Wednesday, August 26, 2015

ချစ်စမ်းမောင်

 Mr Zaw's photo.



အင်တာဗျူး
Iron Cross (IC) ၏ လိဒ် ဂစ်တာသမား ချစ်စမ်းမောင်သည် ကွယ်လွန်သူ တေးရေး ဂစ်တာသမား စောဘွဲ့မှူး ၏ တပည့် တဦးဖြစ်ပြီး IC ၏ လိဒ်ဂစ်တာ သမား အဖြစ် နှစ်ပေါင်း ၂၀ ကျော် တီးခတ်ခဲ့သူ ဖြစ်သည်။ 


အသက် ၄ နှစ်ကျော် အရွယ် ကတည်း က ဂစ်တာ စတီးခဲ့ပြီး ယခု အသက် ၃၀ ကျော်ထိ လိဒ် ဂစ်တာကိုသာ တစိုက် မတ်မတ် တီးခတ်သူ ဖြစ်သည်။ တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီး အဖြစ် ခြောက်ကြိုးကဝေ အမည် ရှိ စီးရီးကို ထုတ်ဝေ ခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီး တခွေဖြစ်ခဲ့သည်။ 

ချစ်စမ်းမောင် သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာ ဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ် သည်။ ရော့ခ် ဝါသနာအိုး ဂစ်တာ ရူးသွပ်သူ လူငယ် များက ဆရာချစ် ဟု ခေါ်တွင်သော ချစ်စမ်းမောင် ကို ဘန်ကောက်မြို့တွင် တွေ့ဆုံခိုက် ဧရာဝတီ မဂ္ဂဇင်း က တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

 မေး။ ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဂစ်တာ နဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဖို့ ရှိပါသလဲ။

 ဖြေ။ ။ ခုလောလောဆယ် မှာ စာအုပ် ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပ် (Tab) ကော၊ ပက်ကား နုတ်စ် ကော၊ တရုတ်နုတ်စ် ကော ပါတဲ့ စာအုပ်ပေါ့။

 နောက်တော့ ဗီဒီယို ဂစ်တာ lesson သဘောမျိုးလေးကော လုပ်ဖို့ အစီအစဉ် ဆွဲနေတယ်။ အဲဒါကို ဒီနှစ်ထဲ မှာတော့ ပြီးအောင် လုပ်ဖို့ စဉ်းစားထားတယ်။ ပထမဆုံး အနေနဲ့ က ကျနော်တို့ တီးခဲ့ပြီး ကိုလေးဖြူ တို့၊ ကိုအငဲတို့ ၊ မျိုးကြီး တို့ ဆိုခဲ့တဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေ လုပ်မယ်။ 

ကျနော်တို့ ကိုယ်တိုင် Creation လုပ်ထားတဲ့ သီချင်းတွေ ကို ဂစ်တာ သင်္ခန်းစာ အနေနဲ့ ပြန်တီးပြမှာပေါ့။ စာအုပ်မှာလဲ အဲဒါ ထည့်မယ်။ တပုဒ်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိကက ဆိုလို Parts လေးတွေ လုပ်ပြမယ်။ 


 

 Mr Zaw's photo.

 မေး။ ။ ကိုချစ်စမ်းမောင် အနေနဲ့ ခြောက်ကြိုးကဝေ ထွက်ခဲ့တာ ၁၀ စုနှစ် တခု ရှိခဲ့ပြီ ဆိုတော့ အဲလို ဆိုလို အခွေတခွေ ကို ခြောက်ကြိုးကဝေ တုန်းကလို ရောထွေးမနေဘဲ ချစ်စမ်းမောင် ရဲ့ သီးသန့် စတိုင် နဲ့ လုပ်ဖို့ အစီအစဉ် မရှိဘူးလား။

