Sunday, November 29, 2015

ဦးကိတ္တိသာရ (ထပ်ဆင့် အကယ်ဒမီ ဦးကျော်ဟိန်း) ၏ ဓမ္မ အတွေ့အကြုံ များ

ဓမ္မရတနာ's photo.




နိုင်ငံကျော် ရုပ်ရှင် မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရ သည် ကျင့်ကြံ အားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်း များကို တစ်ကမ္ဘာလုံး ရှိ လူသား အားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ် တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရ သဖြင့် Myanmar ICT ဂျာနယ် မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များ ကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။

လူ့လောကကြီး ကို စွန့်ခွာ ခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။


ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်း က ကြိုတင်ပြီး ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ မှာ ကြေညာ ခဲ့တယ်။ 

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ မှာ ထွက်မယ် ဆိုပြီး လုပ်ခဲ့တာ၊ ဒီ အလုပ် က ရုတ်တရက် ကောက်ပြီး ထွက်မယ် ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက် ရှစ်နှစ်ကြာရင် ထွက်မယ် ဆိုပြီး ပြင်ဆင် ထားတာတွေ၊ အစီ အစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ် လို့ သိရပါတယ်။ ဘယ်ကနေ ဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ် လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။

ဦးပဉ္စင်း အသက် က ၆၆နှစ်၊ လူ့ သက်တမ်း ၇၀ လို့ ထားရင် နောက် ၄နှစ် ပဲ ကျန်တယ်။ ဒီလေးနှစ် အတွင်း ဘာတွေ လုပ်ခဲ့ ရမလဲ။ ကိုယ် သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေ ရဲ့ အဖြေက ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ 

ပြီးတော့ အားလုံး ကို စွန့်လွှတ်ရမယ် ဆိုတာတွေ အထဲမှာ သိခဲ့တဲ့ အသိတွေ ကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုး ရှိတဲ့ အသိတွေ ကို အရှိန်အဟုန်ပြင်းစွာ တိုးတက် လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ် နဲ့ IT ပစ္စည်းတွေ ရဲ့ အကူအညီ ကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ 

အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင် မှာပါ။

ဦးပဉ္စင်း ရဲ့ ဒီ ၀က်ဘ်ဆိုဒ် ထဲမှာ စိတ် နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဖော်ပြထားတော့ စိတ် နဲ့စေတသိက် ရဲ့ ကွာခြားမှုလေး ကို ရှင်းပြပေးပါလား ဘုရား။

စိတ် ဆိုတာ အာရုံ ကို သိရုံ သိတာ။ စေတသိက် က စိတ် ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေ တာ စေတသိက် ဆိုတဲ့ စိတ်တွေ။

အသိ နဲ့ သတိ ကို ခေါင်းစီး နာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရား ရဲ့ အရည်အချင်းတွေ ကို ကြည်ညိုလွန်း လို့ သိစေချင်တယ်။ 



ဂုဏ်တော် ကိုးပါး မှာ ဒုတိယ အချက်ဖြစ်တဲ့ သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော် မှာ မြတ်စွာဘုရား ဟာ သိစရာ မှန်သမျှ အရာအားလုံး ကို ဆရာ မလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော် တိုင် ထိုးထွင်းပြီး အကြွင်း မရှိ သိမြင်တော် မူတယ်။ 

လက်တဖျစ် အတွင်း မှာ ရုပ်ခန္ဓာ ရဲ့ ဖြစ်ပျက်မှု ဟာ အကြိမ် ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေ တစ်သိန်း ဆိုတာ ဘုရား ရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီး မှာ နောက်ဆုံး မှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ တဲ့။

 ပြုပြင်ပေးရသမျှ သင်္ခါရ တရား တို့သည် ပျက်စီးခြင်း သဘော ရှိကြကုန်၏။ မမေ့ မလျော့သော သတိ တရား နဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့ တဲ့။ သတိ အရေးကြီးဆုံး ဆိုတာ ဟောခဲ့ လို့ အသိ နဲ့ သတိ ကို ဦးညွတ်တဲ့ သဘော။

 ပြည်တွင်း က လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။

 ပြည်တွင်း က လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ ကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီ လား။ ရခဲ့ရင် လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့ အကြုံတွေရော ရနေပြီလား၊ အခွင့် အရေး ရခဲ့ ရင်ရော အသုံးချ ဖို့ အဆင်သင့် ပြင်ဆင် ထားတဲ့ အရည် အချင်း ရှိနေပြီလား ဆိုတာတွေ ကို ကြည့်ပြီးတော့မှ အားရတယ်၊ အား မရဘူးဆိုတာ ပြောနိုင်မှာပေါ့။ 

