Sunday, June 12, 2016

ကိုယ် သန့်သူနှင့် စိတ် သန့်သူ


 

တစ်ခါက အထက် အညာ မြို့ကလေး တစ်မြို့တွင် အလွန် ဇီဇာကြောင်သော လူတစ်ဦး ရှိသည်။ သူသည် အစား အသောက် စားရာ၌ သူတစ်ပါးနှင့် ဇွန်း ပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ 

သူတပါး နှိုက်ပြီးသား ထမင်းဟင်း ကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည် တစ်ပြင်တည်း စားကြ ပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တစ်ခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီး တစ်ခုကို သွားရသည်။ သူနှင့် ခရီး သွားမည့် အဖော် များ ရောက်ချိန် တန်လျက် ရောက် မလာသောကြောင့် တစ်ဦးတည်း ထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်း ကို အ၀စားခဲ့သည်။ 


အထုပ်ဖြင့်လည်း ထုပ်ယူ လာခဲ့သည်။ ရေ ကိုလည်း ဘူးတောင်းနှင့် အပြည့် ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသ နည်းသည့်အပြင် ရာသီဥတု ကလည်း အလွန် ပူပြင်း လှသောကြောင့် ရေ ခဏခဏ သောက် ရသည်။ မကြာမီ ရေ ကုန်သွားလေ သည်။

နေမွန်းတိမ်းသော အခါ ပို၍ ပူလာပြီး ချွေးက ပိုထွက်လာသည်။ ရေ အလွန်ဆာလာသည်။ နောက် ခရီးတစ် တိုင် အတွင်း ရေ မတွေ့လျှင် သေရချည်ရဲ့ ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတစ်တိုင် မသွားရပါ။ ကုန်း ကလေး တစ်ခုကို ကျော်လိုက်လျှင် ဆီးပင် ကလေးများနှင့် ဇရပ်အို တစ်ခုကို တွေ့ရသည်။ 


ဇရပ်၏ ရှေ့မျက်နှာစာ တွင်လည်း ရေအိုးစင် ကလေးတစ်ခု ရှိ၏။ သူသည် အလွန် ၀မ်းသာသွားသည်။ ဇရပ် သို့ အပြေးတစ်ပိုင်း သွားပြီး ရေအိုး ကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တစ်ဝက်ကျော်ကျော် ရှိနေသည်။ တယ် ကံကောင်းပါလား-ဟု တစ်ကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတစ်ခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်း မသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတစ်ကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့် ကိုင်သူက ညာနှုတ်ခမ်း မှ သောက်မည်။ ညာလက်ဖြင့် ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင် အီအီ တွေးတော စဉ်းစားသည်။ ထို့နောက် ဤ ဘက်ကတော့ မည်သူမှ သောက်မည် မဟုတ်-ဟု ယူဆ ကာ ရေမှုတ် ကို လက်ကိုင် တပ်ရာ ဘက်မှ သောက်ချ လိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့ လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံး တစ်စုံကိုမူ သူ သတိမထား မိ လိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟို သည်သည် မျက်လုံး ကစားလိုက်မှ မလှမ်း မကမ်း ဆီးပင်အောက်တွင် ထိုင်နေသော အနာကြီးရောဂါသည် တစ်ယောက်ကို မြင်လိုက်ရသည်။ 


ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်း များပင် မပီပြင်တော့။ ဦးခေါင်း ပတ်ပတ်လည် ဦးထုပ်ဆောင်း သည့် တစ်ဝိုက်တွင် အရေဖတ်များ က လန်နေသေး သည်။ နဖူးနှင့် နှာခေါင်း ကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက် မပြတ် စီးကျနေ သဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။


ထိုရောဂါသည် သည် မျက်နှာ ကို ပုဆိုးဖြင့် တစ်ချက် ငုံ့သုတ် လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက် သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါ သည်ကြီး သူ့အနား လာမည် စိုး၍ ပျာပျာ သလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။

လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ် လက်ကိုင်ဘက် က ဘာဖြစ်လို့ ကတ်သီး ကတ်သတ် သောက် ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက် တာဗျ။ သူတစ်ကာ သောက်တဲ့ ခွက်နှုတ်ခမ်း ကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါ သည်က သက်ပြင်း တစ်ချက် ချလိုက်သည်။ 


