Tuesday, July 7, 2015

အလုပ် ပိတ်ပြီး ပြန်သွားတယ် ဆို ဒီအတိုင်း ထွက်သွားလို့ မရဘူး၊ ဥပဒေ က ရှိပြီးသား၊ အလုပ်သမား ကို အလုပ် အတွက် နစ်နာကြေး လျော်ကြေးပေးရမယ်..

 MOI Webportal Myanmar's photo.


ဦးမျိုးအောင်(အမြဲတမ်း အတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၃၆ဝဝ သတ် မှတ်ခြင်း အပေါ် လုပ်ငန်းရှင် အချို့က ကန့်ကွက် မှုနှင့် ပတ်သက် ၍ နယ်ပယ် အသီးသီး မှ ပုဂ္ဂိုလ်များ ၏ သဘောထား အမြင်များ ကို တွေ့ဆုံမေးမြန်း တင်ပြ လိုက်ရပါသည်။


ဦးဇော်ဦး (နိုင်ငံတော်သမ္မတ ၏ စီးပွားရေး အကြံပေး)
မေး။ ။ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက်(ရှစ်နာရီ)ကျပ် ၃၆ဝဝ သတ်မှတ်လိုက်ခြင်းအပေါ် လုပ်ငန်းရှင်များ ဘက်က ကန့်ကွက်နေတာ ရှိတဲ့ အပြင် လုပ်ငန်းရှင်အချို့က စက်ရုံ ပိတ်သိမ်းမယ် လို့ ပြော ဆိုမှု တွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။ သုံးရက်ကြာ ဆွေးနွေးခဲ့တဲ့ အနည်းဆုံး အခကြေးငွေသတ် မှတ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့တာပါ။ အများစု သဘောတူပြီးမှ အဆိုပြု နှုန်းထား ကျပ် ၃၆ဝဝ ကို ထုတ်ပြန် ခဲ့တာပါ။ အများစု သဘော မတူဘဲ နဲ့တော့ ဒီနှုန်းထားက ထွက်မလာပါဘူး။ အနည်းဆုံး အခကြေးငွေ ကို သတ်မှတ်တဲ့ အခါ ကျွန်တော် တို့ မှာ သတ်မှတ် ထားတဲ့ စံတွေ ရှိပါတယ်။ 

အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ဝန်ကြီးဌာန က ကိုယ်စား လှယ်တွေ၊ ကျန်တဲ့တိုင်းဒေသ ကြီး နဲ့ ပြည်နယ် အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါပါတယ်။ ဆိုလို တာက အလုပ်ရှင် ကိုယ် စား လှယ်ဦးရေ နဲ့ အလုပ်သမား ကိုယ်စားလှယ်ဦးရေ ဟာ တစ်စုံ တစ်ခုသော သတ်မှတ်ချက်ထက် မကျော် ရင် အဲဒီ အစည်းအဝေး အထ မမြောက်ပါဘူး။ 

ကျွန်တော်တို့ နိုင်ငံမှာ အားလုံး က ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ အလုပ်သမားရော အလုပ်ရှင်ရော ဆိုင်တဲ့ ကိစ္စ မှာ အင်မတန် မှ ဂရုစိုက်ပြီး ဆောင်ရွက်နေပါတယ်။

အခု ကန့်ကွက်နေတယ် ဆိုတာ အထည်ချုပ် လုပ်ငန်းတွေ ပဲ ဖြစ်ပါတယ်။ အလုပ်ရုံ ပိတ်သိမ်း တာနဲ့ ပတ် သက် လို့ ပြောရရင် အလုပ်ရှင်တော်တော် များများ လုပ်ဖို့ ခက်ပါတယ်။ သူတို့အနေ နဲ့ ဒါကိုတော်တော် စဉ်းစား ရမယ့် အချက် ဖြစ်ပါတယ်။ ကျွန်တော့်အနေ နဲ့ ဒါကို တောင်းဆိုမှု တစ်ခု လို့ပဲ ယူဆ ပါတယ်။ 