 ဖြေ။ ။ အဲဒီ ဆိုလိုခွေက လုပ်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ။ ဒါပေမယ့် တချို့ ဟာလေးတွေ စိတ်တိုင်းမကျ လို့ ပြန်ပြင်လိုက်၊ ပြန်တီးလိုက် လုပ်တာ နဲ့ မပြီးနိုင်တာ။ အဲဒါကြောင့် Lesson ခွေကို အရင် ထုတ် ဖို့ စီစဉ်လိုက်တာ။

 နောက်တခု က စတိုင်ရောထွေးနေတယ် ဆိုတာ ကလည်း ကျနော် ကိုယ်တိုင် က Country လည်း အရမ်း ကြိုက်ခဲ့တာကိုး .. ဒါပေမယ့် အဓိက ကတော့ ရော့ခ်ပေါ့နော်။ ရော့ခ်ကြီး ပဲ မဟုတ်ဘဲ အဲလို ရောတာလေးကို ကျနော်ကိုယ်တိုင်ကို က ကြိုက်နေတာ။

 မေး။ ။ ကိုချစ်စမ်းမောင် တီးခဲ့တဲ့ အနှစ်နှစ်ဆယ် သက်တမ်းမှာ တီးခဲ့တဲ့ ပုံစံတွေအရ ဟိုးအရင် ပရိသတ်နဲ့ အခုပရိသတ် ဘာတွေကွာခြား သလဲ။

 ဖြေ။ ။ ပရိသတ် ကတော့ ကျနော်မြင်တာ ကတော့ အရင်ကဆို အဆို နဲ့ အတီး နဲ့ မှာ ပေါ်ပြူလာဖြစ်တဲ့ အဆို ဘက်ကို ပိုပြီး အားပေးကြတယ်။ ခုနောက်ပိုင်းတော့ တော်တော်လေး မျှလာပါတယ် အတီး သမား တွေ ကို လည်း တော်တော်လေး အားပေးလာတာတွေ့ရတယ်။

 မေး။ ။ ရော့ခ် သတ်သတ် ပရိသတ် က နည်းသွားတယ်လို့ မထင်ဘူးလား။

 ဖြေ။ ။ အဲဒါကတော့ သူ့ဟာနဲ့သူ ရှိနေပါတယ်။ အားပေးတာ က အမျိုးမျိုးပဲဗျ။

 မေး။ ။ ဆိုလို တီးတာနဲ့ ပတ်သက်ပြီး လေ့ကျင့်မှုပိုင်း ကကော။

 ဖြေ။ ။ လေ့ကျင့်တာ ကတော့ နေ့တိုင်း တီးနေရ တာပဲလေ။ နေ့တိုင်း အသံဖမ်းက ရှိနေတော့ ကိုယ်လေ့ကျင့် ချင် တာလေးတွေ အဲဒီထဲ မှာပဲ ရောပြီး လေ့ကျင့်ရတာပဲ။

 မေး။ ။ ပြည်တွင်းပြည်ပ က ကိုချစ်စမ်းမောင် လေးစား အတုယူရတဲ့ ဂစ်တာသမားတွေ က ဘယ်သူတွေလဲ။

 ဖြေ။ ။ နာမည်တွေ အနေနဲ့ ကတော့ အများကြီးပေါ့နော်။ ကျနော့် အပေါ်မှာ လွှမ်းမိုး တာတွေလည်း ရှိပါ တယ်။ ဒါပေမယ့် နာမည် နဲ့တော့ မပြောချင်ဘူးပေါ့။ ကျနော် က အားလုံး ဆီက ကောင်းတဲ့ အချက်လေးတွေ ကိုပဲ ယူတာ ဆိုတော့ တမင် နာမည် နဲ့ မပြောချင်တာ။ တယောက်ဆီ က ကိုယ်ကြိုက်တာတွေကို ပဲ ယူတဲ့ သဘောပေါ့။ ကြိုက်တာ ကတော့ အများကြီးရှိပါတယ်။

