Wednesday, May 18, 2016

ကွမ်းယာ ကြိုက်လို့ ကျောက်ကပ် ပျက်ခဲ့ရပြီ

Image result for ကွမ်းယာ

ပင်းတယ သားဖြစ်သူ ကိုဇော်ဝင်းစီ က ကွမ်းဝါး ရတာ အတော်ကြိုက်တယ်။ ကိုဇော်ဝင်းစီ က ပင်းတယ သားဖြစ်ပေမယ့် NCDDP (လူထု ဗဟိုပြု  စီမံကိန်း) မှာ အလုပ်လုပ်တော့ မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာ မြို့ မှာ တာဝန်ကျတယ်။ 

ကိုဇော်ဝင်းစီ ရဲ့ မိန်းမဖြစ်သူက ကျောင်းတက်နေဆဲ သမီးနှစ်ယောက်နဲ့ အတူ ပင်းတယ မှာ နေထိုင်တယ်။ ဒီတော့ စေတုတ္တရာ မှာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အတူနေထိုင်တဲ့ ကိုဇော်ဝင်းစီ က အားအား ရှိ ကွမ်းကိုပဲ မပြတ်ဝါးနေတော့တယ်။

”အဲလောက်ကြီးစားရင် ကျန်းမာရေး ထိခိုက်မှာပေါ့ . . ကွမ်းယာကို အများကြီး မစားရဘူး”
တခြားသူတွေ . . သက်ကြီးရွယ်အိုတွေလည်း ပါ၊ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ပါ . . ခင်မင်သူ တချို့ က ကိုဇော်ဝင်းစီ ကို ၀ိုင်းသတိပေးကြတယ်။

“ကျွန်တော် ဒီလို စားနေတာ ကြာပေါ့ . . ဘာမှ မဖြစ်ပါဘူးဗျာ . .”
ကိုဇော်ဝင်းစီ က ခပ်ပြုံးပြုံး ပြန်ဖြေရင်း ပါးစပ် ကလည်း ကွမ်း အ၀ါး မပျက်ခဲ့။ ကိုဇော်ဝင်းစီ က ပျမ်းမျှအားဖြင့် ကွမ်းယာ ကို တစ်နေ့ ၈၀၀ ဖိုးလောက် စားခဲ့တယ်။ ကွမ်းယာတွေ ကို မိရိုး ဖလာ စားတာ မဟုတ် ဘဲ ဆေးတွေ ဘာတွေ ထည့်စားတယ်။

နှပ်ဆေးရည်တွေ နဲ့ စိမ် ထားတဲ့ ကွမ်းယာ ကိုမှ ကိုဇော်ဝင်းစီ က စွဲစွဲ လမ်းလမ်း စားခဲ့တာ။ နောက်ပိုင်း ကျတော့ ကိုဇော်ဝင်းစီ အစာ ကို မစားဘဲ ဗိုက်ပြည့်ပြည့်နေတယ်၊ စစချင်းတုန်း က “ကျွန်တော်က အစာ မစား ရလည်း ဖြစ်တယ်ဗျ”ဆိုပြီး ကျေနပ်နေတဲ့ ကိုဇော်ဝင်းစီ ဟာ နောက်ပိုင်း ဖျားလာတော့ တယ်၊


 နေ မကောင်းဘူး ဆိုပြီး ဆေးတွေ ၀ယ်သောက်တယ်၊ ပြီးတော့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိန်ပြီးတော့ ၀ိတ်တွေ ကျလာတယ်၊ ၀ိတ်ကျ လာပြီး အစားအသောက်ပါ ပျက်လာတယ်။ ထမင်း မစားချင်ဘူး . . အဲဒီ လိုဖြစ်တာ ရက်ကနေ လပိုင်းလောက် ကြာလာတဲ့ အခါ မကွေးကို သွားပြီး သမားတော်ဆီ သွားပြဖြစ်ခဲ့ ပါတယ်။ 

သွားပြတော့ ဆရာဝန် က အာထရာဆောင်း ရိုက်ခိုင်းတာနဲ့ ရိုက်လိုက် တဲ့အခါ ကျောက်ကပ် နှစ်ဖက် စလုံး မှာ ရေတွေ ပဲ ဖုံးလွှမ်းနေတယ်၊ ပြီးတော့ ကျောက်ကပ် က သာမန်ထက်ကြီးနေတယ် လို့ ဆရာဝန်ကြီး က ပြောခဲ့တယ်။ ဆရာဝန်ကြီး ရဲ့ အဖြေကြားရတော့ ကိုဇော်ဝင်းစီ ခေါင်းထဲ ချာချာလည်သွားခဲ့တယ်။ မျက်စိထဲမှာ ဘွဲ့ မရသေးတဲ့ သမီးနှစ်ယောက်မျက်နှာ နဲ့ အိမ်ရှင်မဖြစ်တဲ့ ဇနီးသည် မျက်နှာကို ချက်ချင်း ပြေးမြင် လိုက်တယ်။


