Saturday, January 2, 2016

ဆုတောင်းမနေနှင့် ဆိုတဲ့ စကားဟာ အစွန်း မလွတ်ဘူး



အမျိုးသမီးယောဂီ တစ်ယောက် က အိမ်ပြန်တော့ မလို့ ဘုန်းဘုန်းတွေ ကို ကန်တော့နှုတ်ဆက် ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာ ဆိုမနာ ရင်းနှီးနေကြတော့ ကန်တော့ရင်း ကနေ “ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။ ဆုတော့ ပေးမနေပါနှင့်တော့၊ ဆုပေးတိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်လုပ်မှ ကိုယ် ရမှာ။ ဟုတ်တယ် မဟုတ်လားဘုရား” လို့ နောက်ပြီး လျှောက်လိုက်ပါတယ်။ 

ဒါနှင့် ဘေးမှာ ရှိတဲ့ တစ်ယောက်က “ဘုန်းဘုန်း၊ ဒါဆိုလည်း ကိုယ့် ဖာသာကိုယ် လိုချင်တာကို ရအောင် လုပ်စေ” ဆိုပြီး ဆုပေး လိုက်ပါ ဘုရား လို့ ထပ်ပြီး ၀င်နောက်လိုက်ပါတယ်။

အဲဒါနှင့် ပဲ နာဂိုယာ က ခဏကြွလာတဲ့ ဆရာတော်က…
“ခင်ဗျားတို့တွေ အဲဒီ ကိစ္စ မှာ အယူအဆလေးတွေ နဲနဲ လိုနေကြတယ်။ ဆုပေးတယ်၊ ဆုယူတယ် ဆိုတာ မလိုအပ်ဘူး ဆိုပြီး အယူမလွဲ ရဘူး။ 

တချို့ ဆရာတော်တွေ က ဆုတောင်း မနေနှင့်၊ ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ဆုတောင်းနေရုံနှင့် ရမှာ မဟုတ်ဘူး လို့ ပြောတတ်ကြတယ်။ ဆုတောင်း မနေနှင့် ဆိုတဲ့စကား ဟာ အစွန်းမလွတ်ဘူး။ 

 မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက စလို့ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တွေ၊ အဂ္ဂသာဝကတွေ၊ မဟာ သာဝကတွေ၊ ပကတိ သာဝကတွေ အားလုံး ဟာ အခုလိုမျိုး အခြေအနေ ကို ရဖို့အတွက် ဆုတွေတောင်းခဲ့ ကြ ရတယ်။  ဆုမတောင်းခဲ့တဲ့ သူ တစ်ပါးမှ မရှိဘူး။ 


ဆုလည်း တောင်းကြရတယ်၊ ပြီးတော့ တောင်းထားတဲ့ ဆုအတိုင်း ပြည့်ဝအောင် ပါရမီတွေကို လည်း ဖြည့် ကျင့် ရတယ်။ အစဉ်က အဲဒီအတိုင်း သွားတယ်။

ခင်ဗျားတို့ သြကာသ ကန်တော့ချိုး မှာ တချို့ က ပထမပိုဒ် ကိုပဲ ဆိုဖို့ ပြောကြတယ်။ နောက်က ကန်တော့ ရသော အကျိုး အားကြောင့် ဆိုတာကို ထည့် မဆိုခိုင်းဘူး။ 

တစ်ကယ်တော့ ဒီကန်တော့ ချိုးဟာ ရှေး ပညာရှိ ဆရာတော်ကြီးတွေ စီမံရေးသားခဲ့ကြတာ။ အဓိပ္ပါယ် အနှစ် သာရ အပြည့်အ၀ ပါတယ်။ အဲဒီ ကန်တော့ခန်းမှာ ပါတဲ့ စကားလုံးတိုင်း ကို နားလည်ရင် တော်တော်ကို အကျိုး များတယ်။ 

ဒါကို အခု တစ်ချို့  ဆရာတော်တွေက ဖြုတ်ဖို့ လုပ်နေကြတာ တကယ်တော့ မလုပ်သင့်ဘူး။ ဘာသာ၊ သာသနာ ကို တိုးတက်အောင်ပြုပြင်တယ် ဆိုရာမှာ လုပ်လို့ အကုသိုလ်ဖြစ်မယ့် ကိစ္စမျိုးတွေ ကို မလုပ်ဖြစ်အောင် တားမြစ် တာမျိုး၊ ပြုပြင် တာ မျိုးပဲ ဖြစ်ရမယ်။ 

