Sunday, November 29, 2015

ဒန့်သလွန်နှင့် ကျန်းမာရေး

 Ko SeinThan's photo.

 ဒေါက်တာ ခင်မောင်လွင် (FAME)


ဒန့်သလွန်ရွက် ကို မကြာခဏ စားရင် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေ ကတော့ အများကြီး ဖြစ် ပါတယ်။ အရေးပါ တဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ ကတော့..
 

(၁) အာဟာရချို့တဲ့ခြင်း ကနေ ကာကွယ်ပေးခြင်း
 

(၂) ရောဂါပိုး များ နှိမ်နင်းနိုင်ခြင်း
 

(၃) ကင်ဆာရောဂါ မှ ကာကွယ်ပေးခြင်း
 

(၄) သွေးတိုးနှင့် နှလုံးရောဂါများ မှ ကာကွယ်ပေးခြင်း
 

(၅) ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း
 

(၆) အခြား အထွေထွေ အာနိသင် တို့ပဲဖြစ်ပါတယ် ။

ဒန့်သလွန်ရွက် ဟာ အာဟာရဓာတ် မြင့်မားစွာ ပါတဲ့ အတွက် မှန်မှန် စားခဲ့ရင် အာဟာရဓာတ် မချို့ တဲ့အောင် ကာကွယ်ပေးတဲ့ နေရာ မှာ များစွာ အထောက်အကူ ပြုပါတယ်။ 

သူ့မှာ ပါဝင် တဲ့ ပရိုတင်းဓာတ် တွေဟာ ကလေးသူငယ် တွေ နဲ့ သက်ကြီးရွယ် အို တွေအတွက် များစွာ အကျိုး ရှိလှ ပါတယ်။ 

ဒါ့ကြောင့်မို့ အခုအခါ မှာ အာဟာရဓာတ် ချို့တဲ့တဲ့ နေရာတွေ မှာ ဒန့်သလွန် ပင်တွေ စိုက်ပျိုးပြီး လူတွေ စား သုံး ဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က စတင်လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ရှိတဲ့ Johns Hopkins University ရဲ့ လေ့လာတွေ့ရှိချက် အရ အာဖရိက မှာ ရှိတဲ့ အာဟာရ ချို့တဲ့မှု ကို တိုက်ဖျက် ရာမှာ ဒန့်သလွန်ရွက် ဟာ အသင့်တော်ဆုံး လို့ ဆိုပါတယ်။ 


သဘာဝ သစ်သီး သစ်ရွက် တွေမှာ ကင်ဆာ မဖြစ်အောင် ကာကွယ်တားဆီး နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေ တယ် ဆိုတာ သိပ္ပံပညာရှင်တွေ သိရှိဖော်ထုတ်ပြီး ဖြစ်ပါတယ်။ အဲ့ဒီ အထဲမှာ ဒန့်သလွန်ရွက် ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်မှာ ထုတ်ဝေ ခဲ့တဲ့ Asian Pacific Journal of Cancer Prevention ရဲ့ အဆို အရ ဒန့်သလွန်ရွက် မှာ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့ Thiocarbamate ဆိုတဲ့ ဓာတ်ပစ္စည်းနဲ့ Isothiocyanate ဆိုတဲ့ ဓာတ် ပစ္စည်းတွေ ပါဝင်ပြီး သူတို့ဟာ ကင်ဆာ မဖြစ်အောင် ကာကွယ် ပေးတယ်လို့ သိပ္ပံနည်း ကျ လေ့ လာတွေ့ရှိ ခဲ့ပါတယ်။ 

အထူး သဖြင့် Adenocarcinoma အမျိုးအစား ကို ကာကွယ်ပေးတယ် လို့ဆိုပါတယ်။ ဒန့်သလွန်ရွက် ဟာ သွေးထဲ မှာ ရှိတဲ့ အဆီ ပမာဏကို လျှော့ချပေး နိုင်စွမ်းရှိပါတယ်။ သွေးထဲမှာ ရှိတဲ့ ကိုလက်စရောလ် ကိုချပေးတဲ့ အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဝေဒနာသည်တွေ အတွက် အကျိုးရှိပါတယ်။ 

ဒါ့အပြင် သူက ဆီးရွှင်စေတဲ့ အာနိသင် (Diuretic effect) ရှိတဲ့ အတွက် သွေးပေါင်ချိန် ကျစေဖို့ အထောက် အကူ ပြုပါတယ်။ ဒါ့ကြောင့် ဒန့်သလွန်ရွက် ကို သွေးပေါင်ကျ နေသူတွေ အနေ နဲ့ များများ မစားသင့် ပါဘူးလို့ ပညာရှင်တွေ က အကြံပြု ထားပါတယ်။ 

အရွက် သာ မကဘဲ ဒန့်သလွန်ပင် ရဲ့ကျန် အစိတ်အပိုင်း တွေဖြစ်တဲ့ အသီး၊ အစေ့၊ အခေါက် နဲ့ အမြစ်တွေ မှာလည်း အခုလို အာနိသင်တွေ ရှိပါတယ်။

