ပြောတတ်ပါတယ်။ 

အမြဲ အတူနေကြတဲ့ သူတွေဖြစ်တော့ အကြောင်း သိတွေမို့ ကျွန်တော်တို့ က လူရှေ့မှာ သူ့ကို “ကိုဘွဲ့ Own ပြန်ပြီ” လို့ ပြောရင် သူက ကျွန်တော်တို့ ကို “ခွေးသားလေးတွေ” ဆိုပြီး ဆဲတတ် ပါတယ်။ တကယ်တော့ စိတ် မဆိုးပါဘူး။

ကျွန်တော်တို့ ကလည်း အစ သန်တော့ တခါက သူ့ကို “ကိုဘွဲ့ ဒီနှစ် ရုပ်ရှင်နောက်ခံတေး နဲ့ အကယ်ဒမီ ရမယ် ကြားတယ်” ဆိုပြီး နောက်ကြပါတယ်။ သူကလည်း ကျွန်တော်တို့ ကို အမှတ် မရှိဘဲ တကယ်ယုံပြီး ပွဲမှာ ၀တ်ဖို့ Suit တွေ ဘာတွေ တကယ် သွားအပ်နေ ပါပြီ။ 

အစ အနောက် အသန်ဆုံး ခင်မောင်သန့် က “ကိုဘွဲ့… အကယ်ဒမီ ပွဲ တက်မယ် ဆိုရင် မုတ်ဆိတ်ပါ ရိပ်ရ မယ်” ဆိုပြီး နောက်တာ တကယ် ယုံပြီး မုတ်ဆိတ် ရိတ်မယ် လုပ်တော့ မှ မနည်း ပြန်ဖြည် ယူရပါတယ်။ ကျွန်တော်တို့ ကလည်း ပီပြင်အောင် ရုပ်ရှင် ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေက အစ ဖုန်းဆက်ခိုင်းပြီး အပီအပြင် စီစဉ် ခဲ့တာကိုး။

Iron Cross ဖြစ်တည်စ အချိန်မှာ အလုပ်ကလည်း သိပ် မရ၊ အားလုံး ကလည်း Session ထွက်တီးကြနဲ့ Iron Cross ဆိုတာ ကျွန်တော် တယောက်တည်း ဖြစ်နေခဲ့ဖူး ပါတယ်။ ကိုဘွဲ့ နဲ့ ချစ်စမ်းမောင် က Success နဲ့သွား တီး (Success က စိုးလွင်လွင်၊ ကိုင်ဇာ တို့ နဲ့ အရမ်း နာမည် ရနေတဲ့ အချိန်) ၊ ခရမ်း နဲ့ ခင်မောင်သန့် က New Wave နဲ့ Session သွားခုတ်၊ Keyboards ကလည်း Permanent မဖြစ်သေးတဲ့ အချိန် ဆိုပါတော့။

တစ်ရက် မှာ ကျွန်တော် က အဖွဲ့သား အားလုံးကို အစည်း အဝေးခေါ်ပါတယ်။ Session ဆက်တီးနေကြမယ် ဆိုရင် Iron Cross ဆိုတာ လည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် Session ဆက်တီးကြမယ် ဆိုရင် ကျွန်တော် တီးဝိုင်း က ထွက်မယ်။ မတီးဘဲ တလ၊ နှစ်လ လောက် အောင့်နေမယ် ဆိုရင် ကျွန်တော် အလုပ် ရအောင် ရှာပေးမယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒီအကြောင်း ကို အခုပြောပြ ရတာက အဲဒီ့ အချိန်တုန်းက ကိုဘွဲ့မှူးနဲ့ ခင်မောင်သန့် က လွဲရင် အားလုံးက လူပျိုတွေပါ။ အဲဒီတော့ အိမ်ထောင်သည်တွေ ရဲ့ သားကျွေးမှု၊ မယားကျွေးမှု တွေ ကို ကိုယ်ချင်း မစာတတ် ခဲ့ဘဲ ကိုယ်ဖြစ်ချင် တာ တခုတည်းကြည့်ပြီး ပြောခဲ့ မိတာကို ကိုယ် အိမ်ထောင်ကျမှ သိခဲ့ရ လို့ပါ။ 

ခင်မောင်သန့် က အိမ်ထောင်သည် ဆိုပေမယ့် သူ့ထက် စာရင် ကလေး ဗုစုခရုတွေ အများကြီး နဲ့ ကိုဘွဲ့ အတွက် Session မတီးရတော့ရင် ၊ Iron Cross အနေနဲ့ လည်း အလုပ် မရသေးခင် သူ့ မိသားစု တစုလုံး ရပ်တည်ရေး အတွက် တကယ့် ကို ရင်လေးစရာပါ။ 