 မေး။ ။ နောက်ဆုံး မျိုးကြီး live show အခွေမှာ ဆိုရင် ကိုချစ်စမ်းမောင် ရဲ့ ဆိုလိုတီးပုံ စတိုင်က စတိဗ်ဗိုင်း (Steve Vai) ရဲ့ လွှမ်းမိုးမှု ခံနေရသလိုမျိုး ပြောကြတယ်။ အဲဒါကကော။

 ဖြေ။ ။ အဲဒါကလည်း ဟုတ်ချင် ဟုတ်မှာပါပဲ။ ရော့ခ် တီးတယ် ဆိုကတည်း က တယောက်နဲ့ တယောက် မကွဲကြတာမျိုး ရှိတယ်လေ။ လွှမ်းမိုးတာ မျိုးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ စတိဗ်ဗိုင်း ကို ကျနော် ကြိုက်ပါ တယ်။ သူ့ရဲ့ စတိုင် လွှမ်းမိုးတယ် ဆိုတာထက် သူ့ရဲ့ ထူးခြားချက်တွေ ကို ကျနော်က ပိုကြည့်တယ်။

 မေး။ ။ ကိုချစ်စမ်းမောင် အနေနဲ့ ဆိုလို ရှိုးကော လုပ်ဖို့ အစီအစဉ် မရှိဘူးလား။

 ဖြေ။ ။ တချိန်တော့ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ဖြစ်သလို မလုပ်ချင်ဘူး။ ဒါမျိုး က များများ စားစား လုပ်လေ့ရှိတဲ့ ပွဲလည်း မဟုတ်တော့ သေချာလေး တိုင်တိုင် ပင်ပင် နဲ့ လုပ်ချင်လို့။ နောက်ပြီး ကိုယ် တယောက်တည်း ဆိုတာထက် ကိုယ့်ထက် သဘာ ရှိတဲ့သူတွေ နဲ့ တူတူ တွဲပြီး လုပ်ချင်တယ်။ အဲဒါကြောင့် အချိန်ယူချင်တယ်။ လုပ်သင့်တဲ့ အချိန်ပေါ့နော်။

 ပြောရရင် ကျနော်တို့ က အရမ်း အလုပ်ရှုပ်တယ်။ ဒီနှစ် ဆိုရင် ကန်ထရိုက် စာချုပ် ချုပ် ထားတာမျိုး ရှိနေတာ ဆိုတော့ အေးအေးဆေးဆေး မရှိဘူး။ နောက်တခါ တခြား ပလေယာတွေ နဲ့ လည်း ညှိနှိုင်း ရမယ်လေ ။ နောက် တခါ ဒါမျိုး လုပ်ပြီ ဆိုရင် မကျန်ခဲ့တာမျိုး မလုပ်ချင်ဘူး။

 မေး။ ။ IC က အခွေတခွေ လုပ်ရင် ဘယ်လောက်ကြာလဲ။

 ဖြေ။ ။ ကိုလေးဖြူ   ဟာ ဆိုရင် တနှစ်လောက် အချိန်ယူ ရတယ်။ သူက ဆက်တိုက် တီးမယ် ဆိုရင်တော့ အဲလောက် မကြာဘူးပေါ့ .. ဒါပေမယ့် လုပ်ရင် ကျနော်တို့ က အကောင်းဆုံး ရလဒ်ကို လိုချင်တာ ဆိုတော့ သေ ချာ လုပ်နေကြတာ နဲ့ ကြာတာ။ ပလေယာ အားလုံး ပဲလေ။ နောက်တခါ မစ္စဒေါင်း လုပ်ရင် လည်း တပုဒ် ကို တရက် လုံး လုပ်တာမျိုးလေ။

 မေး။ ။ အခု လူငယ်တွေ ထဲမှာ ကိုချစ်စမ်းမောင် တို့လို လိဒ် ဆိုလို တီးဖို့ ခရေဇီဖြစ်နေတာမျိုး ရှိသေးလား။ ကိုချစ်စမ်းမောင် တို့ကို ချဉ်းကပ် လာတာမျိုး ရှိသလား။