တကယ်ဆို နိုင်ငံတော် အစိုးရ နဲ့ အလုပ်သမား ဝန်ကြီးဌာန ကို အနည်းဆုံး အခကြေးငွေပေါ် မှာ လျှော့ပေး ဖို့ တောင်းဆိုမှု ထက်စာရင် ဘယ် ကဏ္ဍတွေ မှာ ပံ့ပိုးပေး မလဲ၊ ဘာတွေပြောင်း လဲချင်တာလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက် မှာလဲ စတာတွေ ဆွေးနွေးမှု တွေလုပ်စေချင်တယ်။ 

အလုပ်ရှင် အလုပ် သမားနှစ်ဖက် စလုံးအတွက် လိုအပ် တဲ့ သုတေသန လုပ်ငန်းတွေ ကို ရက်ပေါင်း ၆ဝ အတွင်းမှာ ဆောင်ရွက် သွားဖို့ လုပ်နေပါ တယ် လို့ပြောချင်ပါတယ်။

 မေး။ ။ မြန်မာနိုင်ငံ ကို ဝင်လာမယ့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အပေါ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် က ရိုက်ခတ်မှု ရှိနိုင်၊ မရှိနိုင် ဆရာ့ အမြင်ကို သုံးသပ်ပေးပါ။
ဖြေ။ ။ အဓိက နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ လာတယ် ဆိုတဲ့နေရာ မှာ အရင်တုန်းက ကုမ္ပဏီတွေ က ဘယ်လို တိုင်းပြည်မျိုး ကိုပဲဖြစ် ဖြစ်သွားပြီး လုပ်မယ် ဆိုတဲ့ ကုမ္ပဏီ ငယ်လေးတွေပါ။ အခု ကျတော့ စီးပွားရေး အလား အလာ ရှိတဲ့ နိုင်ငံတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံ ချင်တဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ နိုင်ငံ ကို စိတ်ဝင်စားလာကြတယ်။

 တချို့ သူတို့နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံနေရာ ကနေ ကျွန်တော်တို့နိုင်ငံ ကို စိတ်ဝင် စားလာတဲ့ နိုင်ငံတွေ ရှိတယ်။ ဒီလို ကုမ္ပဏီကြီးတွေ ဝင်လာရင် အနည်းဆုံး အခကြေးငွေ မရှိခဲ့ရင် အလုပ် သမားတွေ အတွက် လုပ်ခ လစာ ခေါင်းပုံဖြတ်ခံရမယ်။ 

 နောက်ပြီး အလုပ်ရုံတွေ မှာ လုပ်ခ လစာတွေက အမျိုးမျိုး ဖြစ်နေတယ် ဆိုရင် လုပ်ခ ပိုရတဲ့ အလုပ်ကို ရှာ ပြီးပြောင်းမယ်။ အဲဒီ အခါ လုပ်ငန်းခွင် မတည်ငြိမ်မှုတွေ ဖြစ် လာမယ်။ အလုပ်ရှင် နဲ့ အလုပ်သမား မလိုလား အပ်တဲ့ ဆူပူ မှုတွေ ဖြစ် လာမယ်။ 

ဒီလို မတည်ငြိမ်မှုတွေ ဖြစ်နေ ခဲ့ရင် လာရောက် ရင်းနှီးမြှုပ်နှံ မယ့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေက ဒီလိုနိုင်ငံ မျိုးမှာ အလုပ် လာလုပ် ဖို့ စိုးရိမ်ပူပန်မှုတွေ ရှိမှာပဲ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်လိုက်ပြီး လို့ တစ်နေ့ ရှစ်နာရီ အတွင်းမှာ ဒီနှုန်းပဲ ရမယ် ဆိုရင် အလုပ်သမားတွေက တည်ငြိမ်စွာ အလုပ်လုပ်မယ်။ 

အလုပ်သမားတွေ ဘက်က ခေါင်းပုံဖြတ် ခံရတယ် လို့ မြင်နေတဲ့ တိုင်တွေအပေါ် ရှင်းရှင်းလင်းလင်း မြင် လာကြရင် အလုပ်သမား၊ အလုပ်ရှင်ကြား မှာ ပဋိပက္ခနည်းသွားမယ်။

