Thursday, June 16, 2016

သိုက်အိမ် လေလား၊ တိုက်အိမ် လား


 
 
 ကျွန်တော်တို့ က မန္တလေးမှာမွေး၊ မန္တလေးမှာကြီး (အသက်ကိုပြောပါတယ်)၊ မန္တလေးမှာ ပဲ ခုချိန်ထိနေနေ ကြ တာဗျ။ ကဲပါ.... ကျွန်တော့်ဆွေမျိုးတွေ၊ ကျွန်တော့်အသိ အကျွမ်းတွေနဲ့  ပရလောက သားတွေ ဘယ်လို ဘယ်ပုံ ကြုံဆုံ ခဲ့တယ် ဆိုတဲ့ လိုရင်း ကိုပဲ ဆက်ပြောတော့မယ်။ ဒီလိုဗျ...ဒီလို။

                (၁၉၉၈) ခုနှစ်လောက်မှာ ကျွန်တော်တို့ မိသားစု မန္တလေးမြို့က ရပ်ကွက်တခုကို ပြောင်းပြီး အိမ် တစ်လုံးဆောက်နေကြပါရော။ ရပ်ကွက် နာမည်တော့ထည့် မပြောတော့ပါဘူးနော်။ ကျွန်တော်တို့ပြောင်းနေ တဲ့ အိမ် ရဲ့ဘေးနားမှာ ပေလေးဆယ် ပေခြောက်ဆယ် ဝန်းကျင်လောက် ရှိမယ့် တိုက်ပုလေး တစ်လုံးရှိလေ ရဲ့။
 
တိုက်ပုံစံလေး က တစ်ထပ် ဆိုပေမယ့် နောက်ဖက်မှာ ကျတော့ နှစ်ထပ် ပုံစံဖြစ်သွားတယ် ဗျ။ နှစ်ထပ် ဆို တာ က အပေါ်ကရေစင် နဲ့ စတိုခန်း ပုံပေါ့။ 
 
အဲ့ဒီ တိုက်လေးရဲ့ကျောဖက် မှာလဲ နွယ်ပင်တွေက ထောင်တက်နေတယ်။ နွယ်တွေ ကလည်း သန်လိုက် တာ များ ရေစင်ပေါ်ထိတောင်ရောက်တယ်။ တိုက် ပုံစံက တစ်ထပ်တည်း။ ပြီးတော့ ရှေ့ မှာ အုတ်ခင်း ထား တဲ့ တလင်းကြီး ရှိသေးတယ်။ 
 
ကျွန်တော် ငယ်ငယ် ကတည်းက အိမ် အသစ် (အခုနေနေတဲ့ အိမ်ပေါ့ ) ဆောက် တဲ့ ဆီကို လိုက်သွားတိုင်း အဲ့ဒီ အိမ် ကိုကြည့်လိုက်မိတာနဲ့ တင် စိတ်ထဲမှာ မသိုး မသန့်ဖြစ် လာ မိတာ ကတော့ အမှန်ပဲ။ အမေ့ ကို လည်း .......
"မေမေ အဲ့ဒီ အိမ်ကြီးက တစ်မျိုးကြီးနော်...."လို့ ပြောတော့ အမေက လည်း
"စိတ်ထင်လို့ ပါလို့ သားရယ် "လို့ ပဲပြန်နှစ်သိမ့် ပါတယ်။
 
 
အဲ့ဒီ အိမ်ကလည်း ဘယ်သော အခါမှ ပိုင်ရှင်မြဲတယ် လို့လည်း မရှိဘူး။ အမြဲတမ်း လိုလို အိမ်ပိုင်ရှင် တစ် ယောက်ပြီး တစ်ယောက်ပြောင်းနေတာ။ ပြီးတော့ အိမ်ပိုင်ရှင်တွေ ကလည်း အတည်တစ်ကျ မနေကြ ဘူး။ အိမ်မှာ မနေတဲ့ အချိန်က ပိုများတယ် လို့တောင် ပြောရလေ မလားပဲ။ 
 
