Tuesday, May 19, 2015

ကြီးမား လာတဲ့ လူမှောင်ခို ကုန်ကူးမှု များ၊ ရင်းမြစ် နဲ့ အန္တရာယ်

Shwe Myanmar's photo.

မေ ၁ ရက်နေ့ ကမ္ဘာ့ အလုပ်သမားနေ့ မှာမှ တိုက်တိုက် ဆိုင်ဆိုင် ဒေသတွင်း နဲ့ နိုင်ငံတကာ က ပြည်သူ လူထုတွေ ထိတ်လန့် တုန်လှုပ် သွားခဲ့ရတဲ့ အရုပ်ဆိုးတဲ့ဖြစ်ရပ် တခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါ ကတော့ ထိုင်းနိုင်ငံ ဆွန်ခလာ ခရိုင် ထဲက မလေးရှား နယ်စပ်မှာ ရှိတဲ့ ဖဒန်းဘာဆာ မှာ ထိုင်းရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ ၀င်တွေက ပုပ်သိုး ယိုယွင်းနေပြီဖြစ်တဲ့ လူသေ အလောင်း ၃၃ လောင်းကို တူးဖော်တွေ့ရှိ ခဲ့တဲ့ ဖြစ်ရပ်ပါ။

ထိုင်း ရဲတပ်ဖွဲ့ ကတော့ အဲဒီလူသေ အလောင်းတွေ ဟာ မြန်မာနိုင်ငံ က ရွှေ့ပြောင်း လာကြတဲ့ ရိုဟင် ဂျာ တွေ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ အဲဒီ လို တွေ့ရှိ ခဲ့တာ ဟာ မလေးရှားနိုင်ငံသား တစ်ဦး က မလေးရှား မြို့တစ်မြို့ဖြစ်တဲ့ ဖဒန်ဘာဆာ နားက ထိုင်း နယ်မြေ ထဲမှာ ကြီးမားတဲ့ သင်္ချိုင်း တခုကို တွေ့ရှိခဲ့တယ် ဆိုတဲ့ သတင်းပေးမှုကြောင့် ထိုင်း နယ်စပ် အာဏာပိုင် တွေက သွားရောက် စစ်ဆေးကြည့်ရှု ခဲ့လို့ မြေမြှုပ်ထားတဲ့ အလောင်းတွေ ကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။


 Shwe Myanmar's photo.


အဲဒီနေရာ အနား မှာ မြေ မမြှုပ်ရသေးတဲ့ အလောင်း တလောင်း ကိုလည်း တွေ့ရှိ ခဲ့ရပါတယ်။ နောက် အဲဒီ လို တောတွင်း စခန်းနောက်တစ်ခု မှာလည်း နောက်ထပ် သင်္ချိုင်း ၅ ခု ကို ထပ်ပြီး တွေ့ရှိ ခဲ့ရတဲ့အတွက် လက် ရှိ အာဏာသိမ်း ထိုင်း ၀န်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က လူကုန်ကူးမှု နဲ့ ဆက်စပ်နေတဲ့ ထိုင်း အစိုးရ အရာရှိတွေ ကို ပြင်းပြင်း ထန်ထန် အရေးယူမယ် လို့ သတိပေးခဲ့ ရပါတယ်။



 Shwe Myanmar's photo.

ထိုင်း အာဏာပိုင်တွေ ရဲ့ ဆက်လက် စုံစမ်းမှုတွေ အရ နောက်ပိုင်း မှာ အဲဒီဒေသ ဟာ ထိုင်းနိုင်ငံ ထဲကို ခိုးဝင် လာခဲ့ကြတဲ့ အရေ အတွက် ၂၀၀၊ ၃၀၀ လောက် ရှိတဲ့ ရိုဟင်ဂျာတွေ အသုံးပြုခဲ့ကြ တဲ့နေရာ ဖြစ် တယ် လို့ သိရှိခဲ့ရပါတယ်။ 

