Wednesday, June 10, 2015

ရန်ကုန်မြို့ ဧရိယာ ကို အကောင်းဆုံး ဘယ်လို ချဲ့မလဲ

ဒလမြို့တွင်း တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)

စပါးစိုက်ပျိုးသည့် လယ်ကွင်း များ အကြားမြေ နီ လမ်းသွယ်လေး ၏ တစ်ဖက် တစ်ချက်တွင် ယခုရက်ပိုင်း အတွင်း ဓာတ်တိုင်များ လာ ရောက် သွယ်တန်းနေသည် ကို တွေ့ရှိရသဖြင့် တွံတေးမြို့နယ်မှ တမာတကော ရွာသားကြီး ဦးသိန်းစိုးဝင်း တစ်ယောက် အထူး အ ဆန်း ဖြစ်နေသည်။

ရန်ကုန်-တွံတေး ကားလမ်း နံဘေး တမာတကောရွာသား ဦးသိန်းစိုးဝင်း ၏ အတွေးတွင် မူ ပြီးခဲ့သည့်နှစ်က တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် လုပ်ဆောင်မည် ဟု ကြေညာပြီးမှ ရပ်ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်း ပြန် လည် စတင်တော့မည်လားဟု တွေး တောမိလျက်ရှိသည်။

ဦးသိန်းစိုးဝင်းတွေးမိ သကဲ့ သို့ အဆိုပါ နေရာ အပါအ၀င် ရန်ကုန်၏ မြို့စွန် မြို့နယ်ပေါင်း ခုနစ်မြို့နယ်၏ စတုရန်းမိုင် ၁၀၀ ကျော် တွင် မြို့သစ် အဖြစ် တိုးချဲ့ရန် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက စီစဉ်၍  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ပြီးခဲ့သည့် မေလက တင်ပြထား ခဲ့ပြီး ဖြစ်သည်။

‘‘လက်ရှိ ရန်ကုန် ရဲ့ ဧရိယာ ၃၄၀ စတုရန်းမိုင် ရှိတယ်။ အဲဒါ ကို မိုင် တစ်ရာကျော်လောက် ထပ်ချဲ့ဖို့ လွှတ်တော် ကိုတင်ပြီး သွားပါပြီ။ လွှတ်တော်က အတည်ပြု တာနဲ့ လုပ်ငန်း စလို့ရပါပြီ’’ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး က ပြောသည်။

သို့သော် ၂၀၁၄ တွင် တိုင်း ဒေသကြီး အစိုးရနှင့် စည်ပင် အစီ အစဉ်နှင့် ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် တိုးချဲ့ရန်စီစဉ်နေ သည့် မြို့သစ် စီမံကိန်း မှာ ပွင့်လင်းမြင်သာမှု မရှိဘဲ နီးစပ်ရာ ကုမ္ပဏီ သို့ လုပ်ကိုင် ခွင့်ပြုခဲ့၍ မီဒီယာနှင့် အမတ်အချို့ က ဖိအားပေးသဖြင့်  မြို့သစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ရ ဖူးသည်။


 
မှော်ဘီ၊ လှည်းကူး၊ ထန်း တပင်၊ ဒဂုံ(အရှေ့)၊ သန်လျင်၊ ဒလ၊ တွံတေးမြို့နယ် များတွင် မြို့သစ် စီမံကိန်းများ အဖြစ် တိုးချဲ့ရန် လျာထားသည်။ အဆိုပါ အစီအ စဉ်မှာ ၂၀၁၃ က မြို့တော်စည်ပင် နှင့် JICA တို့ ပူးပေါင်းရေး ဆွဲခဲ့ သည့် မြို့ပြစီမံကိန်း အစီအမံအရ တိုးချဲ့ရန် ပြင်ဆင်လာခြင်း ဖြစ် သည်။