ဒါကြောင့် အလုပ်ရှင်၊ အလုပ်သမားကြား အနည်းဆုံး အခကြေးငွေ သတ် မှတ်ရေးဟာ ဦးစားပေးလုပ် ရမှာ ပါ။ လုပ်ငန်းခွင် တည်ငြိမ် လာရင် ပြည်ပ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် အားကိုးစရာ ပတ်ဝန်း ကျင်ကောင်း တစ် ခုဖြစ်လာမှာပါ။

 မေး။ ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့ အတွက် ဆောင်ရွက်နေတဲ့ အပေါ် တုံ့ပြန်လာမှုတွေနဲ့ ပတ် သက်ပြီး ဘာများ အကြံပြုပြောကြား လိုပါသလဲ။
ဖြေ။ ။ ကျွန်တော် အကြံပြုချင် တာက အရှေ့ကို ရောက်ဖို့ ဆိုတာ အားလုံး ဝိုင်းဝန်းပြီး တွန်း ရမှာ ဖြစ် တယ် ။ ဖြစ်နေ တဲ့ အခက်အခဲတွေ ကို ဝိုင်းဝန်းဖြေ ရှင်းရင်း ကျော်လွှားနိုင် အောင်ကြိုးစားရ မယ့် ကာလဖြစ်ပါ တယ် ။ 

အလုပ်သမား ဝန်ကြီးဌာန အပါ အဝင်  ဌာနတိုင်း က အလုပ်ရှင်တွေ ရဲ့ အခက် အခဲရော၊ အလုပ်သမားတွေ ရဲ့ အခက် အခဲရော ကျော်လွှားနိုင်မယ့် အစီအစဉ်တွေ ကို စဉ်းစားနေတာ ဖြစ်တဲ့ အတွက်ကြောင့် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင် ရွက်ကြရင် အနည်းဆုံး အခကြေးငွေကို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သတ်မှတ် လို့လည်း ရမယ်။အခက်အခဲတွေ ကိုလည်း ကျော်လွှားနိုင်မယ် ဆို ကောင်းမွန် တဲ့ အရွေ့တစ်ခုကို သွားနိုင် မှာပါ။


ဦးမျိုးအောင်(အမြဲတမ်း အတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန)
မေး။ ။ အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၃၆ဝဝ သတ်မှတ် လိုက်တဲ့ အပေါ် နိုင်ငံခြားသား လုပ်ငန်း ရှင်တွေ က စက်ရုံ ပိတ်မယ်။ လျော်ကြေး မပေးနိုင်ဘူးလို့ ပြောဆိုတဲ့ အပေါ် တကယ်လို့ အဲဒီလိုများ လုပ်ခဲ့ မယ် ဆိုရင် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိတယ် ဆိုတာ သိပါရစေ။
ဖြေ။ ။ နိုင်ငံခြားသား အလုပ်ရှင်တွေ မလုပ်နိုင်တဲ့ အပိုင်းရယ်။ မလုပ်နိုင် လို့ ထွက်သွား ရင် အရေးယူမယ့် အပိုင်းရယ်။ အလုပ် ပိတ်ပြီး ပြန်သွားတယ် ဆို ဒီအတိုင်း ထွက်သွားလို့ မရဘူး၊ ဥပဒေ က ရှိပြီးသား၊ အလုပ် သမား ကို အလုပ် အတွက် နစ်နာကြေးလျော်ကြေးပေးရမယ်။ 

အရင်တုန်း က ဒီလို လုပ်ခဲ့လို့ အရေး ယူခဲ့ ဖူးတဲ့ သာဓကတွေ ရှိတယ်။ ပိတ်သိမ်း တာက သူတို့ ရဲ့ ကဏ္ဍ။ အဲဒီ အပေါ်မှာ သူတို့ ရဲ့ စီးပွားရေး အခြေအနေ နဲ့ လုပ်ငန်း အခြေ အနေအရ ပိတ်မယ် ဆို ပိတ်ပိုင် ခွင့် ရှိ တယ်။ 