လူငယ်တွေ အနေနဲ့ လည်း သူတို့ လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည် အချင်းတွေ အဆင် သင့် ဖြစ်နေပြီ  ဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအား အသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက် က အဆင်သင့် ပြင်ဆင် ထားဖို့ပဲ လိုတယ်။ ဒီ သဘောကို မသိကြ ဘူးဆို ရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေ နဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန် မှုတွေ လုပ်ပေးသေးသလား ဘုရား။

တွေ့ဖြစ်ပါတယ်။ တွေ့တဲ့ အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံး တိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ 

အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။
မြန်မာ့ ရုပ်ရှင်လောက ကို ဘယ်လို မြင်ပါသလဲ ဘုရား။

အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက် လာလိမ့်မယ်လို့ ထင်ပါတယ်။

 ဟောပြော ပွဲတွေ အများကြီး လုပ်ခဲ့ ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများ တာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံး ခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။

အရင်ဦးဆုံး ကတော့ သူတို့ သိခဲ့တဲ့ ကျော်ဟိန်း ဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်း က စိတ် အကြောင်းတွေ ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာ ရှိတာ သိဖို့ အကြောင်းတွေ၊ 

မရှိ တာထက် မသိတာ ခက်တဲ့ အကြောင်း၊ မသိတာထက် မလုပ်တာ ခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိ နဲ့ သတိ အကြောင်းကိုပဲ အဓိက ထား ပြောတဲ့နေရာ မှာ တစ်ချိန် ချိန်တော့ အသိ နဲ့ သတိ အရေးကြီးတာ ကို သဘောပေါက်လာမယ် လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာ ကို နှစ်ပေါင်းများစွာ ကျက်မှတ် ထားတဲ့ ဘုန်းကြီးများ လို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေ ဟာ ဦးပဉ္စင်း ဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့ သလဲ ဘုရား။
 
သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာ ကို နှစ်ပေါင်း များစွာ ကျက်မှတ် ထားတဲ့ ဘုန်းကြီးတွေ လို မရွတ် ဖတ်နိုင်တော့ ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှ မကြာဘူး၊ စာအုပ် တစ်အုပ် ထွက်လာတယ်။ 

ဦးပဉ္စင်း ဟာ ဘယ် ဂိုဏ်း ၀င်ပါ၊
 ပြောနေတဲ့ စကားတွေ က အဓမ္မ ၀ါဒီတွေပါ၊ 
ဘုရားရဲ့ အယူအဆ တွေ ကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ 
ဓမ္မတွေ၊ ၀ါဒတွေ ကို အပြောင်း အလဲ ဖြစ်ကုန် မယ်နော်၊ ဒီလူကြီး ကို လွှတ် မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါး က တိုင်တယ်။ အဖွဲ့အစည်းတွေ ကလည်း စောင့်ကြည့် ကြတာပေါ့။ 

ဦးပဉ္စင်း အနေ နဲ့ ကျော်ဟိန်း ဘ၀ ကို စွန့်လွှတ်ပြီးတဲ့နောက် မှာ ဘာကို လိုချင် ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာ မှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်း က ဘုရား ရဲ့ တရားတော်တွေ ကို အများသိအောင်၊ တစ်ဖက် တစ်လမ်း ကနေ ကူညီချင်တာ။

 သြော် ဦးပဉ္စင်းကြီး က သာသနာ ကို တစ်ဖက် တစ်လမ်း က နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူ အဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ ပါဘူး။ အာရုံတွေ ကို ကြိုက်တတ် တဲ့ စိတ်တွေ ကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစား ရင်း နောက်ဆုံး စွန့်လွှတ် စရာ အသက် ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန် ဆပ်ခဲ့ချင်တယ်။

ဒီ ၀က်ဘ်ဆိုဒ်လေး က နိုင်ငံတကာမှာ ရှိတဲ့ မြန်မာလူမျိုး များလည်း လေ့လာနိုင်တယ် ဆိုတော့ သူတို့နှင့် တကွ ပြည်တွင်း မှ မြန်မာ လူမျိုး အားလုံးရဲ့ ဝေဖန်မှု ကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။