ဖြေ။ ။ အဲဒီလိုမျိုး ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှု အနေနဲ့ ကတော့ ကျနော်တို့ တုန်း ကလိုမျိုး မဟုတ်တော့ဘူး။ အားမရဘူးပေါ့။ အဲဒါ ဘာလို့လဲ ဆိုတော့ အဓိက က နောက်ပိုင်းမှာ Backing ကို သူတို့ ဦး စားပေး တီးလာကြတော့ ဆိုလို ပိုင်းမှာ အားနည်း လာတဲ့ သဘောပါ။ 

Backing ပိုင်း မှာတော့ သေသေ သပ်သပ် တီးနိုင်လာ ကြပါတယ်။ ဒါပေမယ့် ဆိုလို ပိုင်းမှာတော့ သိပ်ပြီး ဖန်တီးမှု မလုပ်နိုင်ကြတော့ဘူး။ အခု ပေါ်လာတဲ့ ဂီတ အမျိုးအစား ကို သူတို့ မှီခိုတာမျိုး လည်း ဖြစ်နိုင် တာပေါ့နော်။

 မေး။ ။ မေးနေကျ မေးခွန်းဟောင်း တခုကိုပဲ ပြန်မေးချင်ပါတယ်။ ကော်ပီ နဲ့ ကိုယ်ပိုင် သံစဉ် မှာ ဖန်တီးရတာ ဘယ်ဟာ ကို ပို အားထုတ်ရသလဲ။

 ဖြေ။ ။ ကျနော့် အနေနဲ့ ကတော့ ကော်ပီ ဆိုတာက သူတို့ တီးတာကို တူအောင်ပြန် တီးရတာ ဆိုတော့ လွယ် တာ ရှိသလို လက်ပေါက် ကပ်တာ မျိုးလည်း ရှိပါတယ်။ နောက် တခုက သူတို့ရဲ့ ကာလာ ကို အနီးစပ်ဆုံး တူအောင် တီး ရတာ ဆိုတော့ အရမ်းချိန်ဆ ရပါတယ်။ 

ကိုယ်ပိုင် သံစဉ် ကတော့ ပိုလွတ်လပ် တာပေါ့ .. ကော်ပီ ကတော့ ဘောင် နဲ့ ဆိုတော့ လုပ်ရတာ သိပ် မလွတ် လပ် ဘူး။ ခုနောက်ပိုင်း မှာတော့ ကိုယ်ပိုင် သံစဉ် ကိုပဲ ပိုပြီး လုပ်ချင် မိတယ်။ ဒါပေမယ့် ခု ကိုယ်ပိုင် သံစဉ် လုပ်နိုင်တယ် ဆိုတာ ကလည်း တချိန်က ကော်ပီခွေတွေ အများကြီး တီးခဲ့ လို့ ပညာရတာမျိုး လည်း ပါတာပေါ့။

အခုခေတ် လူငယ်တွေ က ကော်ပီကို သိပ် မတီးကြရဘူး။ ကျနော် တို့ ကော်ပီ တီးတယ် ဆိုတာ က သူ့ရဲ့ မူရင်း ကို မီအောင် တီးရတာလေ။ ကော်ပီ သီချင်းတပုဒ် ကို ရှိုးတီးတယ် ဆိုတာ က အပေါ်ယံကြောပဲ။ ဒါပေမယ့် အသံသွင်းပြီ ဆိုရင် သူ့ရဲ့ တလိုင်းချင်းစီ ကို နုတ်ထုတ်ပြီး သေချာ လုပ်ရတာလေ။ 

အဲဒီတော့ သူ့ကို အတွင်းကျကျ လေ့လာသလိုဖြစ်တယ်။ ဆိုလိုတာက ငယ်ငယ် က ကော်ပီ တီးတဲ့ အလေ့ အကျင့် က ကိုယ့်ဘာသာ ကိုယ်ပိုင် ဖန်တီးမှု လုပ်တဲ့ အခါမှာ အများကြီး အသုံးဝင်တယ် ဆိုတာပါ။