ကျွန်တော်တို့ အဲ့ဒီ အိမ်သစ် ကို စပြောင်းတဲ့ အချိန်တုန်းက အဲ့ဒီ တစ်ထပ် တိုက်လေး ရဲ့ ပိုင်ရှင်တွေက ဆရာဝန် လင်မယားတဲ့။ မနက်ပိုင်း အချိန်တွေ ဆိုရင် သူတို့ လင်မယား အိမ်မှာနေတယ် လို့ကို တစ်ခါမှ မမြင် မိပါဘူးဗျာ။  
 
အိမ်မှာ အစောင့် သဘောမျိုး နဲ့ အန်တီကြီး တစ် ယောက် ကို ခေါ်ထားတာတော့တွေ့ မိသား။ ခြံချင်း ကပ်ဖြစ်နေတော့လည်း တစ်ယောက်နဲ့ တစ်ယောက် မျက်မှန်း တန်းမိရာကနေ ကျွန်တော့် အမေ နဲ့ အဲ့ဒီ ဆရာဝန်လင်မယား တိုက်မှာနေတဲ့ အိမ်စောင့် အန်တီကြီးနဲ့ က နည်းနည်း ရင်းနှီးလာကြရော ဆိုပါတော့။
 
 

         ကျွန်တော်တို့ အိမ်ကိုဆောက်တာ တော်တော်လေးတောင်ပြီးလုပြီးခင်ဖြစ်နေပြီး အိမ်မှာ မီးကြိုးတွေ သွယ်ဖို့လောက်ပဲ ကျန်တော့တဲ့ အချိန် ကိုရောက်လာတယ်။ အဲ့ဒီ အချိန်မှာ ကျွန်တော်တို့ အိမ် ကို ကျွန်တော့် အစ်မ ဝမ်းကွဲ တစ်ယောက် လာလည်ရင်း နဲ့ အိမ်မှာ ညအိပ် တယ်ဗျ။ အဲ့ဒီ အချိန်တုန်းက သူက ငါးတန်းကျောင်းသူ ဆိုတော့ ကလေး အရွယ်လို့ပြောရမှာပဲ။
 
 ကျွန်တော့် အစ်မရောက်လာပြီး ရက်သိပ် မကြာခင်မှာ ဘေးအိမ်မှာ အိမ်စောင့်နေပေးတဲ့ အန်တီကြီး က  ကျွန်တော့်အမေ ကို ဘာပြောလဲ ဆိုတော့.............................
" ညီမရယ်..အစ်မ တို့ အခုနေတဲ့ အိမ်ကြီး က တစ်မျိုးပဲ" တဲ့။
 
ကျွန်တော့် အမေ ကလည်း ခုမှ ဒီရပ်ကွက်ထဲ ကိုပြောင်းလာဖို့ပြင်နေတုန်း ဆိုတော့ ဒီ ရပ်ကွက်ထဲက အကြောင်း အရာတွေကို သေချာ မသိသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီ အန်တီကြီး ကို " အစ်မ တစ်ယောက် တည်းနေရတာ ပျင်းနေရင် ညီမတို့ အိမ်ဘက် ကို လာလည် ပါလား " ဆိုပြီးတော့ ပြန်ပြောလိုက်ပါသေး တယ်။ စကားတစ်ခွန်းစ နှစ်ခွန်းစ ဆက်ပြောကြပြီး ခဏနေတော့ အန်တီကြီးလည်း သူနေတဲ့ အိမ်ထဲကို ပြန်ဝင်သွားတယ်။

