Saturday, September 5, 2015

အစွမ်း အထက်ဆုံး အဆင့် မေတ္တာဈာန်။


Thein Wai's photo.
 


 မေတ္တာ ပို့တဲ့အခါ မှာ “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ် ခင်မင် ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကို ရွေးရပါမယ်။ရွေးပြီးနောက် “ ကျန်းမာပါစေလို့ပဲ ပြောပြော၊ ချမ်းသာပါစေလို့ပဲ ပြောပြော၊ အရာခပ်သိမ်း အဆင်ပြေပါစေ လို့ပဲ ပြောပြော ” ဘာပဲပြောပြော ကိုယ် ကြိုက်တဲ့ တစ်ခုခုကို ပြောလို့ ရပါ တယ်။

 မေတ္တာပို့မယ့် ပုဂ္ဂိုလ် ကို ရွေးပြီးတဲ့ အခါ ကိုယ် တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထို ပုဂ္ဂိုလ် ရဲ့ မျက်နှာ စိတ် ထဲမှာ ပေါ်လာအောင် ပုံဖေါ်လိုက်ပါ။ ပုံဖေါ်လို့ မရဘူး ဆိုလို့ ရှိရင် သူ့ရဲ့ ဓာတ် ပုံလေး တစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖေါ်လိုက်ပါ။ 

သူ့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာ ကြည်နူးနေတဲ့ မျက်နှာလေး ကို ကြည့်ပြီးတော့ “ အစဉ် ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ရွှင် လန်းပါစေ ” ဆိုပြီး အဲဒီ စိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် မေတ္တာ ထပ်ကျော့နေရ ပါတယ်။
 

တစ်နာရီ လုပ်ရင် တစ်နာရီ လုံး ထပ်ကျော့ နေရပါတယ်။ (ပွတ်ပေး) မေတ္တာပို့နေရပါတယ်၊ အဲဒါ ကို
လေ့ကျင့်နေတယ်လို့ ခေါ်ပါတယ်။
 

အဲဒီလို ပွတ်ပေး (မေတ္တာပို့)နေလိုက်တဲ့ အခါမှာ ဘယ်နေရာပဲ သွားသွား ဒီပုဂ္ဂိုလ် ရဲ့မျက်နှာ ပဲ မြင်နေ ပါမယ်။ စိတ် က အဲဒီပေါ်မှာပဲ ငြိမ်ကျ လာပါမယ်။ အဲဒီ လို ငြိမ်ကျလာတဲ့ အပေါ်မှာ မေတ္တာ စိတ်ကလေး နဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ ရှိရင် နောက်ဆုံးမှာ သမာဓိ စွမ်းအားတွေ ကောင်း လာလို့ ရှိရင် အာရုံပေါ် မှာ စူးစူး စိုက်စိုက်ဖြစ်ပြီးတော့နေတဲ့ သမာဓိ စွမ်းအား ဈာန်သမာဓိ တောင် ရ နိုင်ပါတယ်။
 




သူငယ်ချင်း ရဲ့ မျက်နှာပေါ်မှာ စိတ်ကလေး အမြဲတမ်းရောက်နေတာ ၀ိတက်။ ၀ိတက် ဆိုတာ
အာရုံပေါ် စိတ်ကလေး ကို ပို့တင်ပေးနေတာပါ။ ၀ိစာရ ဆိုတာ အာရုံ နဲ့ စိတ်ကလေး ကွာမသွား
အောင် လုပ်ဆောင်ပေးနေတဲ့ သဘော၊ 


အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာ က ပီတိ၊ စိတ်ကျေနပ် နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာ က သုခ၊ အဲဒီ အာရုံလေး ကို စိတ်က ခွာလို့ မရတာက ဧကဂ္ဂတာ၊  အဲဒီ ၅ ခုဟာ ဟန်ချက် ညီညီ အလုပ် လုပ်နေပြီ ဆိုလို့ ရှိရင် ပထမဈာန်လို့ခေါ်ပါတယ်။ 

ပထမဈာန်  ရပြီပေါ့။ သူငယ်ချင်း ရဲ့မျက်နှာပေါ် မှာ အာရုံစိုက်ပြီး အလုပ် လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင် လန်း ပါစေ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်လေး ပွားပြီးတော့ အလုပ် လုပ်နေပြီ၊ အဲဒီလို အလုပ် လုပ်နေလို့ရှိရင်
ခုနက အင်္ဂါရပ်တွေ ပြည့်စုံ လာရင် ပထမဈာန်ပဲ။
 

ဒီထက် စွမ်းအားမြှင့်လိုက်တဲ့ အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ၀ိတက် ဆိုတာ မလို တော့ဘဲနဲ့ အာရုံလေး က ခွာလို့ မရတာရယ်၊ စိတ်ထဲ က ကျေနပ် တာရယ်၊ ချမ်းမြေ.နေတာရယ်၊ တည် ငြိမ်နေတာ ရယ်၊ ဒီ သဘောလေး ၄ မျိုးနဲ့ ဖွဲ့စည်းလိုက်တာ ကျတော့ ဒုတိယဈာန် အဆင့် လို့ခေါ်ပါတယ်။
 