ဒါပေမယ့် လုပ်ထုံး လုပ်နည်း နဲ့ အညီ၊ ဥပဒေနဲ့ အညီ ဖြစ်ဖို့ လိုတယ်။ တကယ်ပြန်၊ မပြန် ဆိုတဲ့ကိစ္စ။ တကယ် ရုပ်သိမ်း၊ မ၇ုပ်သိမ်း ဆိုတဲ့ ကိစ္စ။ အခု ဖြစ်နေတာ က အထည်ချုပ်မှာ။ အထည်ချုပ် လုပ်ငန်းရှင်တွေ ထဲမှာ မှ တချို့ပေးနိုင်တယ်။ 

ဒီမှာဖြစ်နေတာ က ရန်ကုန် မှာ ရှိတဲ့ အထည်ချုပ် လုပ်ငန်းရှင်တွေ ပဲ။ အဲဒီ ထဲမှာတောင် အကုန် မဟုတ်ဘူး။ စက်ရုံ ပိတ်မယ် ဆိုတာ အလုပ်ရှင် က တကယ်ပဲပြောခဲ့ တာလား။ သူတို့ မန်နေဂျာ၊ ကိုယ်စား လှယ်တွေ က ပြောတာလား ဆိုတာ စိစစ်ဖို့ လိုတယ်။ စက်ရုံ ပိတ်သွားတာက သူတို့ လုပ်ပိုင် ခွင့်ပဲ။ စက်ရုံ ပိတ်သွားလို့ အလုပ် သမားတွေ အတွက် လုပ်ငန်းခွင်ပြန်ဝင် နိုင်အောင် လုပ်ပေးရမှာ ကတော့ ကျွန်တော်တို့တွေ ရဲ့ တာဝန် ပါလို့ ပြောချင်တယ်။

 မေး။ ။ နိုင်ငံခြားသား လုပ်ငန်းရှင် တွေ အနေနဲ့ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံ ရင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံ မှု ကော်မရှင် မှာ အဆိုပြုထားတဲ့ နှုန်း ထား နဲ့ အခု သတ်မှတ်ထား တဲ့ နှုန်းထား ဘယ်လောက် ကွာခြား မှု ရှိလဲဆိုတာ သိပါရစေ။
ဖြေ။ ။နိုင်ငံခြားသား အလုပ်ရှင် မှန်ရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်မှာ အနိမ့်ဆုံး အလုပ်သမား ကို ဘယ်လောက်ပေးမှာလဲ ဆိုတဲ့ အဆိုပြုနှုန်း ထားတွေ ရှိတယ်။ အဆိုပြု နှုန်း ထားတွေ ပြန်ကြည့် လိုက်ရင် လည်း အနည်းဆုံး ဒေါ်လာ ၉ဝ နဲ့ ၁ဝဝ ကျော်မှာ ရှိတယ်။ အခုပေးလိုက် တဲ့ နှုန်းထား က မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် မှာ အဆိုပြု ထား တဲ့ နှုန်းထား နဲ့ ဘာမှ ကွာဟမှု မရှိဘူး။

 မေး။ ။ အလုပ်ရှင်တွေ ဘက် က တောင်းဆို ထားတဲ့ အချက်တွေ ကို လုပ်ဆောင်ပေးဖို့ ရှိပါသလား။
ဖြေ။ ။ အလုပ်ရှင်တွေ တောင်းဆို ထားတာတွေ ထဲမှာ လူမှု ဖူလုံရေးကြေး က အလုပ်ရှင်ရော၊ အလုပ် သမားရော ထည့် ရတာပါ။ အဲဒီ အပေါ်မှာ အလုပ်ရှင်တွေပြောနေတာ ရှိတယ်။ ဒါက ဝန်ကြီးဌာန က လုပ်ပေး ရမယ့် အပိုင်း၊ ဆောင်ရွက်ပေးနိုင်တဲ့ အပိုင်း ဖြစ်တယ်။ 

