Thursday, March 10, 2016

သတင်းကြီးနေသည့် သမ္မတလောင်းများ





သမ္မတလောင်း အမည်စာရင်း များ ကို မတ်လ ၁၀ရက် တွင် တရားဝင် သိရတော့မည် ဖြစ်သည်။ 
အစောပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည် က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေနှင့်တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ ဆုံပြီး ထွက်ပေါ်လာသော သတင်းများအပေါ် သုံးသပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာမည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။ 

ဒီချုပ်မှ ထိပ်တန်းတာဝန်ရှိသူများ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရ မည်ဟု ပြော ကြား ချက်များကြောင့် အခြေခံဥပဒေမှ အကျပ်အတည်းကို ကျော်လွှားကာ ဒေါ်စုသမ္မတဖြစ်လာလိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် ၅၉ (စ) မပြင်ဆင်နိုင်သော အခြေအနေ တွင် သမ္မတလောင်း ခန့်မှန်းချက်များ တစ်ဖန် ကျယ် ကျယ်ပြန့်ပြန့် ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲ တွင် တောင်ပြို ကမ်းပြို  အနိုင်ရထား သည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က တင်မြှောက် မည့် ဒုတိယ သမ္မတ တစ်ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ တစ်ဦး၊ စုစုပေါင်း နှစ်ဦး အထိ တင်မြှောက်ခွင့် ရထားသည်။ 

သို့ဖြစ်၍ ယခုအချိန်သည် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများနှင့် မီဒီယာများ ၏ သမ္မတလောင်း ခန့်မှန်းသံ အကျယ်လောင်ဆုံး အချိန်လည်းဖြစ်သည်။ 

သမ္မတလောင်း သုံးဦး ပေါ်ထွက် လာမည်ဖြစ်ရာ ဖြစ်နိုင်ခြေ အရှိဆုံး လူ သုံးဦးနှင့် ဒုတိယ ဦးစားပေး သုံးဦးတို့ အကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ပါသည်။







 


ဦးထင်ကျော်
ဒေါ်အောင်ဆန်းစုကြည် နေ အိမ် အကျယ်ချုပ်မှ လွတ်မြောက် ချိန်တွင် လူထုနှင့် ပထမဆုံး အကြိမ် မိန့်ခွန်းပြော စဉ်က ဒေါ်အောင်ဆန်းစုကြည်ဘေး ၌ ရှိနေခဲ့သူ တစ်ဦးသည် နောင် ငါးနှစ် ကြာချိန် တွင် မြန်မာနိုင်ငံ ၏ သမ္မတလောင်း အဖြစ် တစ်ပြေးနေပြီဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် ၏ ကာလရှည်ကြာ ယုံကြည်မှု ရခဲ့သူ ဦးထင်ကျော် သည် ဒီချုပ်ရွေးကောက်ပွဲ အနိုင်ရပြီး ကတည်းက သမ္မတနေရာ အတွက် သတင်းထွက်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နောက် ကွယ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သူ တစ်ဦး လည်းဖြစ်သည်။ 

စင်စစ် သူသည် ဒီချုပ် ပါတီထက် ဒေါ်အောင်ဆန်းစုကြည်နှင့် သာ ပိုမို နီးကပ်သူဖြစ် သည်။ နေအိမ် အကျယ် ချုပ် ကျခံနေစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပ ကမ္ဘာ ကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစု တွင် ဦးထင်ကျော် လည်း ပါဝင်သည်။ သူ့ကို သိုသိပ် လျှို့ဝှက်စွာ နေတတ်သူ အဖြစ် ဒီချုပ် ပါတီဝင်များ က သိ ထားကြ သည်။
 