အပြုသဘော နဲ့ ဝေဖန် တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့ အတွက် ပြည်စုံပြီ လို့ မပြောနိုင်ဘူး။ မှားတာ ကို ထောက်ပြနိုင် လို့ ဦးပဉ္စင်း ဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်း ရဲ့ ဘ၀ တစ်လျှောက်မှာ ဆုံးရှုံး ခဲ့ဖူးတယ် လို့ လူတွေ ထဲမှာ ပြောသံ မကြား ဖူးဘူး ဘုရား။ ဒီ ဘ၀မှာ ကျရှုံး မှု မရှိခဲ့လို့ ယခုလို နောက် လာမယ့် ဘ၀ မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။

နောက် ဘ၀ ကို မျှော်လင့်ပြီး ဘာမှ မလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူ အားလုံး ကို မေးကြည့် လိုက်! ဆုံးရှုံးမှု ကို မကြုံဖူး ပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူ ဆိုတာ မရှိဘူး။ ဦးပဉ္စင်း ကတော့ ဆုံးရှုံး ခဲ့ တာတွေ များလွန်း လို့ လူတော့ လူပဲ ဒါပေမယ့် ဒဏ်ရာများ နဲ့ လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန် လွန်းနေတဲ့ မြန်မာပြည် မှာ ဦးပဉ္စင်း လို အတွေ့ အကြုံ  များစွာ ကို ဖြတ် သန်း ခဲ့ဖူးသူ တစ်ယောက်အနေ နဲ့ ပထမဆုံး လုပ်ဆောင် သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက် ကို ပြောပြလို့ ရမလား ဘုရား။

ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင် မှ ပြည့်မယ်။ 

တစ်ယောက် နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေ ချင်တဲ့ စိတ် အသိ နဲ့ ညှိကြည့်စေချင်တယ်။ 

အကောင်းမြင် တဲ့ ဘက်က ဝေဖန် စေချင်တယ်။

 ဝေဖန် ခံစေချင်တယ်။ 

ညှိနှိုင်းပြီး အဖြေ ထွက်လာရင် ချက်ချင်း အကောင် အထည် ဖော်စေချင်တယ်။ 

တစ်ခုခု ကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်း လည်း မပယ်ပါ နဲ့ လို့ ပြောချင်ပါတယ်။


တိုင်းပြည်ကြီး လည်း ပြောင်းလဲနေပြီ ဆိုတော့ လက်ရှိ အခြေ အနေလေး ကို သုံးသပ်ပေး လို့ ရမလား ဘုရား။

တိုင်းပြည် မှာ လက်ရှိ အခြေအနေ က တိုးတက်ဖို့ ကြိုးစားနေ တဲ့ အချိန် ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင် တဲ့ လူတွေ နဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့ လို တယ်။ ဟန်မဆောင် နဲ့၊ မလိမ် နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင် ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့် လင်းလင်း ပြတ်ပြတ် သားသား ပြောဖို့လိုတယ်။ 

လုပ်နိုင်တဲ့ လူ၊ လုပ်တတ်တဲ့ လူ ကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့် ရတဲ့ လူ ကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုး ထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူ ကင်းမဲ့တဲ့ တောထဲ မှာ တစ်ပါးတည်း သီတင်း သုံးတယ် လို့ ကြားပါတယ် ဘုရား။ ယခင် က ချောချော လှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင် ကနေ ယခုလို ကျင့်သုံးနိုင် ဖို့ ဘယ်လိုများ ကြိုးစား ခဲ့ပါသလဲ ဘုရား။

အရင်က ချောချော လှလှလေး တွေလည်း အခုချိန် ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာ မှ အကြာကြီး မဟုတ် ဘူး။ အားလုံး ကို စွန့်လွှတ်ရမယ် ဆိုတာတွေ ကြိုသိ ထားပြီး ပြင်ဆင် ထားတဲ့ နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။

အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်း ကို ICT အဖွဲ့သားများ မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ 


ဝက်ဘ်ဆိုဒ် လွှင့်တင် တဲ့ အခါ မှာလည်း တစ်ကမ္ဘာလုံး ရှိ လူသား အားလုံး က စိတ်ဝင် တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆို တာ ယုံကြည်နေပါသည်။



Myanmar ICT

 Zaw Mintun Zawmintun

 ဓမ္မရတနာ

No comments:

Post a Comment