လူဦးရေ ငါးသန်းကျော်၊  ၃၀၆ စတုရန်းမိုင် ရှိသည့် ရန် ကုန်ကို နိုင်ငံတကာ စံနှုန်းအရ တစ်နှစ်လျှင် လူဦးရေ တိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့် တွက်ချက် ပါက ၂၀၅၀ တွင် ရန်ကုန်၏လူဦးရေ မှာ ၁၅ သန်းမှ သန်း ၂၀ အထိ ရှိလာနိုင်သည်ဟု ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲသည့် ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) က  ခန့် မှန်းထားသည်။

ထို့ကြောင့် မြို့သစ် ဧရိယာ များအဖြစ် မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ သန်လျင်၊ ဒလ၊ တွံ တေးမြို့နယ် များ တွင် တိုးချဲ့ ပါက အိမ်ရာ ယူနစ်ပေါင်း ခြောက်သိန်း ကျော် ကို လူနေရန် ဖန်တီးပေးရ မည်ဟု JICA က ခန့်မှန်းတွက် ချက်ပေးထားသည်။

ထိုကြောင့် အဆိုပါ ဧရိယာ များအားလုံး ကို လွှတ်တော် က အ တည်ပြုလိုက် ပါက ရန်ကုန်မြို့ သစ် စီမံကိန်း အဖြစ် ပေါ်ထွက် လာတော့မည် ဖြစ်သည်။ ဒေသခံ များ က စီမံကိန်း တွင် ပါဝင်ဖွယ်ရှိ သော နေရာများကို မှန်းဆ လျက် စမ်းတ၀ါးဝါးဖြင့် မျှော်လင့်နေကြ ပြီ ဖြစ်သည်။

‘‘ကျွန်တော်တို့ က ရန်ကုန် နဲ့ မြစ်တစ်ဖက်ကမ်း ပဲ ခြားတယ်။ ဒါပေမဲ့ လူမှုဘ၀တွေ က အရမ်း ကြီးတိုးတက် မလာသေးဘူး’’ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်း အ လတ်ချောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်စိုးဝင်း က ပြော သည်။

ရန်ကုန်မြို့ သို့ လာရောက်ရန် တံတား မရှိသဖြင့် လှိုင်သာယာ မှ ကွေ့ပတ်၍ လာရောက်ရခြင်း၊ အလုပ် အကိုင် အခွင့်အလမ်း ရှား ပါးခြင်း၊ နွေရာသီ တွင် ရေရှားခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်း များ လောက်ငမှု မရှိခြင်းတို့ ကြောင့် ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများက မြို့သစ်စီမံကိန်းကို အကြီးအကျယ် မျှော်လင့်လျက် ရှိသည်။

  ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများနှင့် အတူ သန်လျင်၊ မှော်ဘီ၊ ထန်းတပင်မြို့နယ် များ တွင်လည်း မြို့သစ် တိုးချဲ့မည်ဆို သော သတင်းများကြောင့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အလှုပ်ရှားဆုံး ဖြစ်လာခဲ့သည်။
‘‘ဟိုနား မှာ ဘာလာ ဆောက်မယ်၊ ဒီနား မှာ ဘာလာ ဆောက်မယ် ဆိုပြီး ပွဲစားတွေ က မြေဈေးကို လှုပ်အောင် လုပ်နေ တာ၊ ခိုင်လုံတဲ့ သတင်း ဆိုတာတော့ အခုထိ ဘာမှ မရှိသေးဘူး’’ဟု ထန်းတပင်မြို့နယ် တွင် မြေ၀ယ်ယူထားသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လတ်တလော တွင် ရန်ကုန် မှလာပြီး မြေ ၀ယ်ယူထားသည့် လုပ်ငန်းရှင်များ က မြေကို အလ ဟဿ  မဖြစ်စေရန် ပုဂ္ဂလိ က စက် သုံးဆီဆိုင်များ ဖွင့်၍ စီးပွားဖြစ် လုပ်ကိုင်နေပြီး မြို့သစ်စီမံကိန်း အလားအလာ အတွက် အမြော် အမြင်ဖြင့် စောင့်ကြည့်နေကြ သည်ဟု အထက်ပါ လုပ်ငန်းရှင် က ဆိုသည်။