 မေး။ ။ ခုနောက်ပိုင်း မှာ ရော့ခ်သမားတွေ ကိုယ်ပိုင် သံစဉ် လုပ်လာကြတာတွေ့ရတယ်။ မျိုးကြီး၊ ကိုလေးဖြူ ထွက်ပြီးပြီ .. ခု နောက်ထပ် ကိုအငဲ ထွက်ဦးမယ် ပြောတယ်။ အဲလိုဖြစ်တာဟာ ဘာကြောင့်လဲ။ ဂီတရေစီးကြောင်း ပုံစံ ပြောင်းသွား လို့လား။

 ဖြေ။ ။ အဲဒါက ဒီလိုဗျ။ ကျနော်တို့ ကြိုက်ကြတဲ့ ပုံစံတွေ၊ ကျနော်တို့ တီးချင်တဲ့ ကိုယ်ပိုင် ဖန်တီးမှုတွေ၊ သူတို့ အဆိုတော်တွေ ဆိုချင်တဲ့ ပုံစံတွေ က ခုမှ တေးရေး တွေ ထွက်လာတာဗျ။ အရင်တုန်းက ဆို ရှိတယ် ဆိုပေမယ့် တေးရေးတွေ နဲ့ အဆက်အစပ် မတည့်တာမျိုးလည်းဖြစ် မယ်။

 နောက်ပိုင်း ရေးနိုင်တဲ့ သူတွေလည်း ပေါ်လာတယ်။ အဓိက ကတော့ သီချင်းနားထောင် အားပါပဲ။ ခုနောက် ပိုင်း လူငယ်တွေ ဆို မော်ဒန်ရော့ခ် ပုံစံ ကို နားထောင်တာ များတော့ သီချင်းရေးတဲ့ အခါ အဲဒီ ပုံစံမျိုးတွေ ချည်းဖြစ်တာ မြင်ဖူးတယ်။

 မေး။ ။ ကိုချစ်စမ်းမောင် က စက်တွေ ကိုလည်း စိတ်ဝင်စား တယ်၊ စက်ပိုင်း ဆိုင်ရာ ကိစ္စတွေ မှာ ခရေဇီ ဖြစ် တယ် ကြားဖူးတယ်။ အဲတော့ ကိုချစ်စမ်းမောင် ရဲ့ အလုပ်က နှစ်ခု ဖြစ်မနေ ဘူးလား။

 ဖြေ။ ။ ဖြစ်တယ်ဗျ။ တကယ့်တကယ် ကျတော့ ပလေယာ တယောက်က နည်းပညာ ကိုလည်း သိထားဖို့ လို တယ်ဗျ။ ကိုယ်လိုချင် တဲ့ ကာလာတွေ ကို မရမချင်း ရှာတာမျိုးပေါ့ .. အဲဒါက အချိန်ပေး ရတာပေါ့။ 

စက် ကတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ကျနော် ကတော့ ကျနော် လိုချင်တဲ့ အသံ ကို မရ ရအောင် ချိန်ရ တာ မျိုး သဘော ကျတယ်။ နောက် အသံသွင်း တဲ့ အပိုင်း မှာပေါ့ .. အဲဒီ အပိုင်း မှာလည်း ကိုယ်က သိနေတာ ဆိုတော့ ပိုကောင်းတယ်လေ။

 မေး။ ။ ရော့ခ် ဆိုတာက ခုဆို တော်တော်လေးကြာလာပြီ လို့ ပြောလို့ ရတယ်နော်။ ကြားထဲမှာ တခြား ဂီတ ပုံစံတွေ ပေါ်လာပေမယ့် ရော့ခ် က ဒီတိုင်း ပဲ .. အဲဒါကို ဘယ်လိုထင်လဲ။

 ဖြေ။ ။ အဲဒါ ကတော့ ကျနော်တို့သာ သေသွားမယ် ရော့ခ် က ပျောက်သွားမှာ မဟုတ်ဘူး လို့ပဲ ထင်တယ်။ လူရဲ့လက်နဲ့ လုပ်တဲ့ လုပ်အား က ဘယ်တော့ မှ ပျောက်သွားမှာ မဟုတ်ဘူး။