            အန်တီကြီး ပြန်သွားပြီး ခဏလောက်ကြာတော့ ကျွန်တော့်အမေ က သူ့ တူမ ( ကျွန်တော့်ဝမ်းကွဲ အစ်မ) ကို
"ဟိုဘက်အိမ်က အန်တီကြီး ပျင်းနေဦးမယ်.. စကားလေး ဘာလေးသွားပြောရင်း အလည် သွား လိုက်ဦး" တဲ့။ အဲ့ဒီ အန်တီကြီး ကလည်း ကျွန်တော့အစ်မ ကို အတော်လေး ချစ်မှန်းလည်း အမေ က သိတာ ကိုး။ အမေ က ကျွန်တော့် ကိုတော့ လိုက်သွား လို့လည်း မပြောဘူးဗျ။ နဂို ကတည်းက အဲ့ဒီ အိမ်ကိုကြည့်ပြီး ကျွန်တော် သဘောမကျမှန်း သိနေလို့လားတော့ မပြောတတ်ဘူး။

            ကျွန်တော့်အစ်မ ကလည်း အမေ က နှစ်ခါ မပြောလိုက်ရဘူး။ ခဏလောက်နေတော့ အဲ့ဒီ အန်တီ ကြီး ဆီ ကို သွားလည်ရော။ ဟိုဘက် အိမ်ထဲ ကို ကျွန်တော့် အစ်မရောက်သွားတော့ အန်တီကြီး ကလည်း အိမ်မှာ ရှိတဲ့မုန့်လေးတွေ ချကျွေး၊ ကျွန်တော့် အစ်မ ကလည်း ကလေး ဆိုတော့ တွတ်တီး တွတ်တာ စကားတွေပြော နဲ့ ဟုတ်နေကြတာ။ 
 
သူများ အိမ်က ကျွေးတာတွေ တစ်ဖြဲနှစ်ဖြဲ စားသောက်လို့လည်းပြီးရော ကျွန်တော့် အစ်မ ရှူရှူးပေါက် ချင် လာတော့ တာပဲ။ ဇာတ်လမ်း က အဲ့ဒီမှာ စတော့တာပဲဗျို့။ ကျွန်တော့်အစ်မ က အပေါ့သွားချင်တယ် ဆိုပြီး အန်တီ့ ကိုပြောတော့ အန်တီကြီး က နောက်ဖက် မှာကွေ့ လိုက်ရင် အိမ်သာ ရှိတယ်လို့ ညွှန်းပေးလိုက်ပြီး သူကိုယ်တိုင် မလိုက် သွားပဲနဲ့ အိမ်ရှေ့ခန်းမှာ ကျန်နေခဲ့တယ်။ 
 
ကျွန်တော့် အစ်မ ခမျာလည်း ကိစ္စ က ထိပ်ဝရောက်နေတော့ အန်တီကြီး ညွှန်လိုက်တဲ့ အိမ်သာ ရှိရာကို လိမ်ကျစ် လိမ်ကျစ် နဲ့ ချီတက် သွားတာပေါ့။ အိမ်နောက်ဘက် ကို ဝင်သွား ရင်းနဲ့ မျက်စိ က ဘေး ပတ်ဝန်း ကျင် ကို စပ်စုကြည့်တော့ အိမ်သာ သွားတဲ့ လမ်းတစ်လျှောက်မှာ အခန်းလေးတွေ ရှိတယ်။
 
 ကျွန်တော့်အစ်မ က လမ်းလျှောက် သွားရင်းနဲ့ တံခါး ဖွင့်ထားတဲ့ အခန်းတွေ ထဲကို အမှတ် မထင်မျက်စိ ကစား မိတော့ အခန်းတစ်ခန်း ထဲမှာ သူ့ ထက် တစ်နှစ် နှစ်နှစ်လောက် ငယ်မယ့် ကလေး  လေးနှစ်ယောက် ဆော့နေ တာကို သွားတွေ့ရော။
 
