Sunday, August 2, 2015
အမေ ဆိုတဲ့ အမေ
1024x1024_20150801_163627_215
ဘူတာ အတွင်းသို့  ၀င်လာသော သာရဝေါ ရထားကို မအေးတင် မမှိတ် မသုံ စိုက်ကြည့်နေ ပါသည် ။ ရထား ရပ်ပြီး ခရီးသည် များ ဆင်းသွား သည်နှင့် အထူးတန်း တွဲ ပေါ်သို့ တက်လိုက်ပြီး ရင်ခွင်ထဲ တွင် အိပ်ပျော်နေသော သမီးလေး ကို အားရပါးရ နမ်းကာ ထိုင်ခုံအောက် သို့ ထိုးသွင်း လိုက်ပြီး တွဲပေါ်မှ ဆင်း လိုက်ပါသည် ။
ရွာလမ်းထိပ် သစ်ပင်အောက် မှ ရန်ကုန် ဖက်သို့ ထွက်ခွါ လာသည့် သာရဝေါ ရထားကို မအေးတင် ကြည့် နေသည် ။ အထူးတန်း တွဲဖြတ် သွားချိန် အောက်ပါ အ တိုင်းပြောလိုက် ပါသည် ။ 
 မေ့မေ့ကို ခွင့်လွှတ်ပါ သမီးလေးရယ် မေမေ တို့ နဲ့ နေရင် သမီးလေး ဆင်းဆင်း ရဲရဲ ငတ်ငတ်ပြတ်ပြတ် နဲ့  နေရမှာ စိုးလို့ အခုလို လုပ်လိုက် ရတာပါ ။ 
သမီးလေး သူတော်ကောင်း လူချမ်းသာတွေ နဲ့ တွေ့ ပါစေ လို့ မေမေ ဆုတောင်းပေး လိုက်ပါ တယ် သမီး ရယ် ။။
” အေးတင် နင် ဒီနေ့ ကလေးခေါ် မလာဘူးလား ” ” သမီး မရှိတော့ဘူး အကို ”
” ဘယ်ရောက်သွား လို့ မရှိ တာလဲ ”
” သမီးလေး ကို ရန်ကုန် မှာနေတဲ့ လူချမ်းသာ ကတွေ့ ပြီး ချစ်စရာလေး မို့  သူတို့  မွေးစားပါရစေပြောလို့  ကျွန်မပေးလိုက်ပြီ အကို ”
” ဟယ် ကျီးကန်းမရယ် နင် ကလည်း ငါတို့ ကိုပေးဆိုတော့ မပေးဘူး ” အကို့  မိန်းမ မသက်က အခုလို မကျေ မနပ်နှင့် ၀င်ပြောပါသည် ။
” မဟုတ်ပါဘူး မမသက် တို့ လည်း ဒီလောက်ပြေလည်တာမှ မဟုတ်တာ ” ” နင် တစ်ကယ်ပေးလိုက်တာမှ ဟုတ်ရဲ့ လား အေးတင် ”
” ဟုတ်ပါတယ် ဆို အကို ကလည်း ကျွန်မက လိမ်ရမှာလား ” 
တစ်ရွာလုံး ကျွန်မ ကို အသားမဲ သဖြင့် ကျီးကန်းမ ဟု ခေါ်ကြသော်လည်း အကို က တော့ နာမည် ပဲခေါ် သည် ။ ကျွန်မ အကို့ အပါးမှ လှည့် အထွက် ။ ။။ 
နင့်ယောင်္ကျားထွန်းလူ ကို ဘယ်လိုပြန်ပြောမလဲ ။။
။။ သူက အရက်က လွဲပြီး ဘာမှ စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ အကိုလည်း သိရဲ့သားနဲ့ ။ 