သူ့ဖာသာ ထားလို့ လည်း ဘာမှ မဖြစ်၊ ပြင် လိုက်လို့လည်း ဘာမှ မဖြစ်တဲ့ ကိစ္စ မျိုးတွေကို အတင်း လိုက်ပြုပြင်နေရင် နောင် ဘာဖြစ်လာမလဲ ဆိုတော့ ဒကာ၊ ဒကာမတွေ ကြား အုပ်စုတွေကွဲ၊ အငြင်းတွေ ပွားပြီး အကုသိုလ်တွေသာ တိုးပွားသွားစေနိုင်တယ်။

နောက်ထပ် ဥပမာ တစ်ခု အများကြားဖူး တာလေး ထပ်ပြောမယ် ဆိုရင် သီလပေးတဲ့ အခါ၊ သရဏဂုံဆောက် တည်တဲ့ အခါ ဒကာ၊ ဒကာမတွေက “အာမဘန္တေပါဘုရား” လို့ နောက်ကလိုက်ဆို ကြ တယ်။ 

တစ်ချို့  ဆရာတော်တွေက အဲဒါကို “ပါဘုရား” မထည့်ရဘူး ဆိုပြီး အတင်းဖြုတ်ခိုင်းတယ်။ အဲလိုမျိုးပဲ။ “သာဓု၊ သာဓု၊ သာဓု ပါဘုရား” မှာလည်း “ပါဘုရား” ကို ဖြုတ်ခိုင်းကြတယ်။ စာ အနေနှင့်ကြည့်ရင်တော့ ဒါကို ဖြုတ် တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် “ပါဘုရား” ထည့်လိုက်တော့ရော ဘာများ အဓိပ္ပါယ် မှားသွားလို့လဲ။ ဘာများ အကုသိုလ်ဖြစ်သွားလို့လဲ။ 

ဘာသာ၊ သာသနာ မှာ တခြား တကယ်ပြင်ရမယ့် အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ ဒီလို သေးသေး မွှားမွှားလေးတွေ ကို လိုက်ပြင်နေတာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ဒကာ၊ ဒကာမတွေကြား သူ့ ဆရာတော်ပြောတာမှ အမှန်၊ ငါ့ဆရာတော်ပြောတာ မှ အမှန် ဆိုပြီး အငြင်းပွားဖို့ပဲ ရှိပါတယ်။

နိုင်ငံခြား က ဗုဒ္ဓဘာသာဝင်တွေ က ဘုရား ရှိခိုးတဲ့ အခါ နမောတဿ         ကနေ စပြီး ရှိခိုးကြတယ်။ အဲဒါကို လိုက် အတုယူ အားကျပြီး ဟိုး အရင်တုန်းက ဆရာတော် တစ်ပါးက သူတရားဟောရင် အဲဒီ အတိုင်း နမောတဿ        က  ပဲ ဒကာ၊ ဒကာမတွေ  ကို လိုက်ဆိုခိုင်းတယ်။ သြကာသကို ဖြုတ်ထား ခဲ့တယ်။ 

ဒါနဲ့ သံဃာ့မဟာနာယက အဖွဲ့  က အဲဒီ  ဆရာတော်ကို ခေါ်ပြီး ဒါမျိုး မလုပ်ဖို့ သတိပေးခဲ့ ရဖူးတယ်။
ဒီတော့ ပြောချင်တာက သြကာသ ကန်တော့ချိုးကို လည်း မဖြုတ်ပါနှင့်၊ ဆုတောင်း ကိုလည်း မဖြုတ်ပါနှင့်။ 

ဆရာတော်တွေ ဘက်ကလည်း ငါသီလပေးတဲ့ အခါကျရင် သြကာသ ကန်တော့ချိုးက ဒီပုံစံမျိုး မှ ဖြစ်ရမယ် ဆိုတာမျိုး မလုပ်ပါနှင့်။ 

ဒကာ၊ ဒကာမတွေ ဆိုတတ် သလိုဆိုကြပါစေ။ သူတို့အတွက် အကုသိုလ် မဖြစ်ဘူး ဆိုရင် မလိုအပ်ပဲ လိုက်ပြင် မနေပါနှင့် လို့ ပြောချင်ပါတယ်။”

လို့ ကျွန်တော်တို့ အားလုံး ကို အမိန့်ရှိတော်မူလိုက်ပါတယ်။


by Ma ShweChee
( အမှတ်မထင်ပဲ နာယူလိုက်ရတဲ့ အဆုံးအမ ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


worldofwisdom
 http://www.searchmyanmar.com/link/frame/cid/54456


No comments:

Post a Comment