 ရွာသူ ရွာသားတွေ ရဲ့ အဆိုအရ အဲဒီ ရွှေ့ပြောင်း ရိုဟင်ဂျာတွေ ဟာ နာမကျန်းဖြစ် တာကြောင့် သေဆုံးခဲ့ ရတဲ့ သူတွေ ဖြစ်နိုင် သလို အချင်းချင်း ရန်ဖြစ် တိုက်ခိုက် ကြလို့ သေဆုံး ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်း အာဏာပိုင်တွေ အဲဒီနေရာ ကို ရောက်သွားတဲ့ အချိန် မှာ တော့ သူတို့ မရှိကြတော့ဘဲ နယ်စပ် ကိုဖြတ်ပြီး မလေးရှားနိုင်ငံ ဘက် ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ယူဆရပါတယ်။

ထိုင်း ဘုရင့် ရဲတပ်ဖွဲ့ ရဲ့ ကော်မရှင်နာ ဗိုလ်ချုပ်ကြီး ဆွမ်းရော့ ဖမ်ဖန်မောင် ကတော့ အဲဒီ သင်္ချိုင်း တွေ့ရှိမှုနဲ့ အဲဒီနေရာ ဟာ လူမှောင်ခို ကုန်ကူးသူတွေ က ထိန်းသိမ်းရေး စခန်းအဖြစ် အသုံးပြု  ခဲ့တဲ့နေရာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ ပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ ရဲ့ ဆက်လက် ရှာဖွေတွေ့ရှိမှု အရ အဲဒီလို လူမှောင်ခို ကုန်ကူး သမားတွေ အသုံးပြုခဲ့ တဲ့ သင်္ချိုင်းနေရာ ၃၀ ကျော် ကို မလေးရှားနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း မှာ ထပ်မံတွေ့ရှိ ခဲ့ ရပြီး မေ ၇ ရက်နေ့မှာ လည်း ဆွန်ခလ ဟတ်ယိုင် ခရိုင် မှာ မေလ ၁ ရက်နေ့ မှာ တွေ့ရှိ ခဲ့တဲ့ အစုလိုက် အပြုံလိုက် မြှုပ်နှံ ထားတဲ့ သင်္ချိုင်း တခု ကို ထပ်ပြီး တွေ့ရှိခဲ့ရပါတယ်။

အဲဒီနေရာတွေ အားလုံး ဟာ လူမှောင်ခို ကုန်ကူး သမားတွေ အသုံးပြုခဲ့တဲ့ တောတွင်း စခန်းတွေ တည် ရှိ ခဲ့တဲ့ နေရာတွေ ဖြစ်ပြီး သူတို့မြှုပ်နှံ ခဲ့တဲ့ သင်္ချိုင်းတွေ လည်း ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ ပါတယ်။

 တောတွင်း စခန်း တခုကို ရဲ က ၀င်ရောက် စီးနင်း ရာမှာ ထွက်ပြေး လာကြတဲ့ ယောက်ျားလေး ၂ ယောက် ကို ရဲက တွေ့ရှိ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး စစ်ဆေးလိုက်တဲ့ အခါ အကြီးကလေး က “ရဲတွေ စခန်းကို ၀င်စီးတဲ့ အချိန်မှာ ကျနော်တို့ အနားက စခန်း တခုကို ထွက်ပြေးရတာပါ” လို့ ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံ စစ်တွေ က ဖြစ်ပါတယ်။ သူ့ သူငယ်ချင်းဖြစ်သူ ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း က ဖြစ်ပါတယ်။ သူတို့လို ကလေးငယ်ပေါင်း ဘယ်လောက် ဒီလို တောတွင်း လူကုန်ကူး စခန်းတွေမှာ ရှိနေခဲ့ ပါပြီလဲ။