အခြား ကျန်းမာရေး အထောက်အကူပြု အကျိုးကျေးဇူး တွေလည်း ရနိုင်ပါသေးတယ်။ အဲ့ဒီထဲ က အရေးကြီး တာ တွေကိုပြောရရင်-
 

(၁) အသည်း ရဲ့လုပ်ငန်းဆောင်တာ တွေ ပိုကောင်းစေပါတယ်။ အသည်းရောင်တာ၊ အသည်း ခြောက် တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
 

(၂) အရောင် ကျစေတဲ့ အာနိသင် ရှိတော့ ခန္ဓာကိုယ်တွင်း အစိတ် အပိုင်းတွေ ရောင်တာ ကို လျော့ နည်း စေ ပါတယ်။
 

(၃) အင်တီအောက်ဆီဒင့် အာနိသင် ပေးပါတယ်။
 

(၄) ကျောက်ကပ် မှာ ကျောက် မတည်အောင် ကာကွယ်ပေးပါတယ်။
 

(၅) အသက်ကြီး တဲ့ လူတွေ မှာ မှတ်ဉာဏ် ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
 

(၆) ပန်းနာ ရင်ကြပ် ကို သက်သာစေပါတယ်။

ဒန့်သလွန်ရွက် ဟာ ရေသေသေ ချာချာဆေးပြီး ဟင်းခါး လုပ်သောက်လေ့ ရှိတော့ သူ့မှာ ပါဝင်တဲ့ အာဟာရ ဓာတ် တွေ ဆုံးရှုံးမှု ရှိ/မရှိ ပညာရှင်တွေ လေ့လာပြီးသား ဖြစ်ပါတယ်။ 

ဟင်းခါး ကို ပထမ အကြိမ် ချက်စဉ်မှာ အပူချိန် ကို ကြာကြာ မပေးဘဲ ရေ ပွက်ပွက် ဆူပြီး (၁၀) မိနစ်လောက် အကြာ မှာ စားမယ် ဆိုရင် အာဟာရဓာတ် အပြည့်အဝ နီးပါး ရရှိပါတယ်။ 

ဆက်ပြီး အပူပေး ထားရင်တော့ အချို့သော အာဟာရ ဓာတ် တွေဟာ အပူကြောင့် ပျက်စီး သွားတတ် ပါ တယ်။ ဥပမာ ဗီတာမင်စီ လို မျိုးဟာ အပူပေးချိန် ကြာလေလေ ပိုပျက်စီးလေ ဖြစ်တော့ မီးဖိုပေါ်မှာ အကြာကြီး အပူမပေးသင့် ပါဘူး။ 

စားလို့ ရတဲ့ အတိုင်း အတာ ကိုသာ အပူပေးသင့် ပါတယ်။ နောက်ပိုင်း ပြန်စားရင် လည်း ပွက်ပွက်ဆူ တဲ့ အထိ အပူပြန် မပေးဘဲ စားလို့ကောင်း ရုံ ခပ်နွေးနွေးသာ အပူပေးပြီး စားရပါမယ်။

ဒန့်သလွန်သီး ဟာ ကျွန်တော်တို့နိုင်ငံ မှာ ပေါပေါ များများ ရရှိနိုင်ပြီး ဈေးနှုန်း လည်း ချိုသာတာကြောင့် အသက် အရွယ် မရွေး မကြာခဏ စားသုံးပေးသင့်တဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းလျာ တစ်မျိုး ဖြစ် ပါတယ် လို့ သတင်းကောင်း ပြောကြားပါရစေ။

 


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် စနေနေ့ နံနက် (၈း၂၀) နာရီမှ  (၉း၃၀) နာရီ အထိ ဒေါက်တာ ခင်မောင်လွင် (FAME) သည်  မြဝတီကျန်းမာ သုတ အစီအစဉ် တွင် “ဒန့်သလွန်နှင့် ကျန်းမာရေး”
အကြောင်းကို ပြောကြား ရိုက်ကူးပေးခဲ့ပါသည်.. 


အများပြည်သူ  ကျန်းမာရေး ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  ဆရာ ဒေါက်တာ ခင်မောင်လွင် ပြောကြား ခဲ့သည်များ မှ ဒန့်သလွန် အရွက်၊ အသီးတွင်ပါဝင်သော အနှစ်၊ အစေ့များမှ  ရရှိနိုင် သည့် အာဟာရဓာတ် များနှင့် ဆေးဖက်ဝင် ကျန်းမာရေး အကျိုးအာနိသင်များ စသည့်  အကြောင်းအရာ တချို့ ကို ရွေးချယ်ကောက်နုတ် တင်ပြလိုက်ပါသည်။



 မြဝတီ
 Ko SeinThan

No comments:

Post a Comment