အကို က ခေါင်းတစ်ညိတ်ညိတ်နှင့် မို့  ကျွန်မ လှည့်ထွက် လာခဲ့ပါသည် ။ မျက်စိထဲ တွင် သမီးလေးမျက်နှာ ကို မြင်ယောင်ရင်း မျက်ရည်များ ကျလာသည် ။
သမီးလေးမျက်နှာမြင်သောနေ့ ကိုပြန် အမှတ်ရ မိသည် ။ အရပ်လက်သည်ဒေါ်လေး စောက သမီးကို ကြည့်ရင်း ပြောလိုက်သည် ။ ။။
ကျီးကန်းမ ရယ် ကလေး အသားလေးက ဖြူဖွေးနေတာ ပဲ နင့် ကလေး ဆိုတာ ငါ ကိုယ်တိုင်မွေးမပေးရင် ယုံနိုင်စရာတောင် မရှိဘူး ။။
။။ ဟုတ်ပါရဲ့ ငါ့တူမလေး ကဖြူဖွေးနေတာပဲ ဒီနေ့ ကစပြီး ဖြူဖွေး လို့ ပဲခေါ်တော့မယ် အကို့ မိန်းမ မမသက်က တစ်ခါထဲ နာမည်ပါပေးလိုက်ပါသည် ။။ 
ထိုဖြစ်ရပ် များဖြစ်ပြီး နှစ်ပေါင်း (၂၀) အကြာ ရွာသူ ရွာသား များ ဧရာဝတီမြစ်ကမ်း ဘက် သို့ အပြေးအလွှား သွားနေကြ သဖြင့် ဒေါ်အေးတင် အိမ်ခြေရင်း မှ မခင်ပု ကို လှမ်းမေးလိုက်ပါသည် ။
။။ ဟဲ့ ခင်ပု ကမ်းနား မှာ ဘာတွေဖြစ်နေလို့ လဲ ။။
။။ ဒေါ်လေး ကျီးကန်းမ ကလည်း မြစ်ကမ်းပါးမှာ ရုပ်ရှင် အဖွဲ့ သားတွေရောက်နေ တယ် ။ အခု နာမည်ကြီးနေတဲ့ ရုပ်ရှင် မင်းသမီး နှင်းဝတ်ရည် လည်း ပါတယ် .. အဲ့ဒါ တစ်ရွာလုံး သွားကြည့်နေကြတာ ။။ 
ကျွန်မ က ရုပ်ရှင်လည်း မကြည့် သဖြင့် မသိသလိုပဲနေ လိုက်ပါသည် ။သို့ သော် အကို့  မိန်းမ မမသက် ယူ လာသော သတင်းကြောင့် ကျွန်မ စိတ် လှုပ်ရှားသွား ပါသည် ။။
။။ ကျီးကန်းမ အဲ့ဒီ ရုပ်ရှင်မင်းသမီး က ရွာသားတွေ ကို လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က သာရဝေါ ရထား အထူးတန်း တွဲပေါ်ကို ကလေးတစ်ယောက် တင်ပေးလိုက် တဲ့ အမျိုးသမီး တစ်ယောက်ကို သိလား လို့ လိုက်မေးနေတယ် ။။
။။ ဟင် တကယ်လား ။။ ကျွန်မ အံ့သြသော အမူ အရာနှင့်ပြန်မေးလိုက် ပါသည် ။ ဒါကို ရိပ်မိသော မမသက် က ။
။။ ကျီးကန်းမ နင်သမီးလေး ကိုပေးလိုက်တာမှ ဟုတ်ရဲ့ လား ဘယ်သူမှ မသိအောင် တိတ်တိတ် ကလေး တင်ပေးလိုက် တာလား မလိမ် နဲ့ ငါ့ကို မှန်မှန်ပြောစမ်း ။။ ကျွန်မ ဘာမှ မပြောနိုင်ပဲ မျက်ရည်များ ကျလာပါ သည် ။ ခဏကြာ မှ မျက်ရည် သုတ် ပြီး ပြောပြ လိုက်ပါသည် ။