အဲ့ဒါနဲ့ သူ လည်း အဲ့ဒီ ကလေးနှစ်ကောင် ကို ကြည့်ပီးတော့ ရီပြလိုက်တယ်။ ဟို ကလေးနှစ်ကောင်ကလည်း သူ့ကိုပြန်ရီပြတယ်။ သူလည်း ရှူရှူးပေါက်ချင်နေတာကြောင့် အိမ်သာ ရှိတဲ့ဘက် ကို ဆက်လျှောက် လာရင်း နဲ့ဘေးက အခန်း မှာ  ချိတ် ထဘီ နဲ့ ရင်ဖုံး အကျီင်္ ဝတ်ထားတဲ့ အမျိုးသမီးကြီး တစ်ယောက် သတင်းစာ ဖတ်နေ တာကို သွားတွေ့ပြန်ရော။ 
 
ကျွန်တော့်အစ်မပြန်ပြောပုံအရ ဆိုရင် သူလည်း အဲ့ဒီ သတင်းစာဖတ်နေတဲ့ အန်တီကြီး ကို အဲ့ဒီ အိမ်မှာ တစ်ခါ မှ မမြင်မိပါဘူး လို့တော့ စိတ်က ထင်သားတဲ့။ အဲ့ဒီလိုနဲ့ သူလည်း အိမ်သာထဲ ဝင်ပြီး သူ့ကိစ္စ ရှင်းပြီး သွား လို့ အိမ်ရှေ့ကိုပြန်ထွက် လာတော့ ဟို ခလေးနှစ်ကောင် ရှိတဲ့ အခန်း ကို တစ်ချက်ကြည့် လိုက်သေး တယ်။ အဲ့ဒီ ကလေးနှစ်ကောင် ကလည်း ရယ်ရယ်မောမော နဲ့ ဆော့နေကြတုန်းပဲတဲ့။
 
 ကျွန်တော့် အစ်မ ကလည်း မနေနိုင် မထိုင်နိုင် အဲ့ဒီ ခလေးနှစ်ကောင်ဆီ သွားပြီး သူပါရောပြီး ဆတ်စလူး စိန် ပါလေရော။ တစ်ခုတော့ ထူးဆန်းတယ်။ အဲ့ဒီ ခလေးနှစ်ကောင်လုံး က ကျွန်တော့် အစ်မ ကို စကား လုံး ဝမပြောဘူးနော်။ တစ်ခွန်း ဆို တစ်ခွန်းမှ မေးထူးခေါ်ပြော မလုပ်ကြတာတဲ့။ ဆော့နေရင်း နဲ့ သူတို့ သဘော ကျရင်တော့ အသံ ထွက်ပြီး ရယ်တယ်။ ကျွန်တော့် အစ်မလည်း ဆော့လို့မောလာတော့မှ အိမ်ရှေ့ ကိုပြန် ထွက်လာပြီး အိမ်စောင့်တဲ့ အန်တီကြီး ကို စကားသွားပြောတယ်။

             အိမ်ရှေ့ရောက်တော့ အန်တီကြီး က ကျွန်တော့် အစ်မကို
" သမီး ee ပါနေတာလား?? အိမ်သာ သွားတာ ကြာလိုက်တာ...လက်ကိုရော ဆပ်ပြာ နဲ့ သေချာဆေး ခဲ့ရဲ့လား??? လို့ မေးတော့ ကျွန်တော့် အစ်မ က...
 
"မဟုတ်ပါဘူး အန်တီ သမီး အန် တီ့ ကလေးတွေ နဲ့ ခဏဆော့နေတာ အန်တီ့ ကလေးတွေ က သမီး ကို စကားလည်း ပြန် မပြောကြဘူး၊ အန်တီ့ ညီမ ကတော့ သတင်းစာ ဖတ်နေတယ်" လို့ လည်းပြောလိုက်ရော အိမ်စောင့် အန်တီကြီး မျက်လုံးပြူးသွားပြီး သူ့ ပါးစပ်ကနေ ဟမ် ဆိုတဲ့ စကားသံ တစ်သံပဲ ထွက်လာတယ်။  ပြီးတာနဲ့ ကျွန်တော့ အစ်မ ကို လက်ဆွဲခေါ်ပြီး ကျွန်တော် တို့ အိမ်ကိုပြေး ချ လာတော့တာပဲ။