“ ကြာရင် ကျောက်ကပ် နှစ်ခုလုံး ပျက်သွားနိုင်တယ်။ အသက်ကလည်း ၄၃ နှစ်ပဲ ရှိသေးတာပဲ ဗျာ၊ သေချာ ကုသင့်တယ်။ ဒီတော့ ကျောက်ကပ် အထူးကု ဆရာဝန်နဲ့ သွားပြဖို့ လိုတယ်” ဆိုတာကြောင့် ရန်ကုန်ကိုပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
 

ကိုဇော်ဝင်းစီ ခုတင် ၅၀၀ ဆီးနှင့် ကျောက်ကပ်ဆေးရုံကြီးမှာ ပြင်ပ လူနာ အဖြစ် သုံးပတ် ပြသဖြစ်ခဲ့တယ်။ အဲဒီမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ခါး မှာ ကျောက်ကပ်ကနေ ဘယ်ရော ညာရော ခါးပိုက်နဲ့
ဖောက်ပေး တယ်။


 ဆေးစစ်ဆေးချက် အရ ကျောက်ကပ်ပေါ်မှာ ကျောက်တည်ရုံ မက ရေတွေက ဖုံးနေပြီး ကျောက်ကပ် က အများကြီး ကြီးနေတယ် ဆိုတာ တွေ့လိုက် ရလို့ ခုတင် ၅၀၀ ဆီးနှင့်ကျောက်ကပ် ဆေးရုံကြီးမှာ ကိုဇော်ဝင်းစီ ဆေးရုံ တက်ခဲ့ရတယ်။

အစက ကိုဇော်ဝင်းစီ ထင်ထားတာက ဆေးရုံ တက်ပြီး မကြာခင် ခွဲစိတ်ပြီး ပြန်လို့ရမယ်လို့ ထင်ထားခဲ့ပေ မယ့် တကယ်တမ်း ကျတော့ သွေးတွေ၊ ဆီးတွေ စသဖြင့် စစ်လိုက်တဲ့ အခါကျတော့ သွေးနီဥတွေ အားနည်း လို့ ပထမ သွေးပုလင်း ငါးလုံး သွင်းရတယ်။ နောက် ရှစ်လုံးထိ သွင်းရတယ်။ ဘာမှ မထူးခြားခဲ့ပါ။

 ဘာကြောင့် မထူးခြားလဲ ဆိုတော့ ဆီး အဆိပ်က ပထမ ၉၀၀လောက် ရှိနေခဲ့တာကိုး။ ဆေးစစ်လိုက်တဲ့ အခါ ၆၀၀ကျော်ဖြစ်လိုက်၊ ၅၀၀ ကျော်ဖြစ်သွားလိုက်၊ တစ်ခါ တစ်ခါ ၈၀၀ ကျော် ပြန်ဖြစ်လာလိုက်နဲ့  ပုံမှန်ကို မရောက်လာခဲ့ပါ။

“ဆီး အဆိပ် ၅၀၀ ကျော်ဖြစ်တဲ့အခါမှာ ညာဘက်ကျောက်ကပ် မှာ ရှိတဲ့ ကျောက်ကို အရင် ခြေပေးမယ်။ ညာဘက်ကျောက်က ရေတွေကုန်သွားတဲ့ အချိန်၊ အဆိပ်တွေ ကုန်သွားပြီး ညာကျောက်ကပ် ပြန် အလုပ် လုပ်တဲ့ အခါမှ ဘယ်ဘက်ကျောက်ကပ် ကို ခွဲမယ်”လို့ တာဝန် ရှိတဲ့ ကျန်းမာရေး ၀န်ထမ်းက ကိုဇော်ဝင်းစီကို
ပြောပြခဲ့တယ်။ 


အဲဒီ ပုံစံ အတိုင်း ညာဘက်ကျောက်ကပ် က ကျောက်ကို ခြေပေးခဲ့ပါတယ်။ ခြေပေးပြီးတော့ ဆေးရုံမှာ တစ်ပတ်လောက်နေရပါတယ်။