လမ်းတွေ၊ မီးတွေ ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာန မတတ်နိုင် တဲ့ အပိုင်းပါ။ ဒါက နိုင်ငံတော်နဲ့ အခြား သက် ဆိုင်တဲ့ ဝန်ကြီးဌာနတွေ နဲ့ ပေါင်းစပ် လုပ်ဆောင်ရမှာ။ အလုပ်ရှင်တွေ တောင်းဆို တဲ့ အထဲက လတ် တလော လုပ်ပေးနိုင်တာ လုပ်ပေးမယ်။ ရေရှည် လုပ်ရမှာ ရှိသလို ပေါင်းစပ် လုပ်ရမှာ ရှိတယ်။ အချိန်တော့ ပေးရမယ်။ ချက်ချင်း လုပ်ပေးပါ တောင်းဆို လာရင်တော့ မဖြစ်နိုင်ပါဘူးလို့ ပြောချင်တယ်။

ဦးဇာနည်သွေး (မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်)
 မေး။ ။ အဆိုပြုနှုန်းထား တစ်နေ့ ကျပ် ၃၆ဝဝ က လူတစ်ယောက် ရဲ့ အခြေခံ စားဝတ်နေရေး ကို ဖြေ ရှင်း ပေးနိုင်မယ့် နှုန်းထား လို့ ထင်ပါသလား။
ဖြေ။ ။ ကျွန်တော်တို့ အလုပ်သမား မိသားစုတွေ နဲ့ တွေ့တယ်။ အလုပ် သမားတွေ အခြေအနေ ကို လေ့ လာ ကြည့် တယ်။ တိုင်းပြည် ရဲ့ တစ်ဦးချင်း ဝင်ငွေ နဲ့ ချိန်ပြီးတော့ မိသားတစ်စု ရဲ့ စားသောက်နေထိုင်မှု စားဝတ် နေရေး ကိုကြည့်လိုက်တဲ့ အခါ ကျပ် ၃၆ဝဝ က သင့်တင့်လျောက်ပတ် တဲ့ သတ် မှတ် နှုန်းထား လို့ မြင်တယ်။ ဒါပေမယ့် ပြည့်စုံ လုံလောက်မှုတော့ ဘယ်ရှိ မှာလဲ။

 မေး။ ။ လုပ်ငန်းရှင် တစ်ချို့က တစ်ရက် လုပ်ခ ကျပ် ၃၆ဝဝ အတည်ပြု သတ်မှတ် မယ်ဆို မပေးနိုင်ဘူး လို့ ငြင်း ဆိုနေတဲ့ အပေါ် ဘာများပြောချင် ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံ က တစ်ဦးချင်း ဝင်ငွေနည်းပါး လို့ ဆင်းရဲလို့ နိုင်ငံ တကာ မှာ မျက်နှာငယ်ရတယ်။ ဒါကို ရုန်းထွက် ဖို့ အခြေခံ အကြောင်း တရားဖြစ်တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့။ သတ်မှတ် တဲ့နေ ရာမှာ ဒါကို မပေးနိုင်ဘူး ဆိုတာ ဆင်းရဲခိုင်း တာနဲ့ သွားတူတယ်။ အဲဒါမျိုးမဖြစ်သင့် ဘူး။ 

တိုင်းပြည် ရဲ့ အရေးပါတဲ့ အပြောင်း အလဲမှာ လုပ်ငန်းရှင်တွေ ကလည်း တက်တက်ကြွကြွ လက်တွဲ ပူးပေါင်း ပါဝင်ဖို့ လိုပါတယ်။ အလုပ် သမားတွေ ဘက် ကလည်း ငွေကြေး တိုးပေးဖို့ တောင်းဆို တာ တစ်ခုတည်း မဟုတ် ဘဲနဲ့ လုပ်အား စွမ်းရည် ကို တိုးမြှင့် ပေးဖို့လိုတယ်။ မပေးနိုင်ဘူး။ ပိတ်သိမ်း မယ် ဆိုတာ မပြော ဘဲ တေ့တေ့ ဆိုင်ဆိုင် တွေ့ဆုံပြီး ဘယ်လို လုပ်ပေးရ မလဲ ဆိုတဲ့ နည်းလမ်း ကိုသာ ညှိနှိုင်းဆောင်ရွက်ကြ ပါလို့ ပြောချင်တယ်။