 မေး။ ။ ခုနောက်ပိုင်း စက် နဲ့၊ ပရိုဂရမ်တွေ နဲ့ လုပ်လာကြတော့ လက် နဲ့ ဖန်တီးမှု အား က တိမ်ကော သွား မယ် ထင်လား။

 ဖြေ။ ။ မဖြစ်နိုင်ဘူး ဗျ။ ပရိုဂရမ်တွေ လုပ်တယ် ဆိုတာ ကလည်း လူက Command ပေးရ တာပဲလေ။ အဲဒီတော့ ဒီ မျူးဇစ် က မပျောက်နိုင်ဘူး။ ဥပမာ Country မပျောက် သလိုပေါ့။ မျူးဇစ်တွေ သာ ထပ်တိုးရင် တိုး သွားမယ်ပေါ့ဗျာ။

 မေး။ ။ ကိုချစ်စမ်းမောင် က ရော့ခ် အပြင် ဘာကြောင့် Country ကို ကြိုက်ရတာလဲ။

 ဖြေ။ ။ ဘာကြောင့်ကြိုက်လဲ ဆိုတော့ ပညာ ပါလို့ပါ။ သူက ရော့ခ် လို စကေးလ်တွေ တီးရုံနဲ့ မပြီးဘူးဗျ။ open string လို မျိုးပေါ့ ဘင်ဂျို  စတိုင်လေးတွေ ပါရင် ပါမယ်။ သူ့ အယူအဆလေးတွေ က တမျိုး။ နောက် တခုက လွယ် လွယ်ကူကူ နဲ့ တီးလို့ မရဘူး။ သူ့ မယ်လိုဒီ ကိုက up .. down အရမ်းများ တယ်။ 

အသက် ကြီးလာရင်လည်း အဓိက ကတော့ ရော့ခ် ကိုပဲ အခြေခံပြီး သွားမှာပဲ။ အားလုံး ကိုတော့ ခံစားတတ် ပါတယ် .. pop တွေကော နောက် ကုန်ကုန်ပြောရရင် ရိုးရာ သီချင်းတွေ လည်း ခံစားတတ် ပါတယ်။

 မေး။ ။ ပြည်ပ တိုးတွေ သွားရင် ဂစ်တာ ဘယ်နှစ်လက် ယူသွားလေ့ ရှိလဲ။

 ဖြေ။ ။ ပြည်ပ သွားရင်တော့ အနည်းဆုံး ၂ လက်ပေါ့။ ပြည်တွင်း မှာတော့ ၆ လက်၊ ၇ လက် အဲလို ယူတယ်။ အဲဒါ ကလည်း သီချင်း ကာလာ မတူတာ ရှိမယ်။ နောက် tunings တွေ အမျိုးမျိုး ပြောင်းနေတာ မျိုး ဆိုတော့ ဂစ်တာ ကို ပြောင်းသုံးဖို့ လိုအပ်တယ်လေ။ နောက်ပိုင်းတော့ စက်နဲ့ ညှိတဲ့ ဂစ်တာပေါ့နော် အဲဒါပဲ သုံးတယ်။ အဲဒါက တိကျတယ်လေ။

 မေး။ ။ ပြည်ပ ခရီးထွက်ရင် ဘယ်လို ပစ္စည်းနဲ့ မှ တီးနိုင်မယ် ဆိုတာမျိုး လုပ်လို့ရလား။

 ဖြေ။ ။ များသော အားဖြင့်တော့ ရပါတယ်။ ကျနော်တို့ က ပေးနိုင်မယ့် ပစ္စည်း စာရင်း ကို တောင်းလိုက် တယ်။ ပြီးတော့ ဘယ်လို ဟာ လိုချင်တယ် ဆိုတာပြောလိုက်တယ်။ ဒါပေမယ့် နှစ်စ မှာ တီးခဲ့တဲ့ ဘန်ကောက် ရှိုး မှာတော့ ပစ္စည်းတွေ က တော်တော်ကို ညံ့တယ်။ ကျနော်တို့ ပြည်တွင်း မှာတောင် ဒါမျိုး မသုံးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သုံးလိုက်ရတာမျိုး ရှိတာပဲ။