။။ ဟုတ်ပါတယ် မမသက်ရယ် ကျွန်မ အကို နဲ့ မမသက်ကို လိမ်ပြော ခဲ့တာပါ ။ သမီး လေး ကိုကျွန်မ အထူး တန်း တွဲပေါ်မှာ ဘယ်သူမှ မသိအောင် တင်ထားခဲ့ တာပါ ။။
။။ အာ နင်တော်တော် ရက်စက်တဲ့ မိန်းမပဲ ဟာ ။ ဒါဆိုရင် အခုလိုက်မေးနေတဲ့ မင်းသ မီး ကို ငါသွားတွေ့  မယ် ။အကျိုး အကြောင်း သိရအောင် ။။
။။ မလုပ်ပါနဲ့ မမသက် ရယ်နေပါစေ ထားလိုက် ပါတော့ ။။
။။ မဟုတ် ပါဘူး နင် နဲ့ ပတ်သက်တာ ကို ငါဘာမှ မပြောပါဘူး ။ သူ ဘာကြောင့်ရှာနေ တာလဲ ဆိုတာ သိချင် လို့ ပါ ။။ သာရဝေါ ဘူတာရှိ စားသောက်ဆိုင် တစ်ခု ၏ သီးခြား အခန်းတစ်ခု အတွင်းတွင် ရုပ်ရှင် မင်းသမီး နှင်းဝတ်ရည် က မမသက် ကိုတွေ့ ဆုံပါသည် ။
။။ အန်တီ က အဲ့ဒီ ကလေးကို စွန့် ပြစ်ခဲ့တဲ့ သူကို တကယ်သိလို့ လား ။။
။။ ဘာဖြစ်လို့  အဲ့ဒီ အမျိုးသမီး ကို တွေ့ ချင်နေတာလဲ ဆိုတာ အရင်ပြောပြနိုင် မလား။။
။။ ဟုတ်ကဲ့ပြောပြနိုင် ပါတယ် လွန်ခဲ့တဲ့ နှစ်(၂၀)လောက် က ရထားပေါ်တင်ပေး တာခံ ခဲ့ ရတဲ့ မိန်းကလေး က ကျွန်မ ပါ ။ ကျွန်မ ကို ကောက်ယူမွေး စား ခဲ့တဲ့  မိဘတွေ က လ၀န်းသော် တာရုပ်ရှင် ကုမ္မဏီ ပိုင်ရှင် တွေ ပါ ။။ 
မမသက် က ပါးစပ် အဟောင်းသားနှင့် မင်းသမီးနှင်းဝတ်ရည် မျက်နှာလေး ကို ငေး ကြည့်နေမိ ပါသည် ။ စိတ်ထဲမှ လည်း တွေးနေမိပါသည် ။
။။။ သြော် ငါ့တူ မလေး ဖြူဖွေး က နိုင်ငံကျော် ရုပ်ရှင်မင်း သမီးဖြစ်နေပါရောလား ။။။
။။ အန်တီ ကျွန်မကို တင်ပေးလိုက်တဲ့ အမျိုးသမီးကို သိလားဟင်။ သိရင်ပြောပြပါ ကျွန်မ အမေ အရင်းကို တစ်ကယ်တွေ့ ချင် လို့ ပါ။ ကျွန်မမွေးစား မိဘတွေလည်း မရှိတော့ပါဘူး ။ သူတို့ မသေခင် ဒီ အဖြစ်အပျက် ကို ကျွန်မမွေးစား အမေကပြော ပြခဲ့တာပါ ။ 
ကျွန်မကို စွန့် ပြစ် ခဲ့လို့ အပြစ် မတင်ပါဘူး ။ အမေ့ကို ကျွန်မ တွေ့  ရင် အမေ့မျက်နှာ ကိုကြည့်ပြီး စကားတွေပြောမယ် ပြီးတော့ပြန်ပြီးပြုစု ချင်လို့ ပါ။
။။ အင်းဖြစ်နိုင် မလားတော့ မသိဘူး အဲ့ဒီ အမျိုးသမီး ရဲ့ အကိုတော့ ရှိတယ် သေသေ ခြာခြာပြန်မေး လိုက် ဦးမယ် ။။