 နောက်တစ်ခါ ဒီ့ထက် သမာဓိ စွမ်းအားတွေ မြှင့်လိုက် အခါကျတော့ အာရုံနဲ့ စိတ် တွယ်ကပ်အောင်
လုပ်ပေး စရာမလိုတော့ ဘဲ ထို အာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေ
တာရယ် ဒီ အခြေအနေ ၃ ရပ် ကလေးနဲ့ ထို အာရုံပေါ်မှာ ရပ်တည်နေလို့ ရှိရင် တတိယဈာန် လို့ခေါ်ပါ တယ်။
 

 မေတ္တာပွားတဲ့ ပုဂ္ဂိုလ် ဟာ အဲဒီလို ဈာန် ၃ ဆင့် ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင့် ရသွားမှ
စေတောဝိမုတ္တိ လို့ခေါ်ပါတယ်။ ပိယပုဂ္ဂလ လို.ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင်တဲ့ ပုဂ္ဂိုလ် နဲ့ လေ့ကျင့်လိုက်
လို့ အောင်မြင်သွားတဲ့ မေတ္တာလေး ကို ဒီအတိုင်း မထားနဲ့ဦး၊ မေတ္တာ ကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာ
လေးကို transfer လုပ်ရမယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲ ဆိုရင် ချစ်လည်း မချစ် မုန်းလည်းမ
မုန်းတဲ့ ကိုယ် မသိတဲ့ပုဂ္ဂိုလ် အပေါ်မှာ ပြောင်းကြည့်လိုက်ပါ။


 ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာ သဘော တရားလေး ဟာ လျော့ကျ မသွားဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ် မှာ ထားတဲ့ စိတ်အခြေအနေ ဟာ မုန်း လည်းမမုန်း ချစ်လည်း မချစ်တဲ့ ပုဂ္ဂိုလ် အပေါ် မှာ သွားထားလိုက် လို့ အခြေအနေပြောင်းလဲသွားတယ် ဆို လို့ ရှိရင် ဒါ ဒုတိယအဆင့် အနေနဲ့ အဆင်ပြေအောင်မြင် သွားပါပြီ။
 

ပထမ ပိယပုဂ္ဂလ၊ ဒုတိယ မဇ္ဈတ္တ အလယ်အလတ် ပုဂ္ဂိုလ်ပေါ် မှာ ပြောင်းကြည့်လို့ အခြေအနေ မပြောင်း ဘူး ဆိုရင် ကိုယ်နဲ့ မတည့်တဲ့ ရန်သူ ဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်ပါ။ ပြောင်းကြည့် လိုက်လို့ ဒေါသဖြစ် လာလို့ ရှိရင် မေတ္တာဟာ မကြံ့ခိုင်သေးပါ။ ပြန်ပြီးတော့ မေတ္တာ ကိုလေ့ကျင့် လိုက်ပါ။
 

 လေ့ကျင့်ပြီးတဲ့ အခါ တစ်ခါပြန် စမ်းသပ်ကြည့် လိုက်ပါ၊ အာရုံပြောင်းပြီးတော့ ရန်သူ အပေါ် မေတ္တာထား
လို့ ရသွားပြီ ဆိုလို့ ရှိရင် မေတ္တာ ဟာ တော်တော် ခိုင်သွားပါပြီ။
 

အဲဒီလို လုပ်ပြီးတော့ တစ်လောကလုံးမှာ ရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာ ထားနိုင်အောင် ကြိုးစား ပါ ။

 နောက်ဆုံး မှာ လူ ၄ ယောက်၊ 
နံပါတ်တစ် က မိမိ ကိုယ်တိုင်၊ 
နံပါတ်နှစ် က ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်၊ 
နံပါတ် သုံးက ချစ်လည်း မချစ် မုန်းလည်း မမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ 
နံပါတ်လေး က ရန်သူ၊ 

အဲဒီ ၄ ယောက် ကို ရန် သူ လို့ လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ် လို့လည်း မမြင်တော့.ဘူး၊ ကိုယ့် မိတ်ဆွေ လို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့ မသိတဲ့ ပုဂ္ဂိုလ် လို့လည်း မမြင်တော့ဘူး၊ ကိုယ့် ရန်သူ လို့လည်း မမြင်တော့ ဘူး၊ အားလုံး ဒီ ၄ ယောက်စလုံး ဟာ တစ်မျိုးတည်း တစ်ခုတည်း လို့မြင်သွားပြီ ဆိုရင် ဒီ လူရဲ့ မေတ္တာဟာ အစွမ်းထက် ဆုံး အဆင့် ရောက်သွားပြီ။
 

{ ၁၃၇၁ ခုနှစ်၊ နတ်တော် လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း လမ်း ၌ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဟောကြားသော “စိတ် ၏ ထွက်ပေါက်များ” တရား တော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
 

(မှားယွင်းမှုများ ရှိသော် အစဉ် သနားသော အားဖြင့် သည်းခံ ခွင့်လွှတ်ပေးပါရန်  ဦးခိုက်လျှောက်ထား ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား)


ဦးသိန်းဝေ။ http://www.facebook.com/damanadi.tk http://www.damanady.tk/ (ဓမ္မနဒီ) တွင်လည်း ဖတ်ရှုနိုင် ပါသည်။

No comments:

Post a Comment