“ကျောက်ကပ် နောက်တစ်ဖက် ကို ချက်ချင်း ခွဲလို့ မရဘူး။ အားတွေမွေးရမှာ၊ ဒီတော့ သုံးလလောက်နေ မှ ပြန်လာ” လို့ ဆေးရုံက ရက်ချိန်း ပြန်ပေးခဲ့ပါတယ်။ ကိုဇော်ဝင်းစီလည်း ရန်ကုန်ရောက်နေမှတော့ မထူးတော့ဘူး။ အဓိက လုပ်သင့်တာက ဘယ်ဘက် ကျောက်ကပ် ခွဲဖို့ပဲလေ။ ဘယ်ဘက်ကျောက်ကပ် ခွဲလို့ မပြီးမချင်း ရောဂါပျောက်တယ်လို့ မထင်ဘူး။ ဒါနဲ့ ဆေးရုံက ဆင်းပြီး ရွှေတိဂုံဘုရားနားက ဓနုဓမ္မာရုံမှာ သွားနေခဲ့ပါတယ်။ 

အဲဒီ အချိန်မှာ တပ်မတော် နယ်လှည့်ဆေးကု အဖွဲ့တွေ ရောက် လာတော့ ဓမ္မာရုံ နဲ့ နီးနီးလေး ဆိုတာနဲ့ ကိုဇော်ဝင်းစီ သွားပြခဲ့တော့တယ်။ တပ်မတော် ဆရာဝန်တွေက ဆေးကုသပေးပြီး သူတို့ဆေးရုံကို လာခဲ့ဖို့ ကိုဇော်ဝင်းစီ ကို ခေါ်ပါတယ်။ ကိုဇော်ဝင်းစီ ရဲ့ အခက်အခဲတွေ ကို နားထောင်ပြီး ဆေးရုံက အထက် လူကြီးတွေ နဲ့ ဆွေးနွေးတိုင်ပင်ပြီးကာ မှ တက်ခွင့်ရသွားတယ်။

ခုတင် ၅၀၀ တပ်မတော်ဆေးရုံမှာ တက်ခွင့်ရတော့ အဲဒီမှာ ပစ္စည်း ကိရိယာစုံပြီး စရိတ်ငြိမ်း ဖြစ်ခဲ့တယ်။ မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ လဘက်ရည်၊ ကြက်ဥ၊ နွားနို့  စသဖြင့် ကျွေးပြီး ဆေးကောင်း၊
ဝါးကောင်းတွေ နဲ့ ကုသခွင့် ရခဲ့တယ်။ ပြီးတော့ ကိုဇော်ဝင်းစီ ကို တစ်မျိုးပြီး တစ်မျိုး စစ်ဆေးပေးတယ်၊။


ခွဲဖို့ အချိန်နီးလာပြီ ဆိုတော့ ကိုဇော်ဝင်းစီက နှလုံးခုန်မြန်နေတာကြောင့် နှလုံး ပါရဂူနဲ ပြရပြန် တယ်၊ ကျောက် တည်နေတဲ့ ကျောက် က ကျောက်ကပ် ရဲ့ အပေါ်ပိုင်း မှာ ဖြစ်တဲ့ အတွက် ထုံဆေးနဲ့ ခွဲလို့ မရဘူး၊ မေ့ဆေးနဲ့ မှ ဖြစ်မယ် ဆိုတော့ မေ့ဆေး ဆရာဝန်ကို သွားပြရတယ်။

ခွဲလို့ ရှိရင် မေ့ဆေးက တစ်အားများတယ်။ မေ့ဆေးက ပြန်ထမလာဘူး ဆိုရင် လူနာအတွက် အသက် ရှင်နိုင်ခြေ က ၅၀-၅၀ ပဲလို့ ကိုဇော်ဝင်းစီ သိခွင့်ရခဲ့တယ်။ 

ကိုဇော်ဝင်းစီ လည်း မနက်ဖြန်ခွဲတော့မယ် ဆိုတာနဲ့  ၅၀ ကတော့ သေမယ့် သဘောရှိသွားပြီ၊ ကံကောင်း ရင်တော့ ၅၀ ကတော့ ရှင်မှာပဲပေါ့။ သေသွားရင်တော့ ဘယ်လို လုပ်မလဲ။ စိတ်တော့ မလှုပ်ရှားပါဘူး။ ဒါပေမဲ့ ဘ၀ကူးကောင်းအောင်လို့ ဆိုပြီးတော့ ပဌာန်းပွဲ လုပ်နေတာနဲ့ ဘုန်းကြီး ပင့်ပြီးတော့ ဘုန်းကြီးကို ထီးဖြူ နှစ်လက် နဲ့ သင်္ကန်း တစ်စုံ လှူလိုက်တယ်။