  မြို့သစ်ချဲ့ရန် ကြည့်မြင် တိုင် တစ်ဖက်ကမ်း ဒေသခံများက မျှော်လင့်နေသော် လည်း သန် လျင်နှင့် မှော်ဘီဒေသခံ အချို့က ၎င်းတို့နေရာတွင် မြို့သစ်စီမံကိန်း စမည် ကိုပင် မသိရှိကြကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူဒေသ ခံ အချို့က ပြောသည်။

 ‘‘မှော်ဘီ မြို့စွန်ဘက် မှာ ရန်ကုန် က သူတွေက မြေ အများ ဆုံး လာဝယ်ကြတယ်။ သူတို့မှာ တော့ လာ ၀ယ် တိုင်း အကြံအ စည်တွေ နဲ့ ချည်းပဲ။ ဒေသခံတွေ ကလည်း မြေပဲ ရောင်းစားနေကြ တယ်။ အလုပ် ကို ကောင်းကောင်း မလုပ်ကြတော့ဘူး’’ဟု မှော်ဘီ မြို့နယ် ကပရ ၀င်းအနီး နေထိုင် သူ စာရေးဆရာ ကိုမြတ်မင်းချစ် က ပြောသည်။

 မြို့သစ် စီမံကိန်း၏ အကောင်း အဆိုး ကို နားမလည် ဘဲ မြေကို ထုတ်ရောင်းနေခြင်း က မိမိ၏ လက်ငုတ် လက်ရင်း ပျောက် သွားနိုင်ပြီး ဘ၀အခြေ အ နေပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
‘‘မြို့သစ် စီမံကိန်း တကယ် စပြီးဟေ့ ဆိုရင် အစိုးရ ရဲ့ လျော် ကြေး ကနောက်မှ။ အခုထုတ် ရောင်းထားရင် ပိုမြတ်တယ် ဆို တော့ သဘောနဲ့ရောင်းဝယ်နေ ကြတာ’’ဟု မှော်ဘီမြို့နယ် ရွှေ လွန်းအိမ် အကျိုးဆောင် လုပ်ငန်း ရှင် ဦးတင်ကိုကိုလေး က ပြော သည်။

  မြို့သစ် စီမံကိန်း ဧရိယာ တွင် ပါဝင်သည့် မြို့နယ် အချို့မှ ဒေသခံ များအား မေးမြန်းချက် အရ မိမိမြို့နယ် အပေါ် ဖွံ့ဖြိုးတိုးတက် စေရန် လာရောက် လုပ်ကိုင်ခြင်း အပေါ် ကန့်ကွက်စရာ အကြောင်း မရှိဟု အများစု က ဖြေကြားသည်။

‘‘မြို့သစ် စီမံကိန်း ကို သီလ ၀ါ လို ထပ်မဖြစ်စေချင်ဘူး။ သီလ ၀ါ တုန်းက မြေယာလျော်ကြေး တွေက ရတဲ့ သူ ရတယ်။ မရတဲ့ သူ မရဘူး’’ဟု သန်လျင်မြို့နယ် အေးချမ်းသာ ရပ်ကွက်မှ အိမ်ခြံ မြေ အကျိုးဆောင် တစ်ဦး က ပြော သည်။

မြို့သစ် စီမံကိန်း ပြန်လည် စတင် ပါက ပြီးခဲ့သည့် နှစ် ကကဲ့ သို့ အလျင်စ လို တင်ဒါ မခေါ် ယူဘဲ ကုမ္ပဏီ တစ်ခုသို့ လက် သင့်ရာပေးပြီး အကောင် အထည် ဖော်ခြင်းမျိုး မဖြစ်စေရန် ကောင်း မွန်သည့် စီမံခန့်ခွဲ မှုဖြင့်သာ စတင်သင့်သည် ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။