ဦးထင်ကျော် ဟု ဆိုလိုက်လျှင် သူ့ အကြောင်းထက် သူ့ မိသားစု အသိုင်း အ၀ိုင်း ကောင်းမွန်တောင့် တင်းခြင်း ကို ပိုမိုပြောလေ့ ရှိကြ သည်။ သူသည် ၁၉၉၀ က  ဒီချုပ် ၏ ကမာရွတ်မြို့နယ် ရွေးကောက်ခံ အမတ် ဂန္ထ၀င် စာရေးဆရာကြီး မင်းသုဝဏ် ၏ သားဖြစ်သည်။ 

ဒလဘန်း ကလောင် အမည်ဖြင့် သူ၏ ဖခင် ဆရာ မင်းသုဝဏ် အကြောင်းရေးသည့် ‘‘အဘ ဘ၀ အဘ အကြောင်း တစေ့ တစောင်း’’စာအုပ် မှာ ဦးထင်ကျော် ၏ ထင်ရှားသည့် လက်ရာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ် လူယုံဖြစ်သော ပြည်သူ့ လွှတ်တော်နိုင်ငံ တကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စုစု လွင် မှာ သူ၏ ဇနီးဖြစ်သည်။ ဒေါ် စုစုလွင် သည် ဒီချုပ်ပါတီ စတင် တည်ထောင်စဉ် ကပင် ပါဝင် ခဲ့ သော ဦးလွင် ၏ သမီးဖြစ်ရာ ဦး ထင်ကျော် သည် ဦးလွင် ၏ သမက် ဖြစ်သည်။

ထို့အပြင် ဦးထင်ကျော် သည် ပညာတတ် တစ်ဦး လည်းဖြစ် သည်။ ၁၉၆၂ တွင် စီးပွားရေး တက္ကသိုလ် တက်ရောက်ခဲ့ပြီး မ ဟာဘွဲ့ရဖြစ်သည်။ ဗြိတိန်နိုင်ငံ သို့ သွားရောက်ပညာဆည်းပူးခဲ့ သော ရန်ကုန် ကွန်ပျူတာ ဌာန ၏ ပထမဦးဆုံး နိုင်ငံခြားပညာတော် သင်ဖြစ်သည်။ သူသည်ဒေါ်အောင် ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။

၁၉၄၆ ဇူလိုင် ၂၀ ရက်တွင် မွေးဖွားခဲ့သည့် အသက် (၇၀) အ ရွယ် ဦးထင်ကျော်သည် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ လည်းဖြစ်သည်။

************************************************************************


 

ဦး စိုင်းညွန့်လွင်
၅၉ (စ)  သည် ဒေါ် အောင်ဆန်းစုကြည် ကို သာမက သူ၏ မဟာမိတ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး ကိုပါ သက်ရောက်နေလေသည်။ ဦးခွန်ထွန်းဦး သည် သမီးဖြစ်သူနှင့် ပတ်သက်၍ သမ္မတ အရည် အချင်း သတ်မှတ်ချက် ၅၉(စ)နှင့် ငြိစွန်းနေရာ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် သမ္မတလောင်း စာရင်းတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ 

သို့ဖြစ်ရာ ဦးခွန်ထွန်းဦးနောက်ကွယ် မှ ကျားခေါင်း ပါတီကို ထိန်းကျောင်းနေသူ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် သည် သမ္မတလောင်းနေရာ အတွက် သတင်း ထွက်ပေါ်လာခဲ့သည်။ အမျိုးသား လွှတ်တော်မှ တင်သွင်းမည့် သမ္မတလောင်း အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် ကရေပန်းစားနေသည်။ 

ထို့ပြင် သမ္မတလောင်း စာရင်း ကြေညာမည့် မတ်လ ၁၀ ရက် တွင် ဦးစိုင်း ညွန့်လွင်သည် နေပြည်တော်၌ ရှိ နေမည်ဖြစ်ရာ ခန့်မှန်းချက် များ ပိုမို အားကောင်းလာစေသည်။ ဦးစိုင်းညွန့်လွင် သည် ပါတီ အတွင်း ၌ လည်း နာမည်ကောင်းဖြင့်ကျော် ကြားပြီး ပါတီဝင် များ ၏ ထောက်ခံ မှုရရှိထားသူဖြစ်သည်။ 