 ယောက်ျား၊ မိန်းမပေါင်း ဘယ်လောက် ရှိခဲ့ ရှိနေပါပြီလဲ။ မသိနိုင် ပါဘူး။ ထိုင်း အစိုးရ ကတော့ သူတို့နိုင်ငံ ဟာ လူကုန်ကူး သမားတွေ ရဲ့ ခိုနားရာ နေရာ တခု ဖြစ်လာနေတဲ့ မကောင်း သတင်းကြောင့် လူမှောင်ခို ကုန်ကူး သမားတွေကို စတင် တိုက်ခိုက် ချေမှုန်းနေပြီး လူမှောင်ခို ကုန်ကူးသူ အများအပြားကို ဖမ်းဆီးနိုင်ခဲ့ သလို ဒါဇင် နဲ့ ချီတဲ့ ပြည်သူ့ ၀န်ထမ်းတွေကို လည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေ နဲ့ လူမှောင်ခို သမားတွေ တောတွေ ထဲမှာ လိုက်တမ်းပြေးတမ်း ကစားနေတဲ့ အချိန်မှာ ဘာမှ မတတ်နိုင် တဲ့ လူကုန်ကူးခံ သားကောင်တွေ ဟာ ဒီထက် ပို အန္တရာယ်ကြီးတဲ့ အခြေအနေ တရပ်ကို တွန်းပို့ ခံရသလို မျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

လှေနဲ့ ပင်လယ်ပြင် ကို ဖြတ်ကူး ထွက်ပြေးကြသူ ဒုက္ခသည်တွေ ကို ကူညီနေတဲ့ အာရကန် စီမံချက် (Arakan Project) က ခရစ်လေ၀ါ က “ဒီလို ၀င်ရောက် စီးနင်းမှုတွေ ကို လွန်ခဲ့တဲ့ လပိုင်းက စပြီး လုပ်လာတော့ လူမှောင်ခို သမားတွေ ဆက်တိုက်ပြေးနေ ရပြီး မကျန်းမမာ ဖြစ်နေတဲ့ သူတို့ ရဲ့ သားကောင်တွေကို ပစ်ထား ခဲ့ကြတာပေါ့” လို့ ပြောခဲ့ပါတယ်။

မကြာသေးခင် လတွေ အတွင်း မှာတော့ လူမှောင်ခို သမားတွေဟာ သူတို့ ကို ထိုင်းနိုင်ငံ ထဲ ခိုးသွင်းရမယ့် အန္တရာယ် ကို ရင်ဆိုင်မယ့် အစား အပြည်ပြည်ဆိုင်ရာရေပိုင်နက် ဘက်ကို လှေတွေ နဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကို ကူးပြောင်း သယ်ဆောင် လာခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ မွတ်စလင် လူငယ် အသင်း က အဗ္ဗဒူအဇစ် ကာဒေအင် ကတော့ “ရွှေ့ပြောင်း သူတွေ က သူတို့ လာကြတာ ကို ခဏလောက် ရပ်ချင် လည်း ရပ်ထားနိုင် သလို မလေးရှား နဲ့ အင်ဒိုနီးရှား ကို ပင်လယ်ပြင် ကနေ တိုက်ရိုက် သွားဖို့ တခြားလမ်းကြောင်း ကိုလည်း သုံးချင် သုံးနိုင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံ ဟာ လူမှောင်ခို ကုန်ကူး သူတွေရဲ့ လူရှာဖွေရာ၊ ကူးပြောင်း ပေးရာနဲ့ ဦးတည် ရာနေ ရာတခု ဖြစ်နေ ခဲ့တာ ကြာပါပြီ။ လူမှောင်ခို ကုန်ကူးသူတွေ က လိင်အရ၊ လုပ်အား အရ ခေါင်းပုံဖြတ် ဖို့ အတွက် အသုံးပြုနေတဲ့ အရေးပါ တဲ့ မဟာမဲခေါင်ဒေသ ရဲ့ ဗဟိုချက်မ နေရာ တခုလို့ ပြောရမှာပါပဲ။

ထိုင်းနိုင်ငံ တွင်းမှာ ရှိကြတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေ၊ တိုင်းရင်းသား လူနည်းစုတွေ နဲ့ နိုင်ငံ မဲ့တွေဟာ ထိုင်းနိုင်ငံ သားတွေထက် ပိုပြီး လူကုန်ကူး ခံရဖို့ အန္တရာယ် ရှိနေကြပါတယ်။ ပြီးတော့ သူတို့တွေရဲ့ မှတ်ပုံတင် လက်မှတ်တွေ၊ ခရီးသွား လက်မှတ် နဲ့ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်တွေ ကို အလုပ်ရှင်တွေရဲ့ သိမ်းဆည်း ထားတာမျိုး ကိုလည်း ပိုပြီး ခံကြရပါတယ်။ 