အစိုးရ အနေဖြင့် စီမံကိန်း လုပ်ကိုင်ခွင့် ကို လက်သင့်ရာ မပေးဘဲ ကိုယ်ကျိုး စီးပွားမပါ သည့်  မြို့သစ် စီမံကိန်း အဖြစ်သာ လုပ်ဆောင်သင့်သည် ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးကျော် က ပြောသည်။

 ‘‘ကုမ္ပဏီ တစ်ခုကို လက် သိပ်ထိုးပေးပြီးမှ အများပြည်သူ ကို အသိပေးတဲ့ ပုံစံ မျိုးနောက် တစ်ခါ မဖြစ် ဖို့တော့ လိုမယ်’’ ဟု ဦးကျော် က ဆိုသည်။

လက်ရှိ ရန်ကုန် ၏ ဧရိယာ အရ မြို့ကို တိုးချဲ့ရန် လိုအပ်နေ သည်မှာ မှန်ကန်သော်လည်း စီးပွားရေး လုပ်ငန်းရှင် အများစု က ဒေါင်လိုက် (အထပ်မြင့် များ ဆောက်၍ ချဲ့ခြင်း) ကို ပိုမိုလိုလား ပြီး မြို့ပြ ပညာရှင် များကမူ အ လျားလိုက် ချဲ့ရန် လိုအပ်သည် ဟု ပြောကြားထားသည်။

၁၉၉၀ အကျော်က ချဲ့ထွင် ခဲ့သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ ရွှေပေါက်ကံ၊ မြောက်ဥက္က လာ၊ တောင်ဥက္ကလာမြို့နယ် များ ကဲ့သို့ စနစ်မကျ သည့် မြို့သစ် စီ မံကိန်းများ မဖြစ်ရန် လိုအပ်သည်ဟု မြို့ပြ စီမံကိန်း ပညာရှင်ဦးဝင်းမြင့် က ဆိုသည်။

‘‘စနစ် မကျဘဲ မြို့ကို ချဲ့ရင် မြို့ကို ရွာတွေ ၀ိုင်းသလို ဖြစ်သွား လိမ့်မယ်’’ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီး ဌာန မှ အငြိမ်းစား ဦးမြင့်မိုရ်ဆွေ က ထောက်ပြပြော ဆိုသည်။  
ယခင် က ချဲ့ထွင်ခဲ့သည့် မြို့သစ် များတွင် လမ်း စနစ်၊ အခြေခံ အ ဆောက် အအုံ စနစ်နှင့် ရေမြောင်း စနစ် သယ်ယူပို့ဆောင်ရေးပိုင်း ဆိုင်ရာ ကိစ္စရပ် များတွင် ယနေ့ အထိ အားနည်းချက်များ ရှိနေပြီး အချိန်မီ မပြုပြင် နိုင်သေးကြောင်း မြို့ပြ စီမံကိန်း ပညာရှင်များက ဆိုသည်။

မြို့ကို မချဲ့ထွင်မီ လက်ရှိ ရန်ကုန် ၏ခေတ် မမီ ကျဉ်းမြောင်း သည့် လမ်းများနှင့် တိုးပွားလာ သည့် ယာဉ် စီးရေများကြောင့် ခုံးကျော် တံတားများ တည်ဆောက် ပြီး လက်ပူတိုက် အလျင်အမြန် ဖြေရှင်းနေခြင်း ကလည်း ရေရှည် တွင် မထိရောက်နိုင်တော့ သဖြင့် အချိန်မီ မြို့သစ်စီမံကိန်း တစ်ခု ဖော်ထုတ်ရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြသည်။

လျာထားသော မြို့သစ် စီမံ ကိန်းဧရိယာ တွင် ပါဝင်သည့် ဒေသခံ အချို့က မူ စီမံကိန်း ကို အမြန်ဆုံး ဖြစ် လာရန် မျှော်လင့်နေ သည်။ အထူး သဖြင့် စီမံကိန်း ရပ်ဆိုင်းခြင်း ခံထားရသော ကြည့်မြင်တိုင် တစ်ဖက်ကမ်း မှ ပြည်သူ များဖြစ်သည်။ စီမံကိန်း စလျှင် ၎င်းတို့ လယ်ယာမြေ များ ဈေးကောင်းဖြင့် ရောင်းရ မည်ဖြစ် ပြီး ဒေသဖွံ့ဖြိုးမည် ဟု ယုံကြည်နေခြင်းကြောင့်ပင်ဖြစ်သည်။