အဆိုပါနေရာ သည် လွန်ခဲ့သည့် သက်တမ်းက ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်း ဒုသမ္မတ ဖြစ်ခဲ့သည့်နေရာလည်းဖြစ်သည်။ သူသည် ပါတီတွင်း ၌ သာမက မိတ်ဖက် ပါတီများ၊ မီဒီယာ များ ၌ ပါ ဆက်ဆံရေးကောင်းမွန်သူ၊ သ ဘောထားပျော့ပျောင်းသူ အဖြစ် နာမည်ကောင်းရသူဖြစ်သည်။ 

ရန်ကုန်မြို့ ကိုးမိုင် ရှိ ရှမ်းရွာ တွင် ရှမ်းတိုင်းရင်းသားများ အခြေ တ ကျနေထိုင်နိုင်ရန် ဦးဆောင်နိုင်ခဲ့ ပြီး ရှမ်း ယဉ်ကျေးမှု၊ ရှမ်း စာပေရှင် သန်နိုင်အောင် ကြိုးစားပေးခဲ့ သည်။ ဇလပ်နီ လုပ်ငန်းစု မှာ သူ၏ ကိုယ်ပိုင် လုပ် ငန်းဖြစ်သည်။ 

သူ သည် ရှမ်းပြည်နယ် ရှိ ရှမ်း လူမျိုး များကို ရန်ကုန်မြို့ သို့ လာရောက် ပြီး ခေတ် အမြင် များ ရှင်သန်၊ အ တွေ့အကြုံများ တိုးတက် ပွင့်လင်း လာရန် ဆန္ဒရှိသူဖြစ်သည်။ ကူ လည်း ကူညီပေးခဲ့သည်။ ဦးခွန် ထွန်း ဦးနှင့် ကာလရှည် လက်တွဲပြီး ဖက်ဒရယ် အရေးအတွက် ဦး ဆောင် တိုက်ပွဲဝင်ခဲ့သူများဖြစ် သည်။ 

သူတို့သည် ဒီမိုကရေစီ ဘက်တော်သားများ ၏ မဟာမိတ် ဖြစ်ပြီး စစ် အစိုးရကို လက်တွဲ အန် တုခဲ့ကြသည်။ သူသည် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သည်။

******************************************************************************


 

ဦးမြင့်ဆွေ
တပ်မတော်သား အစု အဖွဲ့က တင် သွင်းမည့် သမ္မတလောင်း အဖြစ် တောက်လျောက်ရေပန်း စားခဲ့ သည့် ကြည်း၊ ရေ၊ လေညှိနှိုင်း ကွပ်ကဲရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့့် ကို ပန်းဝင် ခါနီးမှ ကျော်ဖြတ်လိုက်သူ မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဖြစ်သည်။

သမ္မတလောင်းနေရာ အ တွက် သူ၏ အမည်ကိုကြားလိုက် သည်နှင့် မြန်မာနိုင်ငံရေးတွင် ဗိုလ် ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ၏ သြဇာ မကုန်သေးကြောင်းသိသာ နိုင်သည်။ သူသည် ဦးသန်းရွှေ ၏ အမြဲတမ်း လူယုံ တစ်ဦးဖြစ်ပြီးဦး သန်းရွှေ မိသားစု ၏ အကျိုးစီးပွား များကို ကာကွယ်စောင့်ရှောက်ပေးသူ အဖြစ် နာမည်ကြီး သည်။

ဦးမြင့်ဆွေ သည် ရန်ကုန်မြို့ ကို အုပ်ချုပ်နေသည် မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့ပြီဖြစ်သည်။ ၂၀၀၀ပြည့်နှစ် စွန်းစ အချိန်ကတည်းက ရန်ကုန်တိုင်းမှူးဖြစ်ခဲ့သူ ဦးမြင့်ဆွေ သည် ၂၀၁၁တွင် တပ်မတော် အစိုးရ မှ အရပ်သား အစိုးရ အပြောင်းတွင်လည်း ၀န်ကြီးချုပ် အဖြစ် ရန်ကုန် ကို ဆက်လက်ကိုင် တွယ် အုပ်ချုပ် ခဲ့သည်။ 