ဒါပေမယ့် ကိုဘွဲ့ ဟာ ကျွန်တော်တို့ အဖွဲ့သားတွေ ကို ချစ်တဲ့စိတ်၊ ယုံကြည်တဲ့ စိတ် တခုနဲ့ ပဲ Session တီးတာ ကို ရပ်ပစ် ခဲ့ပါတယ်။ အဲဒီ့ အချိန်က သူ ကျွန်တော့်ဆီ ဖုန်းဆက် ရင် ပြောနေကြ စကားလေးတွေ မှတ်မိနေပါသေးတယ်။

“ကိုကို ……. အလုပ်မြန်မြန် ရှာပေးနော်၊ ဒီမှာ ငတ်ကုန်လိမ့်မယ် တဲ့….။”
ကျွန်တော် က ကြိုးစားနေတဲ့ အကြောင်း၊ လက်ရှိ အခြေအနေ ကို ရှင်းပြတော့မှ “နောက်တာပါ ကွာ…. I believe in you” ဆိုပြီး ပြန်ပြောတတ် ပါတယ်။ အဲဒီ့ လို သူဟာ “ခေါင်းဆောင် တယောက်” အနေနဲ့ ဆုံးဖြတ်ချက် ချပြီး အဖွဲ့ အပေါ်မှာ ယုံကြည် အနစ်နာ ခံခဲ့လို့လည်း Iron Cross ဆိုတာ ဖြစ်လာ ခဲ့တာပါ၊

အမြဲလို နေမကောင်း ဖြစ်နေကျ ဆိုတော့ နောက်ဆုံး သူတကယ် နေမကောင်းဖြစ် လို့ Studio ကနေ အိမ်ပြန် မယ်လုပ်တော့ ကျွန်တော်တို့ က နေမကောင်းတာ ကို အကြောင်းပြပြီး Video ပြန်ကြည့် မလို့လား ဆိုပြီးတောင် နောက် ခဲ့ကြပါသေးတယ်။ 

ဒါပေမယ့် သူ ဆေးရုံတင်လိုက် ရပြီ ဆိုပြီး ကျွန်တော်တို့ လိုက်သွား တဲ့ အချိန်မှာ သူ ကျွန်တော်တို့ကို စကား မပြောနိုင်တော့ပါဘူး။ 

သူ ဆုံးတော့ (၃၉) နှစ်ပဲ ရှိပါသေးတယ်။အ၀ လွန်ပြီး ရောဂါပေါင်းစုံ ဖြစ်နေတဲ့သူ ဆိုတော့ အဆုတ် အအေး ပတ်ပြီး နေမကောင်းဖြစ်ရာ က ဆေးရုံတက် လိုက်ရပြီး အိမ်မပြန်နိုင်တော့ ဘဲ သူချစ်တဲ့ မိသားစု၊ သူချစ်တဲ့ Iron Cross နဲ့ သူ့ ပရိသတ်တွေ ကို ခွဲသွားခဲ့ရတာပါ။

ကိုငြိမ်းချမ်းအေး အနေ နဲ့ ကိုဘွဲ့ အမှတ်တရ မိုးမခ အွန်လိုင်း မီဒီယာ မှာ ဒီလို စီစဉ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုဘွဲ့ အကြောင်း ကို ပြည့်ပြည့်စုံစုံ ပြောရမယ် ဆိုရင်တော့ မလွယ်လှပါဘူး။ ကျင်လည် ခဲ့တဲ့ ဘ၀အစုံ မှာ အမှတ်ရစရာတွေ ကလည်း များလွန်းလှပါတယ်။ 

ကျွန်တော် ရေးပြခဲ့တာတွေ က သူ့ ပုံကြမ်းလေးပေါ်ရုံလောက် ဖြစ်မယ် ဆိုရင်တောင် ရေးရကျိုး နပ်ပါပြီ။

 ဒေါက်တာကိုကိုလွင် (Iron Cross)
၂၄၊ ဇူလိုင်၊ ၂၀၁၃

Credit : မိုးမခ

လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလ (၂၈ မတ်လ ၁၉၉၃ ခုနှစ်) ။
IC Founder ကြီး “စောဘွဲ့မှူး” ကို အဖွဲ့သားများနှင့် တွေ့ရစဉ်။


ဒီပုံ ကိုကြည့်ပြီးတော့ IC အဖွဲ့သားတွေ ဘယ်လောက် စည်းလုံးကြတယ်၊ စောဘွဲ့မှူးကို ဘယ်လောက် ချစ်ခင်ကြတယ် ဆိုတာ တွေ့ရမှာပါ။

From...   Lay Phyu Crazy

No comments:

Post a Comment