            ကျွန်တော့ အစ်မ ကလည်း ခလေး ဆိုတော့ ဘာမှန်း ညာမှန်း လည်း နားမလည်ဘူး။ အူကြောင်ကြောင်မျက်နှာပေး နဲ့ အန်တီကြီး ဆွဲခေါ်တဲ့ အတိုင်း အိမ်ကို ပြန်လိုက်လာတယ်။ ကျွန်တော် တို့ အိမ်ကိုရောက်တော့ အမေ က ဘာဖြစ်လာတာလဲမေးတော့ တန်း မဖြေနိုင်ရှာဘူး။ ယပ်တောင်တွေ ဘာတွေ ခပ်ပြီးမှ သူတို့အိမ် မှာ ကျွန်တော့်အစ်မ ဘယ်လိုတွေ့ ခဲ့တဲ့ အကြောင်း၊ သူ့ မှာ ကလေးလည်း မရှိကြောင်း၊ ညီမလည်း မရှိကြောင်း..... အပျိုကြီးဖြစ်ကြောင်း ပြောပြတယ်။

         အဲ့ဒီတော့မှ ကျွန်တော့ အစ်မရော၊ ကျွန်တော့် အမေ ပါ လန့် ဖြန့်ကုန်ကြတာ။ ဟိုအန်တီကြီး ခမျာ လည်း အဲ့ဒီနေ့ တစ်နေ ကုန် လို့ ညရောက်တဲ့ အချိန်အထိ ဆရာဝန် လင်မယားပြန်လာ တာတောင်မှ အဲ့ဒီ ဘက် အိမ်ကို ပြန် မအိပ်ရဲ ရှာတော့ဘူး။ 
 
ကျွန်တော်တို့ အိမ်မှာပဲ တောင်းတောင်း ပန်ပန် နဲ့ တစ်ည အိပ်သွားပြီး မနက် မိုးလင်း တာနဲ့ သူ့ဆွေမျိုးတွေ ဆီ တန်းပြီး ပြန်သွား ပါလေရော။ ဆရာဝန် လင်မယားလည်း ဘုမသိ ဘမသိ နဲ့ နားမလည်နိုင်အောင် ဖြစ်ပြီး ကျန်ခဲ့တော့တာ ပါပဲ။

         ဇာတ်လမ်းက ဒီလောက်နဲ့တင် မပြီးနိုင်သေးဘူး။ ပြောစရာ ကျန်နေသေးတယ်။ အဲ့ဒီ အိမ် ရဲ့ နောက် ဖက် မှာက မြေကွက်လပ်ကြီး အလွတ်ကြီး ရှိပြီးတော့ အဲ့ဒီမြေကွက် အလွတ်ဘေးမှာတော့ အိမ်တွေ ရှိတယ်။
အဲ့ဒီ အိမ်တွေ ထဲမှာမှ ကျွန်တော်တို့ အိမ်ရဲ့နောက်ဖေးအိမ် က စပရိန်တွေ လုပ်တဲ့ လုပ်ငန်းလုပ်တယ်။ 
အခုတော့ ပြောင်းသွားကြပါပြီ။သူတို့က အဲ့ဒီ စပရိန် လုပ်ငန်း ကို မိသားစုလိုက် လုပ်ကြတာဗျ။
 
 တစ်နေ့တော့ နေ့ခင်းဘက်ကြီး နေ့လည်စာ စားတဲ့ အချိန်မှာ သူတို့ မိသားစုထဲက အမျိုးသား တစ်ယောက် ဆရာဝန် လင်မယားရဲ့ တိုက် အနောက်ဖက်က မြေကွက် ထဲမှာ ထမင်း မစားသေးပဲ ဇွဲကောင်းကောင်းနဲ့ အလုပ် လုပ်နေရင်း ကနေ ဆရာဝန် လင်မယားနေတဲ့ တိုက်ရဲ့ နောက်ကျောဖက် က နွယ်ပင်တွေ ဆီကို သွားကြည့်မိတယ်။ 
 