သူသည်ထောက်လှမ်းရေး အဖွဲ့ကြီးကို ဖြိုခွင်း စဉ်ကထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကို ရန်ကုန် လေဆိပ် မှ စစ်ရုံးသို့ခေါ်ဆောင်လာခဲ့သူ လည်းဖြစ်သည်။ 

နာမည်ကျော်ရွှေဝါရောင် တော်လှန်ရေးမှာ သူ၏ လက်ထက် တွင်ဖြစ်ပွားခဲ့သည်။ DSA အပတ် စဉ် ၁၅(BC 12629)ဆင်း ဦးမြင့် ဆွေနှင့် တစ်ပတ်စဉ် တည်းတွင် မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦး ဉာဏ်ဝင်း နှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တို့ဖြစ်သည်။ 

ဦးမြင့် ဆွေသည် စရဖချုပ် လည်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ် ကြီးဖြစ်လာပြီးနောက် တစ်နှစ်တွင် ကစထ (၅) ၏ ကစထ မှူးဖြစ်လာ သည်။ မွန် အမျိုးသား တစ်ဦးဖြစ် သည့် ဦးမြင့်ဆွေ ၏ ဇနီးသည် မော် လမြိုင် တက္ကသိုလ်ဘွဲ့ရဒေါ်ခင် သက်ဌေးဖြစ်သည်။ 

သူသည်  တပ် မတော် က တင်သွင်းသည့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အ နားယူစဉ်က ဒုသမ္မတ အဖြစ် လျာထားခံခဲ့ရသော်လည်း သမီးဖြစ်သူ ၏ ခင်ပွန်းကြောင့် ၅၉ (စ)နှင့် ငြိကာ ဒု သမ္မတ ရာထူးနှင့်လွဲခဲ့သည်။  လက်ရှိ အချိန်တွင် နိုင်ငံသား အဖြစ်ခံယူ လိုက်ပြီး ၅၉ (စ)နှင့် မငြိစွန်းတော့ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့က အမည် စာရင်း တင်သွင်းမည့် ဒုသမ္မတဖြစ်လာရန်ရေပန်းစားနေ သည်။

 ********************************************************************************


 


ဒေါက်တာမျိုးအောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ဗဟို အလုပ်အမှုဆောင် အ ဖွဲ့ဝင် ဒေါက်တာမျိုးအောင် သည် သမ္မတလောင်း အမည် စာရင်း ထွက်ပေါ်ခါနီး တွင် လျာထားခံရသူ တစ်ဦး အဖြစ် နာမည် ထွက်လာသူ ဖြစ် သည်။ 

သူသည် ဦးသိန်းစိန် အစိုးရနှင့် အာဏာလွှဲပြောင်းရေး ညှိနှိုင်းလျက် ရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အသွင်ကူး ပြောင်းရေး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ သို့ဖြစ်ရာ အာဏာလွှဲ ပြောင်းရေး ကိစ္စများတွင် ထည့် သွင်းထားသူ တစ်ဦးဖြစ်၍ သမ္မတလောင်းနေရာ ခန့်မှန်းမှုကို ပိုမို ခိုင်မာစေသည်။ 

ပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သော်လည်း ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းသည့် ကော်မတီ များ တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့် အဆင့်မြင့် တာဝန်များ ပေးမထားခြင်း က ၎င်းကို အစိုးရ အဖွဲ့ အတွက် လျာထားသည် မှာ ထင်ရှားသည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သြဇာခံ တစ်ဦး လည်းဖြစ်သည်။ 