ကျွမ်းကျင်မှု နိမ့် လုပ်ငန်းတွေ နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ အတွက် ရွှေ့ပြောင်း နေထိုင်ကြတဲ့ ထိုင်း လူမျိုးတွေ ဟာလည်း အဓမ္မလုပ်အားစေခိုင်း ခံရနိုင်တဲ့ အခြေအနေ၊ ကြွေးတင် ကျွန်ဖြစ်ရတဲ့ အခြေအနေမျိုးအောက် ကို ရောက်သွားနိုင်ပါတယ်။

ထိုင်း လူမျိုးတွေကို နိုင်ငံရပ်ခြား ကို လူကုန်ကူး ပို့ ကျွန်ပြုကြတဲ့ လူမှောင်ခို ကုန်ကူးသူတွေ ရဲ့ ကွန်ယက် ရဲ့ စည်းရုံး စုစည်းနိုင်မှု နဲ့ လုပ်ငန်း လုပ်ဆောင် မှုတွေဟာ နိုင်ငံခြားသားတွေ ကို ထိုင်းနိုင်ငံ ထဲ လူမှောင်ခို ကုန်ကူး  သူတွေထက် ပိုပြီး စနစ်ကျ ကောင်းမွန်ပေမယ့် တရားဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေ နဲ့ အလုပ်ရှင်တွေ ရဲ့ ပူးပေါင်း ပါဝင်မှုတွေ လည်း ရရှိကြပါတယ်။ 

ထိုင်းနိုင်ငံသား အတော်များများ ဟာ အလုပ်သမား သစ် ရှာဖွေ စုဆောင်ရေး ကိုယ်စားလှယ် လုပ်ငန်းတွေ ရဲ့ သွေးဆောင် သိမ်းသွင်း တာကို ခံကြရပြီး အဲဒီ ကိုယ်စားလှယ် လုပ်ငန်းတွေ ကို ပေးရမယ့် အကြွေးတွေ ကလည်း ပိနေတဲ့ အတွက် မလုပ်ချင် တဲ့ အလုပ်ကြမ်းတွေ နဲ့ လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ ကို ခံကြရပါတယ်။

ထိုင်းနိုင်ငံ ဟာ မြန်မာ၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန် နဲ့ တရုတ်နိုင်ငံတွေ က သားကောင်တွေ ကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ရုရှား၊ အနောက်ဥရောပ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေ ကို တင်ပို့ ဖို့ အကူး အပြောင်း လုပ်ရာ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ က လူကုန်ကူး ခံ သားကောင်တွေ ကတော့ ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာ လုပ်ငန်း၊ လုပ်ခ နည်း အထည်ချုပ် လုပ်ငန်း နဲ့ အိမ်အကူ လုပ်သားဘ၀တွေ အဖြစ် အလုပ် လုပ်ကြရ တာ များပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေ က ကလေးတွေ ဆိုရင်လည်း ပန်းရောင်း၊ အိတ်ရောင်း ဒါမှ မဟုတ် မြို့ပြ အိမ်အကူ လုပ်သားလေးတွေ အဖြစ် အဓမ္မ သွတ်သွင်း ခံကြရပါတယ်။ သက်သေ အထောက်အထားတွေ အရ အဲဒီ ကဏ္ဍတွေ ထဲကို အဓမ္မ သွတ်သွင်းပေးနေတဲ့ ယောင်္ကျား၊ မိန်းမနဲ့ ကလေးတွေ ကို လူမှောင် ခို ကုန်ကူးမှုဟာ ထိုင်းနိုင်ငံ ရဲ့ အလုပ်သမား လူမှောင်ခို ကုန်ကူးမှု အားလုံးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။