သူကြည့်မိတဲ့နေရာ က အိမ်သာ တည့်တည့် ကို သွားကြည့်မိလိုက်တာ။ တစ်ချို့နယ် က အိမ်သာတွေ မှာ လေဝင်ပေါက် သဘောမျိုး အုတ်နီခဲတွေ လှပ်ထား သလိုမျိုး ဖောက်ထားတဲ့ အပေါက်လေးတွေ ရှိတတ် ပါရောလား။
 
အဲ့ဒီ တိုက်က အိမ်သာမှာလည်း အဲ့ဒီလို အပေါက်လေး ရှိတယ်။ သူကြည့်နေတုန်း အချိန်မှာတင် အဲ့ဒီ အိမ်သာလေဝင်ပေါက်ထဲ ကနေ လက်ငါးချောင်း ထွက်လာပြီး သူ့ကို တာ့တာ ပြသလိုလို၊ ချဲဂဏန်းပေး သလို လိုထောင်ပြလိုက်တာလည်း မြင်လိုက်ရရော...
 
"အောင်မလေးဗျ" လို့ခေါ်ပြီး သူတို့ အိမ်ထဲကို လုံးနေအောင် ဝင်ပြေး သွားလိုက်တာများဗျာ အနောက် ကနေ ဟစ်တလာ လိုက်လာလို့ ပြေးလာသလား မှတ်ရလောက်တယ်။

              အဲ့ဒီ အိမ်ထဲမှာ ခလေးနှစ်ကောင်နဲ့တွေ့လာတဲ့ ကျွန်တော့် အစ်မ ရဲ့ အစ်ကို အရင်းလည်း တစ်ခါကြုံ လိုက်ရပါသေးတယ်။ သူ ကြုံလိုက်ရတာ ကတော့ ၂၀၁၀ ခုနှစ်လောက်တုန်းကဗျ။ အဲ့ဒီတုန်းက ညဘက်ကြီး သူ အရက်မူးပြီး ကျွန်တော်တို့ အိမ် ကို ရောက်ချလာတယ်။ သူမော့လာတဲ့ အရှိန်နဲ့ ဆိုတော့ ရှူရှူး ဖလားဝါး မယ် ဆိုပြီး အိမ်သာ နားကို သွားရော။ (သူတို့မောင်နှမတွေ က သူများ အိမ်ရောက်လာရင် အိမ်သာ ဝင်တတ် တဲ့ အကျင့်များ ရှိလား မပြောတတ်ပါဘူး။)
 
ယောက်ျားလေး ဆိုတော့ အိမ်သာထဲ မဝင်တော့ပဲ ထွက်ရပ်ပေါက်လမ်းစဉ်ကို လိုက်ပြီး ပန်းတော့ တာပဲ။ အဲ့ဒီ အချိန်မှာ ဘာရယ် မဟုတ်ပဲ သူ့ဘေး ဘယ်ညာ ကို ကြည့်မိရင်းက ဘေးအိမ် ရဲ့ခေါင်မိုးပေါ်ကို အကြည့်ရောက် သွားတော့ ဘာသွားတွေ့တယ် မှတ်တုန်း။ ခေါင်မိုးပေါ်ကနေ လူလုံး မသဲမကွဲ နဲ့ မည်းမည်း အရိပ်ကြီး တစ်ခု သူရှိတဲ့ ဘက်ကို မျက်နှာ လှည့်ပြီး ခုန်ဆွ ခုန်ဆွ လုပ်ပြနေတာသွားတွေ့တာ။
 
 ကျွန်တော့်အစ်ကို က နဂို ကတည်းက မကြောက်တတ်တဲ့ အပြင် အရက် ကလည်း မူးနေသေးတော့ မေတ္တာပို့ပေး လိုက်တယ်။ အရက်သမားမေတ္တာ ကို ခေါင်မိုးပေါ်က ပုဂ္ဂိုလ်က ဘယ်လို ခံယူလေ သလဲတော့ ကျွန်တော်လည်း မသိဘူး။ သူ့ ပါးစပ်က ရွတ်လို့ လည်းပြီးရော ချက်ချင်းပျောက် သွား ပါလေရောတဲ့ဗျို့။

