Tuesday, June 14, 2016

မေးလျှင်....... ဖြေပါမည်

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ - မ.ဘ.သ's photo. 



 တစ်ချို့ကမေးကြတယ်...    တာဝန် နဲ့ ဝတ္တရား
သာသနာပြုခြင်း နဲ့ ပရဟိတ ဘယ်လို ကွာခြားလို့.. ဘယ်လိုကွဲပြားပါ သလဲဘုရား....တဲ့


တာဝန်   .. ဆိုတာ မလုပ်ချင်လည်း လုပ် လုပ်ချင်လည်း လုပ် ပျော်ရင်လည်း လုပ် ပျင်းရင်လည်း လုပ် ရမည့် အလုပ်ဖြစ်ပါတယ်.။ အထက်က ညွှန်ကြားသည်ဖြစ်စေ..မိမိ ကိုယ်တိုင် တာဝန် ယူထားသောကြောင့်ဖြစ်စေ မဖြစ်မနေ လုပ်ရမည့် သဘောတရား ကို တာဝန်ဟူ၍ ပညာရှိ သူတော်ကောင်းတို့ သတ်မှတ်ကြပေသည်။

...ပုဂ္ဂလ ပညတ်ကျမ်း ၌ မြတ်စွာဘုရား ညွှန်းပြထားသည်မှာ...မိမိထံရောက်မလာသေးသော တာဝန် အလုပ် ကို တောင်းဆို၍ပြုသူသည် လည်း လူမိုက်...
 

မိမိ ပုခုံးထက်သို့ ကျရောက် လာသော တာဝန် ကိုကျေပြွန်အောင် မထမ်းဆောင် ရှောင်လွှဲ၍ ဆင်ခြေပေး ကာငြင်းပယ်သော သူသည်လည်း လူမိုက်...ဟူ၍...ဟောညွှန်ထားရာ...မိမိ တာဝန်ကို သိပြီး ထို တာဝန် ကိုကျေပြွန်အောင် ဆောင်ရွက်နိုင်မှသာ လူမိုက် အဖြစ် မှလွန်မြောက်နိုင်မည်ဖြစ်ပေရကား..တာဝန် ဆိုတာ May be..မဟုတ်..Must be..သာ..


ဝတ္တရား......ဆိုသည်ကား လုပ်ချင်မှသာ လုပ် နိုင်သော အရာဖြစ်သည်. မလုပ်ပဲနေသော် စေတနာ မရှိသူ ဝတ္တရား မပြည့်စုံသူ ဟုသာ ကဲ့ရဲ့ခြင်း ခံရရုံသာ ရှိနိုင်ပါသည်။
 

ရဟန်း မှန်လျှင် တာဝန်နှစ်ရပ် ရှိပေသည်။ 

ဂန္ထ ဓူရ ......   ဝိပဿနာ ဓူရ ဟူ၍ ဓူရနှစ်ဖြာ အား  ရှင်တော် ဘုရား ညွှန်ပြထားပြီးဖြစ်ပေသည်။ ရှင်တော် ဘုရားဟောကြားထားသော ပိဋကတ် အားဖြင့် ၃ ပုံ နိကာယ် အားဖြင့် ၅ ရပ် ဓမ္မက္ခန္ဒာအားဖြင့် ၈၄၀၀၀ တို့ကို မိမိ စွမ်းနိုင်သလောက် သင်ယူခြင်း ပို့ချခြင်း သင်ယူစေခြင်း ပို့ချစေခြင်း တို့သည် ဂန္ထဓူရ ဟုခေါ်ပါ သည်။ 

နတ်ရွာ နိဗ္ပာန် ဈာန် မဂ်ဖိုလ် အစရှိသည် တို့ကို ရစေ ရောက်စေနိုင်သော အကျင့်များအား ကိုယ်တိုင် ကျင့် သုံးခြင်း သူတစ်ပါး တို့အား ကျင့်သုံးစေခြင်း ကျင့်သုံးနိုင်အောင် တိုက်တွန်းဟောပြောပေးခြင်း အစရှိသည် တို့ သည် ဝိပဿနာ ဓူရ ဟုခေါ်ပေသည်။ 


သာသနာပြုရဟန်း တို့ မည်သည် အထက်ပါ ဓူရနှဖြာခေါ် တာဝန် နှစ်ရပ် တို့တွင် တာဝန် တစ်ခုကို မဖြစ် မနေ ဆောင်ရွက်ကြရပေ၏။ ဤကား တာဝန်ဖြစ်သောကြောင့်ပေတည်း။ သာသနာပြုခြင်းနှင့်ပရဟိတ...
ဤနှစ်မျိုးလုံး ကို ရဟန်းတော် များက ပြုလုပ်ဆောင်ရွက်နေကြသည် ဆိုပါက ခွဲခြား၍ မရ အတူတူပင် ဟူ၍ ထင်တတ်ကြပေ၏။ 




အရင်း စစ်လျှင် အမြစ် သည် မြေ ကဖြစ်၏..ဆိုရိုး ရှိသောကြောင့် သာသနာပြု ကုသိုလ်နှင့် ပရဟိတ ကုသိုလ် နှစ်မျိုး သည် ကုသိုလ် ရတာခြင်း တူသော်လည်း သာသနာပြု ကုသိုလ်သည် ကား ဘုရား သာသနာနှင့်ကြုံမှ သာ သာသနာပြုကုသိုလ် ရယူခွင့် ရှိနိုင်ပါ၏။...