ပါတီ ထိပ်တန်း ခေါင်းဆောင် ဦးဝင်းထိန်နှင့် ရင်း နှီးသူဖြစ်ပြီး ညစဉ် နီးပါး တွေ့ဆုံ လေ့ရှိသည်။ ပါတီ တွင်နိုင်ငံ တကာ ရေးရာဌာန အကြီးအမှူး အဖြစ် တာဝန်ယူထားသည်။ ဒေါက်တာ မျိုးအောင်သည် တပ်မတော်တွင် သုံးနှစ်ကြာ ဆေးကုသမှု တာဝန် ယူခဲ့သည့် ဆရာဝန် တစ်ဦးဖြစ် သည်။ 

သို့ဖြစ်၍ တပ်မတော် ၏ သဘောသဘာဝ များ ကို သိရှိထား သူ အဖြစ် တပ်မတော်ဘက် မှ အ မြင်ကြည် လင်နိုင် ရာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကို ထိန်း ညှိထားနိုင်သူ တစ်ဦးအဖြစ် မျှော် လင့်ထားကြ သည်။ 

သူသည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲတို့တွင် ဒဂုံ ဆိပ်ကမ်းနှင့် ဒဂုံ အ ရှေ့မြို့နယ် များ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် အဖြစ် ရွေး ကောက်တင်မြှောက် ခံခဲ့ရသည်။ မန္တလေးမြို့တွင် မွေးဖွား သည့်  ဒေါက်တာမျိုးအောင် ၏ ဇနီးသည် ဒေါ်ခင်စောမူဖြစ်ပြီး သမီးဖြစ်သူ ၏ အမည်မှာ ဒေါ်ကြော့ ယမင်း အောင်ဖြစ်သည်။

****************************************************************************



 

ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ကာကွယ်ရေးဦးစီးချုပ် (လေ)
ကာကွယ်ရေး ဦးစီးချုပ် (လေ) ရာထူးမှ ပထမဆုံး ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ခင်အောင် မြင့် (လေ-၁၇၅၄)သည် တပ်မ တော်က တင်သွင်းမည့် သမ္မတ လောင်း အဖြစ် တောက်လျှောက် ရေပန်း စားခဲ့သည်။ 

၂၀၁၀ ရွေး ကောက်ပွဲပြီးနောက် တပ်မတော် က တင်မြှောက်သည့် ဒုတိယ သမ္မတ မှာ တပ်မတော်ကြည်းမှ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးဖြစ်သည်။ ၎င်း အနားယူပြီး နောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း သည် တပ်မတော် က တင်မြောက်သည့် ဒုသမ္မတဖြစ်လာသည်။ ယခု အချိန် သည် တပ်မတော် (လေ) အလှည့် ဟု မြန်မာ့နိုင်ငံရေး အကဲခတ် များက တွက်ဆခဲ့ကြသည်။

 အမေရိကန်နှင့် ဆက်ဆံရေး တိုးမြှင့် လိုဟန်ပြသော တပ်မတော် အတွက် အမေရိကန် တွင် US Train     Turbo Thrash  သင်တန်း တက်ရောက် ခဲ့ဖူးသူ  ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ကို သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်း က သင့်လျော်သော ရွေးချယ်မှု ဟု တွက်ဆခဲ့ကြသည်။ 

DSA အပတ် စဉ် (၂၀) ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တစ်ပတ်စဉ် တည်း ဆင်းသူ များမှာ ကြည်း ၊ ရေ ၊လေ ညှိနှိုင်း ကွပ်ကဲရေးမှူး (ငြိမ်း) ဦးလှဌေးဝင်း၊ ရှမ်းပြည်နယ်ဝန် ကြီးချုပ် အဖြစ် တပ်မတော်မှ လျာ ထား ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ်တို့ဖြစ် သည်။ 

၁၉၇၉ မေလ တွင် အခြေခံ လေယာဉ်မောင်း သင်တန်း အ မှတ်စဉ် (၄၁) မှ သင်တန်းဆင်းဖြစ် သည့် သူ သည် ၂၀၀၇ ခုနှစ်တွင် စစ်ဦးစီး အရာရှိချုပ် (လေ)ဖြစ်လာ သည်။ ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်  (လေ) ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အဖြစ် ရာ ထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ 