         ကျွန်တော်တို့ အမျိုးထဲမှာ ဦးဇင်း ဦးသုန် ဆိုတာ ရှိတယ်ဗျ။ ဘွဲ့ နာမည် ကတော့ သုန္နရပါ။ သူက ငယ်ငယ် တုန်းက အရမ်း ဆိုးတာ။ အရက်လည်း အရမ်းသောက်တာလေ။ မိန်းမ ရပြီး ကလေးနှစ်ယောက် ရတဲ့ အချိန်အထိ ကို ဆိုးတုန်း။ ပေတုန်း။ အဲ့ဒါ နဲ့ သူ့ ကို ဦးဇင်းဝတ်ပေးမှပဲဖြစ်မယ် ဆိုပြီး ၀တ်ပေးလိုက်တာ ရာသက်ပန်ဖြစ်သွားတယ် ဆိုပါတော့။
 
မနှိုင်းစကောင်းနှိုင်းစကောင်း အင်္ဂုလိမာလ ကိုယ်တော် တို့လို လူစားမျိုး ထင်ပါ့။ သူ သာသနာ့ဘောင် ဝင် သွားပြီးနောက်ပိုင်း ကျွန်တော်တို့ အိမ်ကို ကြွလာတော့ မိန့်သွားတာက အဲ့ဒီ အိမ်ဘက် မှာ သိုက်နန်းရှိ သတဲ့ ဗျ။ အဲ့ဒါကြောင့် မို့လို့လည်း လူတွေ မနေနိုင်တာတဲ့။ နောက်ပြီး သူတို့ရှိနေမှန်း ကိုလည်း လူတွေသိအောင် ပြကြတာတဲ့။ 
 
ဟုတ်မယ် ဆိုရင်လည်း ဟုတ်လောက် ပါတယ်လေ။ အဲ့ဒီအိမ် ကိုပြောင်းလာတဲ့ မိသားစုတွေလည်း အဲ့ဒီ အိမ် မှာ မနေနိုင်ကြဘူး။ ခြောက်လှန့် လို့ မနေနိုင်ကြတာထက် ကံကြမ္မာကြောင့် မနေဖြစ်တဲ့ ပုံစံ အနေအထား မျိုးနဲ့ အဲ့ဒီ အိမ်မှာ မနေအားကြတာ။

             ဒီလို နဲ့ နွေရာသီရောက်စပြုလာတဲ့ အချိန်မှာ နောက်တစ်မျိုး ကြုံကြရပြန်ပါရော။ အိမ်မှာနေတဲ့ ကျွန်တော့်ဦးလေး တစ်ယောက် ကို အိပ်မက် ထဲမှာ "ငါတို့ ညည ဆို ရေဆာလို့ ရေလေး စီစဉ်ပေးပါ "ဆိုပြီး လာပြောသတဲ့။
 
မနက် မိုးလင်းတော့ အိမ်က လူတွေကို အသိပေးပြီး ရေအိုး တစ်လုံးမှာ ရေဖြည့်ပြီး ကျွန်တော်တို့ အိမ်နဲ့ သူတို့ အိမ်ကြားက အုတ်တံတိုင်းပေါ်မှာ တင်ထားပေးလိုက်တယ် ။ လူကြီးတွေ လုပ်နေတာ ကို ဘေး ကနေ ကြည့်နေရတဲ့ ကျွန်တော့် စိတ်ထဲမှာတော့ အဲ့ဒီ အိုးထဲကို အရက် ခပ်ပြင်းပြင်း နှစ် ပုလင်းလောက် သွားထည့် ပစ်လိုက်ချင်တာ။ 
 