ဦးမောင်မောင် (မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ- CTUM)
မေး။ ။ အနည်းဆုံး အခကြေးငွေ နှုန်းထား ကျပ် ၃၆ဝဝ ထွက်လာတဲ့ အပေါ် အလုပ်ရှင်တွေ ဘက်က မပေးနိုင် လို့ ကန့်ကွက်နေတာ ကြားနေရ ပါတယ်။ အဲဒီ အပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ မပေးနိုင်တဲ့ လူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဆွေးနွေး တဲ့ အထဲမှာလည်း ပေးနိုင်တဲ့ အလုပ်ရှင်တွေ ရှိနေ ပါတယ်။ ပေးမယ် လို့ပြော ထားတဲ့ အထဲမှာ မြန်မာနိုင်ငံသား မြန်မာ ပိုင်တဲ့ စက်ရုံရှိ တယ်။ ဂျပန်နိုင်ငံ က လာပြီး ရင်းနှီးမြှုပ်နှံ တဲ့ စက်ရုံရှိတယ်။ ကိုရီးယားက လာတာ ရှိတယ်။ 

ဟိုနေ့က ပြောတဲ့ အထဲမှာ မြန်မာနိုင်ငံသား ပိုင်တွေ ပါတယ်။ တရုတ်နိုင်ငံ သားပိုင်၊ ကိုရီးယား နိုင်ငံသား ပိုင်တွေ ပါတယ်။ မပေးနိုင်တဲ့ သူ ရှိသ လို ပေးနိုင်တဲ့သူ ရှိပါတယ်။ မပေးနိုင်တဲ့ စက်ရုံတွေကြောင့်တော့ လုပ် ငန်း ပျက် မသွားပါဘူးလို့ ပြောချင် ပါတယ်။ အလုပ်ရှင် နဲ့ အလုပ်သမား ဆိုတာ ညှိနှိုင်းလို့ရပါတယ်။ ရန် သူ တွေ မဟုတ်ပါဘူး။ အလုပ်ရှင် ရှိမှ အလုပ်သမား ဆိုတာ ရှိမယ်။ အလုပ် သမား ရှိမှလည်း အလုပ်ရှင် ရှိ မှာပါ။  အလုပ်သမားတွေ က အရင်တုန်း ကလို လမ်းမပေါ်ထွက် မှာ မဟုတ်ပါဘူး။

ကျွန်တော် တို့တောင်းဆို တာ ကျပ် ၄ဝဝဝ ဖြစ်ပေမယ့် ကျပ် ၃၆ဝဝ ကို ညှိနှိုင်းတဲ့ အခါ နောင် တစ်နှစ်ကြာ ရင်လည်း ပြန် သုံးသပ်ပြီး ပြင်ဆင် လို့ ရသေး ပါလား ဆိုတာ ဥပဒေ ရှိထားပြီး သား။ ဒါက အသေ မဟုတ်ဘူး ဆိုတာ အလုပ်သမားတွေ က နားလည်တယ်။ ကျပ် ၃၆ဝဝ ပေးဖို့ အတင်းငြင်းဆန် တဲ့ အလုပ်ရှင်တွေက နား မလည် လို့ပဲဖြစ် ပါလိမ့်မယ်။

 ပြင်ဆင်မှု အပိုင်းမှာ လည်း အားနည်း လို့ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနည်းဆုံး အခကြေးငွေ ကိစ္စက ရက်ပိုင်း အတွင်း လုပ်တာ မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်း က ကြိမ်ဖန် များ စွာဆွေးနွေးပြီးသားပါ။ 

အခု အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ ပေါ်မှာ တချို့ လုပ်ငန်း ရှင်တွေ က လွန်ခဲ့ တဲ့ နှစ်နှစ် လောက် ကတည်းက ပေးနိုင် ဖို့ပြင်ဆင် ထားကြ တယ်။ မပေးနိုင် လို့ စက်ရုံ ပိတ်မယ် လို့ ပြောတာတော့ မကောင်း ဘူးပေါ့ဗျာ။ ရာခိုင်နှုန်းတော်တော် များများ ကတော့ မပိတ်ပါဘူး။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု က မနည်းဘူးလေ။