၎င်း သည် တပ်မတော် (လေ) ကို Standard Army ဖြစ်ရန် ကြိုးပမ်း ပေးခဲ့သည်။ မူးယစ်ဆေးဝါး နှိမ် နင်းသည့် စစ်ဆင်ရေး တစ်ခုဖြစ် သည့် တောင်ရန်ရှင်း စစ်ဆင်ရေး ကို ဦးဆောင်ခဲ့သည်။ ဇနီးဖြစ်သူ သည် ဒေါ်အေးအေး သန်းဖြစ်သည်။ 

 ရွေးကောက်ပွဲပြီးနောက် တပ်မ တော်က တင်မြှောက်မည့် သမ္မတ လောင်းအဖြစ် ရေပန်း စားခဲ့သော် လည်း သမ္မတလောင်း အမည် စာရင်း ကြေညာခါနီး မှ ဦးမြင့်ဆွေ အမည်ပေါ်ထွက် လာခဲ့ရာ ၎င်း သည် သမ္မတလောင်းဖြစ် ရန် မှေး မှိန်ခဲ့သည်။


***************************************************************************



 

ဒေါက်တာ တင်မျိုးဝင်း
အင်န်အယ်လ်ဒီ ရွေးကောက် ပွဲ အနိုင်ရပြီးနောက် သမ္မတလောင်း နေရာ အတွက် ဦီးဦး ဖျားဖျား နာ မည် ထွက်သူများ ထဲတွင် ဒေါက် တာ တင်မျိုးဝင်းလည်း ပါဝင် သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက် တာ တင်မျိုးဝင်းသည် ဒေါ်အောင် ဆန်းစုကြည် ၏ လူရင်း တစ်ယောက် လည်းဖြစ် သည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့ ရွေး ကောက်ပွဲပြီးနောက်  ဒုတိယ အ ကြိမ်မြောက် တွေ့ဆုံခဲ့ကြရာ ဒေါက်တာ တင်မျိုးဝင်း ပါဝင်လာ သဖြင့် သမ္မတလောင်း ကို ပွဲထုတ် ခြင်းဟု ကင်ပွန်း တပ်ခဲ့ကြသည်။ 

သို့သော် ကာယကံရှင် က သမ္မတ လောင်းနေရာ ခန့်မှန်းမှု အတွက် ငြင်းဆိုမှုများ ပြုလုပ် ခဲ့သည်။ ဒေါက်တာ အဓိက တာဝန်ယူရ မည့်နေရာ မှာ ငြိမ်းချမ်းရေး ဆွေး နွေးမှု အတွက်ဟု အသံများ ပြန် လည်ထွက်ပေါ်လာ ခဲ့သည်။ 

ခွဲ စိတ် ဆရာဝန် အလုပ်ကို မြတ်နိုး သော ဆရာဝန် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင် ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ဖမ်း ဆီးခံရ ကာ ထောင်သုံးနှစ် ကျခံခဲ့ရ သည်။

 ကျောင်းသား ဘ၀က လူ ရည်ချွန် တစ်ဦးဖြစ်ခဲ့သည့် ဒေါက် တာ တင်မျိုးဝင်း သည် ထူးချွန်ထက် မြက်သူ တစ်ဦး အဖြစ် နာမည်ကြီး သည်။ သို့သော် သမ္မတလောင်း အ မည် စာရင်း ကြေညာမည့် ရက် နီး ကပ်လာ သည့် အချိန်တွင် ရေပန်း စားမှု ၌ ဦးထင်ကျော်နှင့်ဒေါက်တာ မျိုးအောင် တို့နောက် ရောက်ရှိ သွားသည်။


 နန္ဒ
http://www.searchmyanmar.com/link/frame/cid/57243


No comments:

Post a Comment