အမျိုးသမီးတွေ နဲ့ ကလေးသူငယ်တွေ ကို လိင်ရောင်းဝယ်ဖောက်ကားမှု အရ ခေါင်းပုံဖြတ် လူကုန်ကူးနေ တဲ့ ပြည်တွင်း လူကုန်ကူးမှု လည်း ထိုင်းနိုင်ငံ မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ 

တိုင်းရင်းသား လူနည်းစုတွေ နဲ့ မြောက်ပိုင်းတောင်ပေါ်ဒေသ က အမျိုးသမီးတွေ၊ မိန်းကလေး ငယ်တွေဟာ အထူး သဖြင့် သူတို့ရဲ့ နိုင်ငံ မဲ့ အခြေအနေကြောင့် အဲဒီလို လူကုန်ကူးခံကြရတာပါ။

ယူနက်စကို တာဝန်ရှိ ပုဂ္ဂိုလ်တွေ ကတော့ တရားမ၀င် အဆင့် ဟာ လူကုန်ကူး ခံရမှု အတွက် တခု တည်းသော အကြီးမားဆုံး အန္တရာယ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံ ဟာ အရှေ့တောင် အာရှဒေသတွင်း နဲ့ ဒေသပြင်ပ အထိ လူမှောင်ခို ကုန်ကူးသူ တို့ရဲ့ ခရီးဦးတည်ရာ၊ အကူး အပြောင်းလုပ်ရာ နေရာတခု ဖြစ်နေ သလို လူမှောင်ခို ကုန်ကူး ဂိုဏ်းတွေ ကူးလူး ကျက်စားရာနေရာ တခုလည်း ဖြစ်နေတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။

ထိုင်း အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး ကို ကြိုးပမ်းဆောင်ရွက်နေတယ် လို့ ဆိုပေမယ့် အဲဒီ အားထုတ်မှု ကို အဟန့် အတားဖြစ်နေတဲ့ ပြဿ         နာတချို့  ကတော့ လူကုန်ကူးမှု မှာ ရဲတပ်ဖွဲ့ ရဲ့ ပါဝင် ပတ်သက်မှု အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်မှု၊ အကျင့်ပျက် လာဘ်စား မှုတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် မလိုလားမှု၊ 

အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေ အပေါ် စနစ်တကျ စောင့်ကြည့်မှုရှိမှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒေ သ ဆိုင်ရာ အရာရှိ တွေကြား နားလည်မှု မရှိမှု အလုပ်သမားတွေရဲ့ အလုပ်ခွင်နစ်နာမှု ဆိုင်ရာ အမှုတွေ အပေါ် တရားရုံးတွေရဲ့ လူ့အခွင့်အရေးအခြေပြု ချည်းကပ်မှု မရှိမှုနဲ့ လူကုန်ကူးခံရသူတွေ ကို သတ်မှတ် ဖော်ဆောင် ရာမှာ စနစ် တကျ လစ်ဟာ အဟန့် အတားဖြစ်စေမှု တို့ ဖြစ်တယ်လို့ လူကုန်ကူးမှု ဆန့်ကျင်ရေး အန်ဂျီအိုတွေ ရဲ့ အစီရင်ခံစာတွေ က ဖော်ပြကြပါတယ်။

တကယ်တော့ လူမှောင်ခို ကုန်ကူး သူတို့ရဲ့ သားကောင်ဖြစ်ရရှာသူ ရွှေ့ပြောင်း နေထိုင်ကြသူတွေ ဒီလို အင်နဲ့ အားနဲ့ ရှိလာကြရတာဟာ သူတို့ မိခင်နိုင်ငံတွေ၊ အစိုးရတွေ ရဲ့ ဖိစီးနိှပ်စက်မှု၊ ညံ့ဖျင်းချွတ်ခြုံကျနေတဲ့ စီးပွားရေးကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု တွေကြောင့် ဖြစ်ရတာပဲ ဆိုတဲ့ အချက်ကိုတော့ လက်ခံကြ ရ မှာပါပဲ။ ။


စိုးနေလင်း
http://burmese.dvb.no/archives/92144

No comments:

Post a Comment