 မေး။ ။ IC အနေနဲ့ မေးရရင် ခုချိန်ထိ ဘာကြောင့် ဒီ အဆိုတော်တွေ၊ ဒီ တီးတဲ့သူတွေနဲ့ မြဲနေတာလဲ။ ကိုချစ်စမ်းမောင် ရဲ့ အမြင်ကို ပြောပါဦး။

 ဖြေ။ ။ ကျနော့် အမြင်ပြောရရင် အဓိက တယောက် နဲ့ တယောက် နားလည်မှုပေါ့နော်။ နောက် တခုက ကျနော်တို့ မှာ မူးယစ်ဆေး နဲ့ ပတ်သက်လို့ ဘာ အနှောင်အဖွဲ့ မှ မရှိဘူး။ နောက် တယောက် နဲ့ တယောက် ပွင့်လင်းတယ်။ မကျေနပ်တာ ရှိလည်း ချက်ချင်း ရှင်းကြ .. အဲလို သွားနိုင်လို့ ကျနော်တို့ ဒီလို ရေရှည် တည်တံ့ တယ် လို့ထင်တယ်။ 

 ရှေ့လျှောက်လည်း အဲလိုပဲ သွားမှာပဲ။ ခုလောက်ထိ လုပ်လာကြ ပြီးမှ နားရင်လည်း အားလုံး နားလိုက်ကြ မယ်။ အဲလိုပဲ စိတ်ကူးထားတယ်။

 မေး။ ။ ကိုချစ်စမ်းမောင် ရဲ့ မိသားစု ကို အချိန် ဘယ်လိုပေးလဲ။ မိသားစု အကြောင်း ပြောပြပါဦး။

 ဖြေ။ ။ ပြောရရင်တော့ ကျနော့် မိန်းမ က ကျနော့် ကို အများကြီး နားလည်တော့ ကျနော် ဘာမှ သိပ်မလို ဘူး။ နောက် တခါ ကျနော့် စတူဒီယို ကလည်း အိမ် မှာ ဆိုတော့ အိမ်မှာ ပဲ အလုပ်တွေ များနေတတ်တယ်။ အဲဒီကြားတာ တအိမ်ထဲ နေပြီး မတွေ့တာမျိုး ရှိတယ် .. ဒါပေမယ့် သူက တော်တော်လေး နားလည်ပေး တယ်။

 ရေရှည် သွား နိုင်တာက သူ နားလည်ပေးလို့ ဒီလိုမျိုး သွားနိုင်တာ မဟုတ်ရင် မလွယ်ဘူး။ ဒီနေ့ အခြေ အနေ ရောက် လာတာ ကလည်း ပထမဆုံး က ဘုရားကျေးဇူးပေါ့။ နောက် တခုက ကျနော့် မိသားစုရဲ့ အားပေး မှုပေါ့။ 

ကလေး သုံးယောက် မှာ အငယ်ဆုံး ကတော့ ဝါသနာ ပါတယ်။ ကျနော် ကတော့ ကလေးတွေ ကို အတင်းကြီး တွန်းအား မပေးချင်ဘူး။ ကျနော်တို့ တုန်းက ဒီလို ပစ္စည်းတွေ အတွက် အရမ်း ကို ကြိုးစား ရပေမယ့် သူတို့ ကျတော့ အရမ်းကို လွယ်ကူလွန်းနေတာ မြင်ရတာတော့ ကျနော်မကြိုက်ဘူး။ 
သူတို့ ကို ဒီ့ထက် ပို ကြိုးစား စေချင်တယ်။ ။
 


ဧရာဝတီ မီဒီယာမှ
day, February 15, 2013

No comments:

Post a Comment