Sunday, May 22, 2016

စိတ် ဈေးတန်း၊ စာ ဈေးတန်း





သူများတွေက ဝမ်းဗိုက် အတွက် ဈေးသွားကြတယ်။ ကျွန်တော် လည်း မနေ့က ဈေးသွားခဲ့တယ်။ ကျွန်တော် သွားတဲ့ ဈေးက ဝမ်းဗိုက် အတွက် မဟုတ်ပါဘူး။ ကျွန်တော် သွားခဲ့တာက စိတ် အတွက်ဈေးကိုပါ။

စိတ် အတွက်လည်း အစာဖြည့်ရပါတယ်။ ဝမ်း အတွက် သက်သက် အစာဖြည့်တော့ ဦးနှောက် က သေး သွား ပြီး စဉ်းစား အားနည်းလာတတ် သတဲ့။ ဝမ်း ကိုလည်းဖြည့် စိတ် ကိုလည်း အစာကျွေး၊ ဝမ်း ကို လျှော့ပြီး စိတ် ကိုဖြည့်ရင် ဉာဏ်ရွှင်တယ်။ 

စိတ် အစာ ကိုလျှော့ပြီး ဝမ်း ကိုပြည့်အောင်ဖြည့်နေရင် လောဘ ဒေါသ မောဟ တွေ ဝင်လာပြီး ကျန်းမာရေး အားနည်း တတ်တယ်တဲ့။ တရုတ် စကားပုံတစ်ခုပါ။

ကျွန်တော့် အတွက် စိတ် ဈေးတန်း က ပန်းဆိုးတန်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တစ်လျှောက်ပဲ။ ကျွန်တော် ဒီ စိတ်ဈေးတန်း ကို လျှောက်လာခဲ့တာ ၈ တန်းကျောင်းသား ဘဝလောက် ကတည်း ကပါ။ ပြန် တွက်စစ်ရင် နှစ်ပေါင်း ၄၀ ကျော်လောက် ရှိသွားပြီ။

ကျွန်တော့်စိတ် ဈေးမှာ တစ်အုပ် ၅၀၀ ၊ တစ်အုပ် ၁၀၀၀ နဲ့ ၁၀၀၀ ဖိုး ၃ အုပ် ဆိုတဲ့ စာကတ်လေးတွေ ထောင် ထား တယ်။  တစ်အုပ် ၂၀၀ တန်လေးတွေလည်း ရှိပါတယ်။ ၅၀၀ ပုံ စာအုပ်ဈေး မှာ ထိုင်ခုံ အပုလေးတွေ ချပေးထား တယ်။ 

စာအုပ်ဈေး က အရောင်းဈေးသည်တွေ က ကိုယ့်ဖောက်သည်တွေ ကို အမြဲလေးစားတယ်။ စာအုပ်ကို ထိုင်ဖတ်၊ ကြိုက်ရင်ဝယ်၊ မကြိုက်ရင် ထသွား ငြူစူတာ လည်း မရှိပါဘူး။ နောက်က စင်ပေါ်မှာ ထောင်ထား တာတွေက စပယ်ရှယ်ဈေးတွေ။ ရောင်းသူ ဝယ်သူ သဘောတူရင် တန်ဖိုးအတိုင်း ယူသွားလို့ရတယ်။

စိတ်ဈေးတန်း မှာ ရခဲ့တဲ့ စာအုပ်တွေ ထဲမှာ ငယ်ငယ်တုန်း က မူလတန်း မှာ သင်ခဲ့ရတဲ့ English by Stages (I, II, III, IV) ၄ အုပ် စလုံး ရလာလို့ ပျော်လိုက်တာ။ ကျွန်တော်တို့ ငယ်စဉ် က သင်ခဲ့ရတဲ့ အင်္ဂလိပ် စာအုပ် လေးတွေ ကို ပြန်ပြီး လေ့လာကြည့်လိုက်တော့မှ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်၊ စည်းကမ်း ဆိုတာတွေ ကို တစ်လုံး မှ မပြောဘဲ သွန်သင် ဆုံးမ သွားတဲ့ စာတွေဆိုတာ သိလိုက်ရတယ်။ 


ခုထိလည်း အဲဒီ စာတွေထဲမှာ ပါတဲ့ ပုံပြင်လေးတွေ၊ ဆောင်ပုဒ်လေးတွေ ကို မမေ့သေးဘူး။
စာအုပ် ၄ အုပ် ကို ရင်းနှီး လိုက်ရတာက တစ်အုပ် ၅၀၀ ဆိုတော့ ၂၀၀၀ ကျပ်ပေါ့။ လတ်တလော အကျိုး ကတော့ “ငယ်စဉ်က ရခဲ့တဲ့ ဘဝ သင်ခန်းစာများ” ဆိုပြီး ဆောင်းပါး တစ်ပုဒ်ရေးဖြစ်သွားတယ်။ 

ခုလည်း FB ပေါ်က ကိုယ့် မိတ်ဆွေတွေ ကို message လေးတစ်ခု မျှဝေဖြစ်သွားတယ်။ ကြုံကြိုက်ရင် အဲဒီ အင်္ဂလိပ် စာအုပ်လေးတွေ ပြန်လေ့လာကြည့်ကြပါ ခင်ဗျာ။ ဆရာတွေ ဆရာမတွေလည်း ဖတ်မှတ်ပြီး ကိုယ့် တပည့်တွေကို အားလပ်ချိန်မှာ ဗဟုသုတ ရစရာ ပုံပြင်လေးတွေပြောပြီး ဆုံးမသင်ကြားနိုင်ပါတယ်။ 

ကျွန်တော်လည်း FB ပေါ်ကို အခါအားလျော်စွာ တင်ပေးပါ့မယ်။ တစ်ခါတစ်လေ ရှားပါး စာအုပ်တွေ ရခဲ့ တာက ကြည်နူးစိတ်နဲ့ အိပ်လို့တောင် မပျော်နိုင်ဘူး။ သူများတွေ လို ရှော့ပင်း ထွက်တာ၊ ကုန်တိုက်ကြီးတွေ ကို မသွားနိုင်တာ (သွားစရာလည်း မလိုတဲ့) ကျွန်တော့် အဖို့တော့ ပန်းဆိုးတန်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတွေပေါ်က စာအုပ်ဈေးတန်း ဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ အဲဒီ စာဈေးတန်းလေးတွေ ထာဝရ ရှိနေပါစေ။


 Written by တင်ညွန့်
http://www.maukkha.org/index.php/book-store/essay-maukkha/9687-2016-05-21-01-12-43

No comments:

Post a Comment