သိုက်က ပုဂ္ဂိုလ်တွေ အရက် မူးလာရင် ဘယ်လိုများနေမှာပါလိမ့် ဆိုတာ သိချင် လို့လေ။ လုပ်တော့ မလုပ် ဖြစ် လိုက်ပါဘူး။ အဲ့ဒီလို မလုပ်ဖြစ်လိုက်တာကပဲ ကျွန်တော့် အတွက် ခပ်ကောင်းကောင်းဖြစ် သွားတယ်။ ဘာလို့လဲ ဆိုတော့ ညဘက်တွေ ဆိုရင် ကျွန်တော်တို့ အိမ်နှစ်လုံးကြား အုတ်တံတိုင်းပေါ်က ရေအိုးဆီ ကနေ တစ်ဂျစ်ဂျစ် နဲ့ ရေခပ်သောက်တဲ့ အသံတွေကြားရပြီး သွားကြည့်လိုက်ပြန်ရင် ဘာမှ မရှိဘူးဗျ။
 
ချောင်းကြည့်လိုက်ရင်လည်း အသံက တိတ်သွားတတ်တာ။ ပြီးတော့ ရေအိုး ကလည်းပေါက် မနေပဲနဲ့ အပြည့် ဖြည့်ထားတဲ့ဟာ နှစ်ရက်လောက်နေရင် အိုးထဲမှာရေ မရှိတော့ဘူး။ ကျွန်တော်တို့ မန္တလေး မှာ နွေရာသီ ဘယ်လောက်ပဲ ပူပူ ရေအိုး ထဲမှာ အပြည့်ဖြည့် ထားတဲ့ရေ က အိုး မပေါက်၊ ခပ် မသောက်ပဲ အငွေ့ပြန်တာနဲ့ တင် နှစ်ရက် အတွင်း ကုန်နိုင်ပါ့မလား စဉ်းစားစရာပဲ။ ဘယ်သူ ကရော အုတ်တံတိုင်းပေါ် တင်ထားတဲ့ ရေအိုးက ရေကို အပင်ပမ်းခံ၊ ည အိပ်ရေးပျက် ခံပြီး ညတိုင်း လာသောက်မှာတုန်းဗျာ။

         ကျွန်တော်ပြောချင်တာတွေလည်း ကုန်သလောက်တော့ ရှိပြီ။ ကျွန်တော် ကတော့ အဲ့ဒီ အိမ်နဲ့ ပတ် သက် ပြီး ခုထိ ထူးထူးဆန်းဆန်း ဘာမှတော့ ကိုယ်တိုင် မကြုံဖူးသေး သလို ကြုံလည်း ကြုံချင်ပါဘူး။ ငယ်ငယ်လေး တည်းက ကျူရှင် ကနေ အိမ်ပြန်လာတဲ့ အခါတွေကျရင် အဲ့ဒီ အိမ်ကို မကြည့်ရဲခဲ့တာ ခုချိန်ထိ ပါပဲ။ စာရိုက်နေရင်းနဲ့တောင် ကြက်သီး ထမိတယ်။
 
ညဥ့် နက်လာလေလေ ကိုယ့် အိမ်ထဲကို မြန်မြန် ဆန်ဆန် တန်းနေအောင် ဝင်တတ်တဲ့ အကျင့်ကောင်းလေး ရှိနေတာလည်း အဲ့ဒီ အိမ်ကြောင့်ပဲ လို့ပြောရင်တောင် ရလောက်တယ်။ တိုက်အိမ် ဆိုပေမယ့် သိုက် ရှိတယ် ဆိုတော့လည်း သိုက်အိမ် လို့တောင် အမည်ပြောင်းပေးလိုက်ချင်သား။  ဒါပေမယ့် မမြင် အပ်တဲ့ ပရလောက သားတွေ နဲ့ ပတ်သက် ရမှာကိုတော့ မလိုလားတာ အမှန်ပါခင်ဗျာ။

Written by ရွာတော်ရှင်  
 

No comments:

Post a Comment