Thursday, July 23, 2015

၁၉ ဇူလိုင်




( ၁ ) ဦးဘဝင်း *
လောက မှာ ကျွန်တော် မနာလိုဆုံး ပုဂ္ဂိုလ် က ခင်ဗျား ပဲ

ဗိုလ်ချုပ် နဲ့ မွေးချင်းတော်စပ်ခွင့် ရတယ်
ဗိုလ်ချုပ် ကို အင်္ဂလိပ်စာ သင်ပေးခွင့်ရတယ်
နောက်ဆုံး ဗိုလ်ချုပ်နဲ့ အတူ သေဆုံးခွင့် ရတယ်
ထူးလိုက်တယ့် ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်
ကျွန်တော်တို့ ခံစားရခက်နေတုန်းပဲ

( ၂ ) ဦးအုန်းမောင် *
ကံဆိုးတာလား ? ကံကောင်းတာလား ?
တိုင်းပြည်အရေး အတွက် ငါးမိနစ်စော ဝင်ခဲ့ပေမယ့်
ကျည်ဆန်တွေ က ခင်ဗျားကိုယ်ထဲ ကို နစ်ဝင် ခဲ့ရပြီ
ခင်ဗျားရဲ့ သယ်ယူပို့ဆောင်ရေး စီမံကိန်း စာရွက်ကြီး
သွေးကွက်တွေထဲ မှာ ခုထက်ထိ . . .

( ၃) ဦးရာဇာတ် *
အပစ် ခံရတာချင်း အတူတူ
ဗိုလ်ချုပ် နဲ့ သခင်မြကို အရင်ကြည့်ပါ
ကျွန်တော်က အရေးမကြီးပါဘူးတဲ့ လား !
ခင်ဗျားစကား တစ်ခွန်းက ခင်ဗျားဘယ်လောက် အရေးကြီးကြောင်းပြောသွားတယ်
တောင်းပန် ပါတယ်
ကျွန်တော်တို့ အားလုံး ဗိုလ်ချုပ်ကို အသက် မမှီလိုက်ဘူး...............


( ၄ ) ရဲဘော်ကိုထွေး *
ရာထူး မရှိပေမယ့် သွေးမနည်းပဲ
အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ တိုင်းပြည် တာဝန်ကို
ရရာထောင့် က ကူညီခဲ့တယ့် သူ
နောင် လူငယ်တွေ ပြောပြရမယ်
အသက် ၁၈ လည်း အာဇာနည်ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း

( ၅ ) မိုင်းဘွန်စော်ဘွာကြီး စပ်စံထွန်း *
သိပ်ခန့်တယ့် ရှမ်းစော်ဘွားကြီး
ငယ်ငယ်က ပေါင်ပေါ်မှာကြောင်ရုပ် ထိုးမိကာ အခု ရှက်နေရလို့
လူငယ်တွေ ဆေးမှင်မထိုးပါနဲ့ ဆိုတဲ့စော်ဘွား
ကျွန်တော်တို့ နှလုံးသား မှာ သူ့နာမည် တက်တူး ထိုးသွားပြီ

( ၆ ) ဒီးဒုတ် ဦးဘချို *
ကလောင်နဲ့ကော လူ ကိုယ်တိုင်ကော
တိုင်းပြည် ကို ရှိသမျှ ခွန်အားနဲ့ ကယ်ဆယ်ခဲ့တဲ့ ဆရာ
အဲ့သည့် ဦးနှောက် ကို ကျည်ဆံတွေဖောက်ခဲ့တယ်
တိုင်းပြည် အတွက် ဆုံးရှုံးနစ်နာမူ့ကြီး
ကျွန်တော်တို့ အတွက် အဖိုးမဖြတ်နိုင်တဲ့ လူသား စစ်စစ်တစ်ယောက်

( ၇ )
မန်းဘခိုင် *
ဗမာတွေ လက်အောက်ရောက်တာဟာ
တိုင်းတပါး လက်အောက်ရောက်တာထက် အများကြီး သာသေးပါတယ်လို့
ကရင် - ဗမာ ချစ်ကြည်ရး ပျက်ပြားအောင်
သွေးထိုး တဲ့ အင်္ဂလိပ်တွေ စကားကို တစ်ခွန်းတည်း နဲ့ ဖြေရှင်း ခဲ့တဲ့ ဖထီး................
( ၈ )
သခင်မြ *
1947 july 19 ဒီနေ့ မှ ထမင်း ခပ်သုတ်သုတ် စားတာ ထူးဆန်းချည်ရဲ့ ဆို
အိမ် အထွက် ခြံတံခါး နဲ့ ဂျစ်ကား ညိ တော့
ဇနီး က မသွားပါနဲ့လား ဆိုတာကို
တချက်ပြုံး လို့
" ဗိုလ်ချုပ်စောင့်နေလိမ့်မယ် "
တစ်ခွန်းတည်း နဲ့ တစ်သက်တာလုံး နူတ်ဆက် သွားခဲ့တယ့်သူ
ကျွန်တော်တို့ အခု …
ဘယ်လိုရင်ဘတ် နဲ့ အငိုတိတ်ရမလဲဗျာ … … … …
( ၉ )
ဗိုလ်ချုပ်အောင်ဆန်း *
တစ်မျိုးသားလုံးအရေး ကို ရင်ထဲ ထည့်ခဲ့တဲ့ဗိုလ်ချုပ်..........
 
ငါ့ ပြည်သူ အနွေးထည် မဝတ်နိုင်တာဟာ ငါ့ အပြစ်လို့ ဆိုတဲ့ ဗိုလ်ချုပ်
 
သားကိုတွေ့ချင်လွန်းလို့ လာတဲ့ မိခင်ကို
တိုင်းပြည် အရေးကြောင့် မချစ်ချင်ယောင်ဆောင်
မိခင်အိမ်အပြန် ရထားထွက်တော့မှ
စင်္ကြန် မှာ ဒူးထောက် ရှိခိုးရင်း ငိုတဲ့ ဗိုလ်ချုပ်.............
 
သူ့နှလုံး ကို အကျဉ်း ချပြီး
တစ်တိုင်းပြည်လုံး လွတ်လပ်ဖို့ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်.............
 
တစ်ဘဝလုံး စတေးခဲ့ပေမယ့်
ဇူလိုင် ၁၉ မှာ ပြန်ရခဲ့တာ ကျည်ဆန် ၁၃ ချက် . . .
 
မေးပါရစေ . . .
တန် … လို့ … လား … ဗိုလ်ချုပ် … … … ?
 


Credit to Ulay Kyi ( ကိုလင်း)

No comments:

Post a Comment