ကျွန်တော် စိတ်မကောင်းပါဘူး၊ လူကြီးမင်း ခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀ က သူများ အပေါ် မာန်မာန ကြီး တစ်ခွဲသားနဲ့ မတူမတန် ဆက်ဆံ ခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီ ဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါ တယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ ဆိုပြီး လူမှန်းသိစ အရွယ်ကတည်းက ငါးပါး ပဉ္စသီ မြဲ ခဲ့ပါတယ်။ 
 
ဘယ်သူ့ အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်း ထားပါတယ်။ ကျွန်တော့ ကို တိရစ္ဆာန် တစ်ကောင်လို ဆက်ဆံ ကြိမ်းမောင်းကြ ရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာ ဆိုရင်လဲ ဒီလိုနေမှာပဲ လို့ ကိုယ်ချင်းစာပြီး အများ စိတ်အနှောက် အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများ အသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက် မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲ မရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုး မှာ ရေသောက် ရရင်လဲ အများကို ကိုယ် ချင်း စာပြီး အများသောက်တဲ့ ခွက် ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှ မသောက် တဲ့ လက်ကိုင် ဘက်ကသာ ကတ်သီး ကတ်သတ် သောက်ခဲ့ပါတယ်။ 
 
အခုတော့ လူကြီးမင်း ကလဲ ကျွန်တော့ လိုပဲ ကတ်သီး ကတ်သတ် လက်ကိုင် ဘက်က သောက်တယ် ဆိုတော့ စိတ်မကောင်းဖြစ်လို့မေး မိတာပါ-ဟု နှာ တစ်ရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူ ဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့် အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာ မက စားပြီး သား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသော အခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာ တွင် သစ်လွင် လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့် ပါရှိသော ဇရပ်ကြီး တစ်ဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထို ဇရပ်ကြီးသည် ကြီးကျယ် ခမ်းနားရုံ မက ဆင်ဝင်စမုတ် ၏ တစ်ဖက် တစ်ချက် တွင်လည်း သောက်ချင့် စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှ ကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမ ကမ်း တွင်လည်း ရေတွင်းကြီး တစ်တွင်း က ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံး ရုံ မက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီ ဇရပ်ကြီးသည် ခရီးသွားတို့ အတွက် အလွန်တစ်ရာ ကျေးဇူးများလှသော နားခိုစရာ စခန်းကြီး တစ်ခု ဖြစ်နေပေသည်။ ထို ဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူ အပေါင်းတို့သည် ဇရပ်တစ်ကာကောင်း မှု ရှင်ကြီး ကို မှန်းမျှော်၍ မေတ္တာ ပို့သကာ သာဓု အကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တစ်နေရာတွင် ရေးထိုး ထားသော ကောင်းမှုရှင် အမည် ကမ္ပည်းစာတန်း ကလည်း ထူးခြား လှသည်။ အညတြ လူ သူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အို တို့ ၏ ကောင်းမှု-ဟူ၏။

ဦးသန့်စင်-ဟူသည်မှာ ဦး ဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည် ၏ ပညာပေးခြင်း ကို ခံလိုက်ရသည့်နေ့က စပြီး အမြင်မှန် ရသွားသည်။ နောင်တ တရားလည်း ရသွားသည်။ သူ၏ အများ အပေါ် ရွံရှာ တတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီး ကို အများနှင့် အဖန် တစ်လဲလဲ ရောနှော စားသောက်ခြင်း အားဖြင့် နှိမ်နင်း ပစ်လိုက်သည်။
 
 ကြာလာသောအခါ ရွံရှာတတ်သော စိတ် အလျဉ်း မရှိတော့ ရုံမက လူငယ်များနဲ့ အတူ လက်ရည်တစ်ပြင် တည်း ပင် စားပြ လိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေ လူထုများက များစွာ အံ့သြကြလေသည်။ တစ်ကယ်တမ်း တွင် သူသည် ဇီဇာကြောင်တတ်သည်က လွဲ၍ စိတ်ရင်း သဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေ ရင်းချာ များ ပေါများ လာသည်။ စီးပွား မှာလည်း ဒီရေ အလား တိုးတက် လာလေသည်။

