Saturday, May 7, 2016

ကပ်ပြီးရင် မကိုင်နဲ့ ဆိုတာ

အရှင် သုမင်္ဂလ's photo.


 ဗုဒ္ဓဘာသာ မြန်မာ များရဲ့ အိမ်တွေ မှာ ဆွမ်းစား ပင့်လို့ ကြွရောက်တဲ့ အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်း က “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့ မရတော့ဘူး..”ဆိုတဲ့ စကား ပဲ ဖြစ်ပါတယ်။ 

ဘာကြောင့် ဘာဖြစ်လို့ ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက် မရှိဘဲ ကြားဖူးနားဝ နဲ့ တစ်လွဲ နားလည် အသုံးပြုနေ ကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီး မှ ကိုင်ရင် အကပ် ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရ မှာ စိုးလို့လား၊ ကပ်ပြီးမှ ကိုင်ရင် ၀ိနည်းတော် အရ အာပတ်သင့်မှာ စိုးလို့လား ဘာရယ်ကြောင့်မသိ။ 

အဖြေ က တိတိကျကျ မရှိဘဲ ဖြစ်နေပါတယ်။ တစ်လောကပဲ ကျောင်းမှာ ဆွမ်းလာ ကပ်တုန်း ဆွမ်းကပ် ပြီးတော့ ဒကာလေး တစ်ယောက်က အဝေးက ဟင်းခွက်လေးတွေ နီးအောင်ရွေ့ပေးနေတာကို အနီးမှာ ရှိနေတဲ့ ဒကာမ က “ဟဲ့..ဟဲ့… ကပ်ပြီးရင် မကိုင်တော့နဲ့“လို့ ပြောသံကြားလိုက်ရ လို့ အကျိုး အကြောင်း ရှင်းပြလိုက်ရပါသေးတယ်။
 

တစ်ကယ်တော့ ကပ်ပြီးရင် ကိုင်လည်း ပဲ အကပ် ပျက်မှု မပျက်မှု က အကပ် ခံတဲ့ သံဃာတော် နဲ့ပဲ သက် ဆိုင် ပါတယ်။ ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးနေချိန် မှာ ဟိုဟာ ထည့် ဒါ ထည့် ဟိုကြားဝင် ဒီကြားဝင် လုပ်တဲ့ အခါ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေ ကျဉ်းကြပ်မှာ စိုးလို့ မကိုင်ခိုင်းဘဲ ဘေးကနေ လိုအပ်တာ လုပ်ပေး ဖို့ ပြောတာ ဆိုရင်တော့ ဘာမှ အထူး ပြောစရာ မရှိပါဘူး။ 

အဲလိုမှ မဟုတ်ဘဲ ဆွမ်းကပ်ပြီး ကိုင်ရင် အကပ်ပျက်ပြီး မဘုဉ်းပေးကောင်းမှာ စိုးလို့ဆိုရင်တော့ လွဲနေ ပါ တယ်။
 



ဝိနည်းတော် မှာ ဆွမ်း စတာတွေ ကပ်ပြီးရင် အကပ်ပျက်နိုင်တဲ့ အကပ် ပျက်ကြောင်း အင်္ဂါ (၆) ပါး ကို ဖော်ပြ ထားပါတယ်။ ဒီ အကပ် ပျက်ကြောင်း အင်္ဂါခြောက်ပါး ကတော့........................
 

(၁) အကပ်ခံတဲ့ ရဟန်း က ငြိကပ် တွယ်တာမှု မရှိ၊ အာလယပြတ် စွန့်လိုက်ခြင်း ။
(၂) အကပ်ခံတဲ့ ရဟန်း က သိက္ခာချ လူထွက် သွားခြင်း ။
(၃) အကပ်ခံထားတဲ့ ရဟန်း ကိုယ်တိုင်က ကပ်လှူ  ထားသည်များကို သူတစ်ပါးအား ပေးလိုက်ခြင်း ။
(၄) ကပ်လှူထားသည် များကို လူ စသည်တို့က လုယူ ထွက်ပြေးသွားခြင်း။
(၅) အကပ်ခံ ပုဂ္ဂိုလ် သေဆုံး သွားခြင်း  နဲ့
(၆) လိင်ပြန် သွားခြင်း တို့ပဲ ဖြစ်ပါတယ်။

 


ဒီ အင်္ဂါခြောက်ပါး တစ်ပါးပါးငြိစွန်းနေရင်တော့ အကပ်ပျက် ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကပ်ပြီးသားကို ကိုင်ခြင်းကြောင့် အကပ် မပျက်ပါဘူး။ အခြေအနေ အရ သံဃာတော် များရဲ့ ခွင့်ပြုချက် ကို ယူပြီး အနီး ကပ် ပြုစုလှူဒါန်းနိုင်ပါတယ်။ 

 တစ်ချို့ ဆရာတော်ကြီးများ ကတော့ ဟိုကိုင် ဒီကိုင် ဟိုထည့် ဒီထည့် လုပ်ပေးတာ မကြိုက်တတ်တဲ့ အတွက် ခွင့်ပြုချက် ကိုမေးပြီး ဆက်ကပ် လှူဒါန်းပေးတာ ကောင်းပါတယ်။

 သေချာတာ ကတော့ ကပ်ပြီးရင် မကိုင်ကောင်းဘူး ဆိုတဲ့ အချက် ကတော့ မဟုတ်ဘူး ဆိုတာပါ။
ဒါကြောင့် လူတွေကြားမှာ ကြားကြားနေရတဲ့ ဒီလို ဘာမှန်းမသိဘဲ ရှေးရှေး ကတည်းက စွဲလာ ခဲ့တဲ့ နားလည် မှု အသိတွေကြောင့် ပြောဆိုသုံးနှုံး နေကြတာတွေဟာ လွဲနေတတ်တဲ့ သဘောလေးတွေ ရှိတတ်တဲ့ အတွက် သတိပြု  ဆင်ခြင်နိုင်ဖို့ လွဲချက်လေးကို ထုတ်နှုတ်တင်ပြ အသိပေးရခြင်း ဖြစ်ပါတယ်။ 


ဒီ တင်ပြချက်လေးများ ကို မှတ်သားပြီး ပြုပြင် ဆင်ခြင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။




မနာပဒါယီ အရှင်ဝိစိတ္တ
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
မေတ္တာဖြင့် ဓမ္မစကူးလ် ဆုံရာ

အရှင် သုမင်္ဂလ

No comments:

Post a Comment