။။ ဟုတ်လား အမေ့ ရဲ့ အကို ဆိုတော့ ကျွန်မ ရဲ့  ဦးလေးပေါ့ ။ မနက်ဖြန်ခေါ်ခဲ့ ပါလား အန်တီ ကျွန်မ ဦးလေး ဆီ ကနေ အမေ့အကြောင်းတွေ သိချင်လို့ ပါ ။။
။။ အင်း သေသေခြာခြာမေး ခဲ့ပြီး သေခြာရင်ခေါ်လာခဲ့မယ်လေ ။။
။။ ဟုတ်ကဲ့ အန်တီ သေသေခြာခြာခေါ်လာ ခဲ့ပါနော် ကျွန်မစောင့်နေမယ် ။ မနက် ဖြန်ဆို ရင် ရိုက်ကွင်းပြီးပြီ ကျွန်မတို့ ပြန်ရတော့မှာ ။။
။။ ကောင်းပါပြီကွယ် စိတ်ချပါ ။။ အကို နဲ့ မမသက် က ကျွန်မ ကိုပြောပါသည် ။
။။ အေးတင် ဘယ်လိုလည်း နင်သွားတွေ့ မလား ။ အခု မသက်ပြောပုံ အရဆိုရင် နင့်သမီး ဆိုတာသေချာ နေပြီ ။။
။။ အေးဟာ လိုက်တွေ့ လိုက်ပါ ကျီးကန်းမ ရယ် ။ ကောင်မလေး ကချောလိုက်တာ နင့်ကို အရမ်းတွေ့ ချင်နေ တာ ။။ ကျွန်မခေါင်းကိုဖြေးညှင်းစွာ ခါလိုက်ပြီး အကို့ ကိုကြည့်ကာပြော လိုက်ပါသည်။ ။။ 
အကိုပဲ သွားတွေ့ လိုက်ပါ သမီးကို ကျွန်မသေ သွားပြီ လို့ ပြောပေးပါ အကို။ မွေးကတည်း က တာဝန် မယူနိုင် လို့  စွန့် ပြစ် ခဲ့ပြီး ကောင်းစားတော့မှ သမီး ကို ဘယ်လို မျက်နှာမျိုး နဲ့  ကျွန်မ ရင်ဆိုင်ရမလဲ အကို ။။
။။ 
မဟုတ်ဘူးလေ အခု ဟာက သူကိုယ်တိုင်တွေ့ ချင် လို့ လိုက်ရှာနေတာ သနား ပါတယ် အေးတင် ရယ် နင် လိုက်တွေ့ လိုက် ပါလား ။။
။။ မတွေ့ တော့ဘူး အကို ကျွန်မ တစ်ကယ်ဆုံးဖြတ် ထားလို့ ပါ သူ ဒီဘ၀မျိုး ရောက်အောင် ကျွန်မ စွန့် စား ခဲ့တာလေ ။ အခု သမီးလေး ကျွန်မဖြစ်စေချင် တဲ့ ဘ၀မျိုး ဖြစ်သွား ခဲ့ပြီ ကျွန်မကျေနပ်တယ် အကို ။ 
ဒီလို အသား မဲမဲ မိန်းမ တစ်ယောက်ဟာ နိင်ငံကျော် မင်းသမီး တစ်ယောက် ရဲ့ အမေ ဆိုတာ ဘယ်သူမှ မသိစေ ချင်တော့ပါဘူး ကျွန်မကိုကြည့် ပြီး သားသမီး ကို စွန့် ပြစ်ခဲ့တဲ့ အမေ အသားမဲမဲ ရုပ်ဆိုးဆိုး နဲ့ အမေ ဆိုတဲ့ စိတ်ခံစားချက် မျိုး သမီးကို မခံစားစေချင်တော့ဘူး အကို ။ ကျွန်မ ခံစားချက် ကို အကို နားလည်မှာပါ ။ အကိုပဲ သွားတွေ့ လိုက်ပါ ။။