 မေး။ ။ အလုပ်ရှင်တွေ က အလုပ် သမားတွေ ကို လစာပေးတဲ့ အခါ အခြေခံ လစာကို မတိုးမြှင့်ဘဲ အခြား ခံစားခွင့်တွေ ထဲကနေ လစာပေး ချင် နေတာ နဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။
ဖြေ။ ။ လစာ နဲ့ ကပ်လျက် တိုင်တွေပါ။ တိုင်တွေ ဆိုတာ မုန့်ဖိုး ပဲပေါ့။ အလုပ် ရှင် က သဘောကျ ရင်ပေး မယ်။ အလုပ်သမား ကလည်း သဘော ကျရင် လုပ်မယ်။ မုန့်ဖိုး ဆိုတာ အမြဲ မရှိဘူး ဆိုတော့ အချိန်ပို လုပ်ခ ဆိုတာ မမြဲဘူး။ 

အချိန်ပို လုပ်တဲ့ အချိန်မှာ ရတဲ့ လစာ က မူရင်း လစာနီးပါး ရှိနေတယ်။ အဲဒါ မဖြစ်သင့်ဘူး။ အလုပ်ရှင် က ပြန်ပြောတယ်။ အချိန်ပို ထွက်တဲ့ နှုန်းက များလို့ ပါလို့။ အချိန်ပို ထွက်တဲ့ နှုန်းများရင် အချိန်ပို မလုပ်ရင် လစာ မလောက်ဘူး ဆိုတာ ပေါ်လွင်လာတယ်။ 

အလုပ်ရှင် ကိုမေးချင်တယ်။ ဒီလောက် အချိန်ပိုခေါ်ဖို့ လိုလား။ တစ်ရက် အလုပ်ချိန်ပြီးမယ့် အလုပ်ကို တွက်ဆပြီး လုပ်လို့ မရဘူးလား။ အချိန် ပိုခေါ်တာကို မဖြစ်စေချင်တော့ဘူး။ ဒါတွေကို ပြန်ပြီးပြင် ဆင်ဖို့ လိုတယ်။ အချိန်ပို တိုင်တွေကို ဖြုတ်ချဖို့ လိုတယ်။ ဒါကြောင့် အခြေခံ လစာ တစ်ခုတည်း ကိုတိုးမြှင့်ပေး ပါ လို့တောင်းဆိုချင်တယ်။


 ဒေါ်မျိုးမျိုးအေး (အထည်ချုပ်စက်ရုံကြီးကြပ်ရေးမှူး)
မေး။ ။ အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ အတွက် ဒီ အဆိုပြုနှုန်းထား ကျပ် ၃၆ဝဝ ဟာ လုံလောက်တဲ့ငွေကြေး လို့ ထင်ပါသလား။
ဖြေ။ ။ အခု ကျပ် ၃၆ဝဝ နှုန်းထား  က ပြည့်စုံ လုံလောက်မှုတော့ မရှိဘူး။ အတတ်နိုင် ဆုံး လိုက်လျောပြီး လက်ခံ ထား တာပါ။ အနည်းဆုံးတော့ ကျပ် ၄ဝဝဝ ဆိုပြီး တောင်းထား တာပါ။ အခုချိန် ထိတော့ ကျပ် ၄ဝဝဝ က မလျှော့သေးပါဘူး။

 မေး။ ။ အထည်ချုပ် လုပ်ငန်းတွေ မှာ ခန့်ထားမယ့် အမျိုးသမီး လုပ်သား တွေ ရဲ့ လုပ်ငန်း အတွက် အဓိက လိုအပ် တာက ဘာများဖြစ်မယ် ထင်ပါသလဲ။
ဖြေ။ ။ အထည်ချုပ် လုပ်ငန်း မှာ လုပ်ကိုင်နေတဲ့ အထဲမှာ ဘွဲ့ရ အမျိုး သမီးတွေလည်း ရှိပါတယ်။ အစ်မ ဆို လို ချင်တာက စက်ချုပ် ကျွမ်းကျင် ရမယ့်နေရာ မှာ စက်လာ ချုပ်မယ့်သူ က လုပ်ငန်းကျွမ်းကျင် ရမှာ ဆိုတော့ အတန်းပညာ နဲ့ တိုင်းတာလို့ မရဘူး လေ။ အစ်မက ဘွဲ့ရ တစ်ယောက်ဖြစ် ပေမယ့် လောလောဆယ် စက်ရုံ မှာ ခေါင်းဆောင်ခန့် ထားတဲ့ အမျိုးသမီး လေး နဲ့ အစ်မ ယှဉ်ပြီး မချုပ်နိုင်ဘူး။ 