ပရဟိတ ကုသိုလ် များသည် ကား ဘုရား သာသနာနှင့်ကြုံသည်ဖြစ်စေ မကြုံသည်ဖြစ်စေ ဆန္ဒရှိ က ဆောင် ရွက်နိုင်ကြပေ၏။ အကျိုးပေးခြင်း ကတော့ မတူနိုင်ပါပေ။ 

ရှင်တော် ဘုရား လက်ထက်တော် အခါက တာဝတိံသာ နတ်ပြည်သို့ ကြွရောက်တော်မူသော အခါ နတ်ပြည် တွင် ရှင်တော် ဘုရားကြွရောက်တော် မူမည်ဖြစ်သောကြောင့် နတ်သမီး နတ်သားများ စုဝေးကာနေရာ ယူနေကြစဉ် ရှေးဦးစွာ ဣန္ဒက နတ်သား နှင့် အင်္ကုရ နတ်သား တို့ သူငယ်ချင်း နတ်သားနှစ်ယောက်တို့သည် အတူ တစ်ကွ ရွှေလက် တွဲကာ စကား တပြောပြောဖြင့် ရှင်တော်ဘုရားကြွအလာ ကိုစောင့်မျော်တော် မူနေကြပါ၏။ 

သို့ရာတွင် အင်္ကုရ နတ်သား ခမျာ သူ့ထက် ဘုန်းကံကြီးသော နတ်သားများ ရောက်ရှိ လာသောအခါ အနည်း ငယ်နောက်ဆုတ်ပေးရပေ၏။ နတ်သား တစ်ယောက် လာတိုင်း ကိုယ့်ထက် ဘုန်းကံကြီး သည့်နောက် ဆုတ် ရင်း နောက်ဆုတ်ရင်း က စကြာဝဠာ အနားရေးသို့ရောက်ရှိ သွားလေ၏ ။ 

ဣန္ဒက နတ်သားနှင့် အလွန်တရာဝေးကွာ သွားလေတော့၏။...ထိုစဉ်မြတ်ဘုရားကြွလာတော်မူသော အခါ ဝယ် ဣန္ဒက နတ်သား သည် မြတ်ဘုရား အား ဘုန်းတော်ကြီးတော် မူသောမြတ်စွာဘုရား ...တပည့်တော် ရဲ့သူငယ်ချင်းဖြစ် တဲ့ အင်္ကုရ နတ်သားနှင့် အတူတစ်ကွ လက်ချင်းချိတ် ဆက်ကာ မြတ်ဘုရားကြွအလာ ကိုစောင့်မျှော်နေကြပါတယ်ဘုရား။

ယခုမူ အင်္ကုရ နတ်သားသည် စကြာဝဠာ အနားရေးသို့ ရောက်ရှိနေပါတယ် ဘုရား...ဘယ်သို့သော အကြောင်း အခြင်း အရာကြောင့်ပါလဲမြတ်စွာဘုရား..ရှင်းလင်းပြတော်မူပါဘုရား....ဒီ အခါမှာ ရှင်တော် ဘုရား မှ သာသနာ ပ ကာလမှာပြုတဲ့ ကုသိုလ် နဲ့ သာသနာ တွင်းမှာပြုတဲ့ ကုသိုလ် တို့ရဲ့ အကျိုးပေးခြင်းဖြစ်ပေ တယ်...

အင်္ကုရ နတ်သားပြုခဲ့သော ကုသိုလ် များသည် သာသနာပ ကာလမှာပြုခဲ့သော ပရဟိတ ကုသိုလ်များ သာဖြစ်ပေ ၏။ သာသနာပ ကာလမှာ ပြုရသော ကုသိုလ်များ သည် မည်မျှပင် များ၍နေစေကာမူ သာသနာ တွင်း ကာလ ဝယ် ပြုရသော နေ့တစ်ဝက် ဥပုသ်စောင့်ခဲ့ရသည့် ကုသိုလ်ကိုမျှ မမှီနိုင်ပါပေ ..ဟူ ၍ ဖြေ ကြားတော်မူပါပေ၏။


သို့အတွက်ကြောင့် မိမိပြုသော ကုသိုလ် များသည် သာသနာတွင်း ကာလမှာ ကြုံဆုံနေရပါလျက် သာသနာပ ကာလ ကုသိုလ်မျိုး မဖြစ်ရလေအောင် သတိချပ်သင့်လှပေ၏။.



အရှင်ကဉ္စနောဘာသ.......ဦးစီးပဓာန နာယက
ဝဋ်ကြွေးတော်ပြေ ပရဟိတ ပညာ ဒါနကျောင်း
လေးထောင့်ကန် မင်္ဂလာဒုံမြို့နယ်


သတင်းမူရင်း>> https://mobile.facebook.com/profile.php?id=100010335756163
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ - မ.ဘ.သ

No comments:

Post a Comment