ဦးလေး က တစ်ကယ် ကျွန်မ ရဲ့ ဦးလေးပေါ့နော် ၀မ်းသာ လိုက်တာ ။ နှင်းဝတ်ရည် မျက်နှာချင်း ဆိုင် ထိုင်နေသော ကျွန်တော့် မျက်နှာ ကိုစေ့စေ့ကြည့်ပြီး ကျွန်တော့် လက်နှစ်ဖက် ကို လှမ်းဆုတ်ကာ အငမ်းမ ရမေးသည်။ မေမေရော အခု ဘယ်မှာလဲ ။ ဦးလေး နဲ့ တူရင်မေမေ ကလည်း ချောမှာပဲ ။ သမီးတွေ့ ချင်တယ် တယ်ဦးလေးရယ် ။။
 ကောင်မလေး ကိုကြည့်ကာ ကျွန်တော် စိတ်မကောင်း ဖြစ်ရသည်။ မိခင်မေတ္တာ ငတ် နေသော သမီး တစ်ယောက် ရဲ့ ခံစားမှု သူ့ မျက်နှာ တွင် အတိုင်းသား ပေါ်နေသည်။ ကျွန်တော် အားတင်းပြီး တစ်ခွန်း ချင်းပြောလိုက် ပါသည် ။
သမီးမေမေ က ငယ်ငယ်လေး ကတည်း က ပန်းနာ ရင်ကျပ် ရောဂါဖြစ်နေတာ သမီး ကိုမွေးပြီး (၄) လ သမီး အရွယ် မှာ သမီးကိုကောင်းစား စေချင်လို့ ဆိုပြီး အထူး တန်း ရထားတွဲပေါ်ကို ဘယ်သူမှ မသိအောင် တင်ပေး လိုက်တာ ။
ဦးလေးကိုတောင် အကို မို့ လို့ ပြောပြ ခဲ့တာ ။ တစ်ရွာလုံး ကိုတော့ ရန်ကုန် က သူဌေးတွေ မွေးစားချင် လို့ ပေးလိုက်တယ် ဆိုတာပဲပြောခဲ့တယ် ။ သူ  ကွယ်လွန်သွား တာ (၄)နှစ်လောက် ရှိ သွားပြီ နေပူ မိုးရွာ မရှောင် အလုပ်လုပ် ခဲ့တဲ့ ဒဏ်တွေနဲ အမြစ်တွယ်နေတဲ့သူု့ရောဂါ က သူ့ ကို အနိုင်ယူသွားတာပဲ ။။
 ဖြစ်ရလေမေမေ ရယ် သမီး ရှာတာနောက်ကျ သွားတာပဲ စိတ်မကောင်း လိုက်တာ ။။ ကျွန်တော့် စကားကြောင့် ကောင်မလေး မျက်ဝန်းမှ မျက်ရည်များ ကျလာသည် ။ ကျွန် တော်လည်း သူငိုတာ မကြည့်ရက် သဖြင့်မျက်နှာ လွှဲနေလိုက်ပါသည် ။ 
ခဏ အကြာကောင်မလေး မျက်ရည် သု တ်ပြီး ကျွန်တော့်ကို ပိုက်ဆံ တစ်ထပ်ကြီး ထုတ် ပေးကာအောက်ပါ အတိုင်းပြောသည်။ ။။ ဒီ ပိုက်ဆံတွေ ဦးလေး ယူသွားပါ သမီး ကန်တော့ တာပါ ။ မေ့မေ့ အတွက် လည်း ကောင်း မှု ကုသိုလ်တွေ လုပ်ပေးပါ ။ 
ဒါ သမီးနေတဲ့ ရန်ကုန်က အိမ်လိပ်စာ ကဒ်ပါ ။ ဦးလေး နဲ့ ဒေါ်လေး သမီးဆီ ကို လာခဲ့ပါ ။။ ကောင်မလေး က လိပ်စာကဒ် တစ်ခု ကျွန်တော့်ကိုပေးပါသည် ။ တစ်ဆက် တည်း ။  ကဲ ဦးလေး သမီး ဒီ ညနေ နောက်ဆုံး အခန်း ရိုက်ပြီးရင် ရန်ကုန်ပြန်တော့မယ် ။ 