သူ့လို စက်ချုပ် ပညာ အစ်မ မတတ်ဘူး လေ။ ဒီတော့ သူ့ လုပ်ငန်းမှာ သူက ဆရာ ပဲ။ ဒီလိုနေရာမျိုး မှာ အတန်း ပညာ ဘယ်လောက်ပဲ ရှိရှိ လုပ်ငန်း ကျွမ်းကျင်ရာ တန်ဖိုး ကိုမြှင့် တင်ပေး ဖို့ လိုအပ်တယ်။ ဘွဲ့ရတွေ ၊ Ph.Dတွေ ခန့် ရမယ့် နေရာ မဟုတ်ဘူး။ စက်ချုပ် ကျွမ်းကျင်သူ ကို ခန့်ရမှာ။ ဒီတော့ သင့်တင့်လျောက်ပတ် တဲ့ ငွေကြေး လစာတော့ ပေးရ မှာပေါ့။ အဲဒါကို မှ ဘွဲ့မရ လို့၊ ဆယ်တန်းမအောင် လို့ ကျပ် ၂၅ဝဝ တောင် မတန်ဘူး လို့ မပြောပါနဲ့ လက်မခံနိုင် ပါဘူး။

 မေး။ ။ လစာ တိုးမပေးနိုင်လို့  စက်ရုံ ပိတ်မယ် လို့ ပြောနေကြတဲ့ အပေါ်မှာ အလုပ်သမား တစ်ယောက် အနေ နဲ့ ဘာများပြောချင် ပါသလဲ။
ဖြေ။ ။ အခုတောင် တချို့ စက်ရုံတွေ က ကျပ် ၃၆ဝဝ နဲ့ ထည့်တွက် ရတော့ မလား ဆိုပြီး မေးနေတာတွေ ရှိပါတယ်။ အလုပ်သမားတွေ က အလုပ်ရှင်တွေ ကို မတောင်းဆို ရဘဲ အခုလို တိုးပေး တဲ့ အလုပ်ရှင် ကို သိပ် ချစ်ကြမှာပါ။ အလုပ်သမားတွေ လစာ ကိုကြည့်ရင် တိုင်တွေ ကွာနေတာ။ အဲဒါ ကလည်း အခြေခံ လုပ် ခ လစာ ကို မထည့်ချင်တာ။ 

အချိန်ပိုကြေး ဆိုတဲ့ တိုင်တွေ ကွာနေ တာ။ တကယ်တော့ စကားလုံးလေး တစ်လုံး နဲ့ ရှုပ်နေတာ။ လစာ တိုးပေးနိုင် တဲ့ အလုပ်ရှင်တွေ ရှိပါတယ်။ စက်ရုံ ပိတ်သိမ်းမယ် ဆိုတဲ့ စက်ရုံ နည်းပါ လိမ့်မယ် ။ တော်တော် များများ အလုပ်ရှင်တွေ မပိတ်ပါဘူး။ 

အခု လည်း ပေးနေတဲ့အလုပ်ရှင်တွေ ရှိပါတယ်။ မပေးနိုင်လို့ ပိတ်သွားမယ့် စက်ရုံတွေနေရာ မှာ တခြား ရင်းနှီး မြှုပ်နှံမှုသစ်တွေ ဝင်လာမယ်။ သူတို့ ထက် ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ပေးနိုင်မယ့် အလုပ်ရှင်တွေ ဝင်လာ လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ။



 


တွေ့ဆုံမေးမြန်း-သီသီမင်း
ဓာတ်ပုံ-မင်းသစ်


 MOI Webportal Myanmar


No comments:

Post a Comment