‘‘ရန်ကုန် ကို သွားချင်ရင် လှိုင်သာယာ ကနေ တစ်ကွေ့တစ်ပတ် သွားနေရတယ်။ တံတား ထိုးလိုက် ရင် အချိန်လည်း တိုသွားမယ်။ ဆောက်လုပ်ရေး ဒုဝန်ကြီးလွှတ် တော်ထဲ မှာ ပြောသွား သလိုမျိုး ဆင်မလိုက် ဘက် ကနေ တံတား တစ်စင်း ထပ်ထိုးမယ် လို့ ပြော ထားတာ ဒီနေ့ ထိ ဘာသံမှ မကြားရသေးဘူး’’ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဒေသဖွံ့ဖြိုးရေးကော်မ တီဒုဥက္ကဋ္ဌ ဦးဝမ်ကျင် က ပြော ကြားသည်။

ရန်ကုန် တစ်ဖက်ကမ်း ဒလ ဘက်သို့ တံတား ထိုးရေးမှာ ကိုရီးယားချေးငွေဖြင့် ပြီးခဲ့သည့် လ နောက်ဆုံး ပတ်က လွှတ်တော် အတွင်း အတည်ပြုလိုက်ပြီဖြစ် သည်။

ထို့ကြောင့် တံတားဆောက် ပြီးလျှင် မိနစ်ပိုင်း မျှပင် မြို့လယ် နှင့် သွားလာ ချိတ်ဆက်နိုင်မည့် ဒလ ဘက်ခြမ်း တွင် မြို့ဧရိယာ ချဲ့ ထွင်လိမ့်မည်  ဟု လုပ်ငန်းရှင် အ များစုက မျှော်လင့်နေသည်။ ထို့ ကြောင့် ဒလဘက်ခြမ်း တွင် မြေ များ ရသလောက် ဝယ်ယူနေ၍ မြေ ဈေး တိုးတက်သွားခြင်းလည်း  ဖြစ် သည်။

ထို့ကြောင့် ရွှေ့ပြောင်း အ ခြေချသူ များဖြင့် နေ့စဉ် တိုးပွား လာသည့် လူဦးရေများ အကြား ရန်ကုန်က မဖြစ် မနေ ချဲ့ထွင်ရ မည်ဖြစ်သော်လည်း ကောင်းမွန် မှန်ကန်သည့် စီမံခန့်ခွဲမှု များဖြင့် လုပ်ဆောင်မှသာ မြို့သစ် စီမံကိန်းက အကောင်းဘက် သို့ ဦးတည် နိုင်မည်ဖြစ်သည်။

သို့မှသာ အဘက်ဘက် က အားနည်းနေသည့် မြို့ပြ အင်္ဂါရပ် ပိုင်းဆိုင်ရာ အားနည်းနေသည့် စီးပွားရေး မြို့တော် ကို ကယ်တင် နိုင်မည်ဖြစ်ကြောင်း မြို့ပြ ဗိသုကာပညာရှင် များက တထစ်ချ ယုံ ကြည်နေကြသည်။

မြေနီလမ်း နံဘေး တွင် လမ်း မီးတိုင် များ သွယ်တန်းနေသည် ကို ကြည့်ရင်း မကြာခင် ၎င်းတို့ ရွာ လေး မီးလင်း လာတော့မည်ဟု ကိုယ့် အတွေးနှင့် ကိုယ် ဦးသိန်းစိုးဝင်း တစ်ယောက် စိတ်လှုပ်ရှားနေ လေသည်။



No comments:

Post a Comment