သူ့ စကားအဆုံး ကျွန်တော်တို့ နှစ်ယောက် အိမ်ပြန် လာခဲ့ပါသည် ။ အိမ်ပေါက်ဝ တွင် ထိုင်စောင့်နေသော မအေးတင် ကို အကျိုး အကြောင်းပြောပြလိုက် ပါသည် ။။
။။ ကောင်းပါ့မလား မမသက်ရယ် ။။
။။ ဘာလို့ မကောင်းရမှာလဲ ကိုယ်သမီးကို ကိုယ်သွားကြည့်တာ ဘယ်သူမှ သိတာ မှ မဟုတ်ပဲ ကျီးကန်းမ ရယ် နင် သွားချင်ရင် ငါလိုက် ပို့ မယ် ။။ 
ကျီးကန်းမ က ပုဆိုးတစ်ထည် ကိုခေါင်းပေါင်းကာ ရိုက်ကွင်း ရှိရာသို့ ထွက်ခဲ့ ပါသည်။ ကျီးကန်းမ ကောင်မလေး ကို စိုက်ကြည့်နေပါသည် ။ ကောင်မလေးရိုက်နေသည့် အ ခန်းက ဧရာဝတီမြစ် အတွင်း လှေမှောက် ကာ အသက် ဆုံးသွားသော မိခင် အ လောင်းကို ဖက်ကာ ငိုကြွေးနေသည့် အခန်း ။။
 မေမေရယ် သမီးကို ထကြည့် ပါဦး ဒီလောကကြီး ထဲမှာ သမီး တစ်ယောက်ထဲ ထား ခဲ့တော့မှာ လား မေမေ မရှိရင် သမီး ဘယ်သူ့ ကို အားကိုးနေရတော့မှာလဲ ။။ မျက်ရည် အရွှဲသားနှင့်မြစ်ကမ်း နဖူး တွင် မိခင် အလောင်း ကို ဖက်ကာ ငိုကြွေးနေသော ကောင်မလေး ကိုကြည့်ကာ ကျီးကန်းမ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာ သည် ရွာလမ်း ဘက် သို့ ပြန်လှည့်ထွက် လာခဲ့သည် ။
 နှုတ် မှ လည်း အောက်ပါ အတိုင်းရေ ရေရွတ်ပြောဆိုနေ ပါတော့သည် ။  သမီး ဖက်ပြီး ငိုနေတဲ့ အလောင်း ကို မေ့မေ့ အလောင်း အဖြစ် သတ်မှတ်ပြီး သမီး အားရ ပါးရ ငိုလိုက်ပါ သမီးရယ် ။ မေမေ နဲ့  သမီးဟာ တစ်ကယ့် ကို ဝေးသွား ခဲ့ပါ ပြီ ။ သမီးလေး ဘ၀ အခုလို တင့်တင့် တယ်တယ်ဖြစ်နေ တာ ကိုကြည့်ပြီး အမေကျေနပ် ပါတယ် သမီးရယ် ။ 
သားသမီး ကို တာဝန်ကျေအောင် ပြုစု ပျိုးထောင် နိုင်စွမ်း မရှိ ခဲ့တဲ့ အမေ ဟာ သမီးလေးပြုစု တာကို မခံယူ ရဲ ပါဘူး ။ အမေ ဆို တာ သားသမီးတွေပြည့်စုံ သွားတာ ကိုမြင်နေရရင် ပဲ ကျေနပ်နေကြတဲ့ သူမျိုးတွေ ပါ သမီး ရယ် ။ ကျေနပ်နေတဲ့ သူမျိုးတွေပါ ။
ကိုမောင်မောင်(ဆန်းသုတေသီ)
 http://www.searchmyanmar.com/link/frame/cid/52465
No comments:
Post a Comment