ယခင် က သူသည် အလွန် ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည် အထိ အိမ်သူ သက်ထား မရှိခဲ့ပေ။ အကျင့်ဆိုးကြီး ကို ပြုပြင်လိုက်သည် မှ စ၍ မြို့မေတ္တာ ကို ခံယူရရှိရုံ မက ကွမ်းတောင် ကိုင် အချော အလှ မယ်အိ ၏ မေတ္တာ တုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ 
 
ဤကဲ့သို့ သူသည် ခြောက်ကပ် အထီးကျန် လှသော ဘ၀ မှ စိုပြည် ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀ သို့ ရောက်ရှိ ခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာ သားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီး ကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့် အညီ ထိုကျေးဇူးရှင်ကြီး ၏ ကျေးဇူး တရား ကို အောက်မေ့သော အားဖြင့် သူနှင့်တွေ့ဆုံ ခဲ့ရာ ဇရပ်အိုကြီးနေရာ တွင် ဇရပ်နှင့် ရေတွင်း များ ကို ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

ထို ဇရပ်ကို လူသူတော် ဇရပ်ကြီး ဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော် မှ မည်သို့ မည် ပုံ ပြောင်းလဲသွားသည် မသိ။ ဖိုးသူတော် ဇရပ် ဟု ခေါ်ကြပြန်သည်။ ၄င်း ဇရပ် အနီးမှ တောင်ကုန်း ကိုကား ဇရပ်ကုန်း ဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီး မရှိတော့ဘဲ ရေတွင်း ကို ဗဟိုပြု ၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ ၏ အမည်သည်လည်း ဇရပ်ကုန်းရွာ ဟု တွင်လေ သတည်း။

ထို ဇရပ်ကုန်း ရွာ၏ အနောက် စူးစူး ကုန်းစောင်း ကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံ စုစု ကလေး မှာ ရှေ့ ယခင်က စ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံ ကလေး၏ အောက် တည့်တည့် တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရ အိပ်စက် အနားယူလျက် ရှိသည် ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက် ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထို အချိန်က လူ သူတော်ကြီးသည် သောက်ရေအိုး ထဲမှ ရေ ကို သူ့ခွက်ထဲ သို့ ထည့်ပေးပါရန် တောင်းပန် ၍ ရမည့်သူ ကို မျှော်နေခဲ့ပါသည်။ 
 
ထိုစဉ် ဦးသန့်စင် ရောက် လာ၍ ရေသောက်ပုံ ကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ် ကို ဖျက်ပြီး ရေသောက်ပြီးလေ ဟန်ဖြင့် ဦးသန့်စင် ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တစ်ကယ်တမ်းတွင် မူ သူသည် မည်သည့် အခါမှ အများသောက်ရေအိုး တွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ ကလည်း ရေမသောက်ဘဲ အငတ် ခံ သွားခဲ့လေ သည်။

ထို့အပြင် သူသည် မိမိ ၏ လက်ရှိဘ၀ ခရီးကြီး နိဂုံး ချုပ်ရတော့မည် ကို ရိပ်စား မိသောအခါ အနောက် ဘက် တောင်စောင်း သို့ သွားပြီး ကျင်းကို ကိုယ်တိုင် တူးကာ ၀င်ရောက် အိပ်စက်ပြီး မိမိ ဇာတ်ကို မိမိ ဘာသာ သိမ်းခဲ့ ပါသည်။
 
 နောက် တနေ့ နွားကျောင်းသူ မကလေးများ ရောက်လာသောအခါ လေမှာ တစ်လူလူ လွင့်နေသော စွပ်ကျယ် အဖြူ မည်း ညစ်ညစ် တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများ က သနား ကရုဏာ သက်မိသောကြောင့် မြေဖို့ရုံ သာမက အနီးအနား ရှိ ကျောက်တုံး များ ကို ယူဆောင် စုပုံပြီး မှတ်တိုင်ကလေး တစ်ခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထို အကြောင်းအရာ များကိုလည်း ကွယ်လွန်သူ ဦးသန့်စင် တစ်ယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

ဦးကသာ-လောကမှန်ကူ
 
 
 
 

No comments:

Post a Comment