Saturday, April 16, 2016

အရေးပေါ် ဇီဝိတ ဒါန ငါးလွှတ်ပွဲတစ်ခု





ပုံတွေကိုကြည့်ရင်း မဟာသင်္ကြန် ကာလ မှာ ဘုရားရှင် ရဲ့ သားတော်များဖြစ်ကြတဲ့ ရဟန်း သံဃာများက ပိုက်ကွန်တွေ ကိုင်ပြီး ငါးတွေကို တစ်ပျော် တစ်ပါးကြီး ဝိုင်းဝန်း ဖမ်းဆီးနေကြပါလား လို့ အထင်တော်တွေ လွဲကာ တစ်မျိုးတော့ မမြင်လိုက်ကြပါနဲ့။

ဇာတ်ရည် လည်အောင် ရှင်းပြပေးပါရစေ..
မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်း ရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း မှာ ရေကန်ကြီး တစ်ကန် ရှိပါ တယ် ။ ရေကန် ထဲမှာလည်း ဇီဝိတ ဒါန လွှတ်ထားတဲ့ ငါးတွေ က အများကြီးပဲပေါ့။

သိကြတဲ့အတိုင်း မိတ္ထီလာ ဆိုတာက မြန်မာပြည် ရဲ့ အပူပိုင်းဒေသ တစ်ခု မဟုတ်လား။ ဒါ့အပြင် ဒီနှစ် ကျတော့ ခါတိုင်းနှစ်တွေထက် ကို ထူးထူးခြားခြား ပူပြင်းလွန်းနေတာကြောင့် ရေကန်ကြီး ဟာ ပတ်ကြားတွေ အက်ကွဲပြီး တစ်စ တစ်စ နဲ့ ခန်းခြောက်လာနေပါပြီ။

မိုးကိုမျှော်ပေမယ့် မိုးက မကျ.. နေပူရှိန်က ပြင်းသထက် ပြင်းလာ... ဒီတော့ ကန်ထဲက ငါးတွေ ခမျာ မပဋာ မြေလူး သလို တစ်ဖျတ်ဖျတ် လူးလိမ့် ခုန်ပေါက်နေကြရင်း သေရတော့မယ့် အချိန်ကိုသာ စိုးရိမ်တကြီး ငံ့လင့်နေကြရှာလေရဲ့။



အပူဒဏ် မခံနိုင်တဲ့ တစ်ချို့ငါးတွေ ခမျာမှာလည်း ရေနည်းနေတဲ့ ကန်ထဲ ကနေ လွတ်လို လွတ်ငြား ဟိုဟိုဒီဒီ ခုန်ပေါက်ရင်း ပတ်ကြားအက်တွေပေါ်မှာ သေပွဲ ဝင်ခဲ့ ရရှာတာပေါ့။

အဲဒီလို ကူရာ ကယ်ရာ မဲ့နေတဲ့ ငါးကလေးတွေကို တွေ့မြင်နေ မိတဲ့ ဇောင်းချမ်းကုန်းကျေးရွာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမ္မေသိက ဆရာတော်ဘုရားကြီး ခမျာ ဘယ်လိုမှ စိတ်မချမ်းမြေ့တော့ပါဘူး။ 


 
သတ္တဝါ အားလုံးအပေါ်မှာ မေတ္တာတရား ကြီးမားသူ ပီပီ မျက်နှာလွှဲ ခဲပစ်လည်း မလုပ်နိုင်တော့ပါဘူး။
ဒီတော့ ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချ.. ကျောင်းတိုက်အတွင်းမှာ ရှိနေကြတဲ့ ဒုလ္လဘရဟန်း အပါး ၅၀ ကျော် အပါအဝင် ကိုရင် ငယ်ကလေးတွေ၊ ဦးပဉ္ဇင်းတွေ ကို သူကိုယ်တိုင် ဦးစီးကာ ရေကန်ကြီးအတွင်း သက်ဆင်းလာခဲ့ပါပြီ။

ပြီးတော့ ရေကန်ထဲက ငါးတွေကို ပိုက်ကွန်တွေ နဲ့ ဖမ်း.. ဖမ်းလို့ရလာလေသမျှ ငါးတွေ ကို ယာယီ ပလပ် စတစ် ရေလှောင်ကန်တွေ၊ အိုးတွေ ခွက်တွေထဲပါမကျန် အသေအချာ ထည့်.. ပြီးတာနဲ့ တပည့် ဒကာ ဒကာမ တစ်ချို့ ရဲ့ အကူအညီ နဲ့ ကားတွေ၊ ထော်လာဂျီတွေ အပေါ်မှာ ဂရုတစ်စိုက် တင်စေပြီး မိတ္ထီလာ ကန်တော်ကြီး ဆီကို အမြန် မောင်းခိုင်းပါတော့တယ်။



ကားပေါ်မှာပါသွားကြတဲ့ ငါးကလေးတွေကတော့  ရေနည်းနေပြီဖြစ်တဲ့ ဇောင်းချမ်းကုန်းရွာ ရေကန် အတွင်း ကနေ ကြည်လင် အေးမြပြီး ရေချိုအေးအေးလေးတွေ ပြည့်လျှံနေပါတဲ့ မိတ္ထီလာ ကန်တော်ကြီးဆီကို မကြာခင် ရောက်တော့မယ် ဆိုတာ သိရှိနေဘိ အလား မြူးတူးစွာ ကခုန်နေကြလေရဲ့…။



(အရေးပေါ် ဇီဝိတဒါန  ငါးလွှတ်ပွဲတစ်ခု ကို နေပူ ကျဲကျဲကြီး ထဲမှာ မေတ္တာ ကရုဏာတရား အပြည့်ဖြင့် ကုသိုလ်ပြုပေးခဲ့ကြပါသော ဇောင်းချမ်းကုန်းရွာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမ္မေသိကနှင့် ဒုလ္လဘ ရဟန်းသံဃာများ၊ ကိုရင်ငယ်များ၊ ရွာသူ ရွာသားများအား ဝမ်းမြောက်နုမော် သာဓုခေါ်လျက်)














 လေးစားလျက်_ သူလှိုင်
Photo&news credit> Maung Magway

No comments:

Post a Comment