“ မနက်ဖြန် ခွဲခန်း ၀င်မှာမို့  ဆုတောင်းပေးပါဦး ဘုရား”ဆိုပြီး ဘုန်းကြီးကို လှူဒါန်း ၀တ်ပြုခဲ့တော့တယ်။
ခွဲစိတ်မှု က လေးနာရီလောက်ကြာပြီး အောင်မြင်သွားခဲ့ပါတယ်။ 

ခွဲပြီးတော့ ၁ ရက် -၂ ရက် လောက်နေတော့ အကြော ဆွဲ လာတယ်။ ခေါင်းတွေကလည်း တုန်နေတော့ လေဖြတ်တော့မယ် လို့ ထင်ခဲ့တယ်။ ပျောက်သွားတဲ့ အခါ နောက်ရက်ကျ ခေါင်းတွေ ချာချာ လည် မူးနေတယ်။ နောက်တော့ ပျောက်သွားပြီး အဆင်ပြေသွားပါတယ်။

 ကျောက်ကပ်ရောဂါ ဘာလို့ ဖြစ်တာလဲ ဆိုတော့ ဆရာဝန်တိုင်း ကို မေးကြည့်တယ်။ “ကွမ်းယာ စားလို့ ဖြစ် တာ ထင်တယ်နော် ဆရာ” ဆိုတော့လည်း ဟုတ်တယ်တဲ့။
 

 နှပ်ဆေးတွေ နဲ့ ကွမ်းယာ ကို တစ်နေ့ ၈၀၀ ဖိုးလောက် မပြတ် ၀ါးခဲ့တာကိုး။ နောက်တစ်ခုက တညင်း သီးတွေ စားတာ က ငယ်ငယ် ကတည်းက စားတာ ဆိုတော့ တညင်းသီး ကလည်း ထပ်ဆင့် ဒုက္ခပေးတယ် လို့ ကိုဇော်ဝင်းစီ ထင်မိတယ်။ 

စားတဲ့ အခါကျ ၁၅ လုံး -အလုံး၂၀ စားတယ်။ စားတော့ ကျောက်ကပ် က အဆိပ်တွေကို မစွန့်ထုတ်နိုင်တော့ ဆီး အဆိပ်တွေဖြစ်ပြီး ကျောက်ကပ် ကို ပျက်စီးစေတဲ့ အကြောင်းရင်းမှာ အဲ့ဒါ ကလည်း ပါမယ် ထင်တယ်ဗျ။

“ကျွန်တော့် အနေနဲ့ လူတွေ ကို ပညာပေးချင်တာက ကွမ်းယာ ကို လုံးဝ မစားကြ ဖို့ ပြောချင် တယ်။ ဖြစ်နိုင် ရင် မစားစေချင်ဘူး။ သေမင်းခံတွင်းဝ က ထွက်ခဲ့တဲ့ ကျွန်တော် ကတော့ အခုလည်း လက်လှမ်းမီ သလောက် ပညာပေးနေပါတယ်။

 ‪#‎ဒီမှာ‬ ကျောက်ကပ် ပျက်သွားပြီ၊ ဒါကြောင့် ခင်ဗျားတို့ ကလေးတွေ ကို အစ လုပ်ပြီး ကွမ်းယာ မစားစေနဲ့၊ ကွမ်းစားတာ က အကျင့်ဖြစ်သွားရင် စားပြီးရင်း စားချင်နေမှာ။ ဘာ အကျိုးကျေးဇူးမှ မရှိဘူး၊ ကျန်းမာရေး ထိခိုက်တယ် လို့ပဲ ပြောချင်ပါတယ်ဗျာ” ။




#‎HealthyLifeJournal‬
(ယခုဆောင်းပါးမှာ Healthy Life ဂျာနယ် အမှတ် (၁၇) တွင် ပါရှိပြီး ဖြစ်ပါသည်၊ ဓာတ်ပုံကို ကိုဇော်ဝင်းစီ ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပြီး အများပြည်သူ အကျိုးရှိစေရန် ပြည့်ပြည့်စုံစုံ ပြောကြားပေးသည့်အတွက်
ကိုဇော်ဝင်းစီ အား အထူးကျေးဇူးတင်ရှိပါသည်။)


ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) 
Healthy Life Journal
 

No comments:

Post a Comment